ကဗျာ

သူရဲကောင်းတို့ တိုင်းပြည်

မောင်စိုးချိန်
မတ်လ ၂၊ ၂၀၁၄

 

 

ရုတ်တရက်  လျှပ်တပျက်
မေခွန်းလက်သီး အထိုးခံရ
မေခွန်းပျားတွေ အတုတ်ခံရ
အဆိပ်တက် နာကြင်ခဲ့။

 

ဘယ်တိုင်းပြည်ကလာသလဲ
အသင်တို့ ဘယ်နိုင်ငံကလဲ
ဗမာပြည်ကပဲ
ဗမာပြည်ကလာတယ်။

 

မေးသူတချို့ ပြုံးရိရိ
မေးသူတချို့ ရယ်မော့မော့
လှောင်ပြောင်သရော် ထေ့ငေါ့ငေါ့။

 

“အော်…..သိပြီ…… သိပြီ……”
လူ့ပေါက်ပန်းဈေး
ခွေးလေး ဂျပိုးတွေ အုပ်စိုးတဲ့တိုင်းပြည်
ကမ္ဘာကျော်တွေပဲ
ဘယ်လာမသိပဲ နေပါ့မလဲ”……တဲ့။

 

ဒီ ဗိုလ်ကျလွှမ်းမိုးသူတွေအောက်
ဒူးထောက်အညံ့ခံ
လူညံ့ လုအ လူ့ နလဘိန်းတုံး
သုံးစားမရတဲ့ ဗမာတွေ
မှိုချိုး မျှစ်ချိုး
အထင်သေး ချိုးနှိမ် သူတို့အကြည့်
ပြုံးစိစိ ရိသဲ့သဲ့ ထဲမှာတွေ့နေရ။

 

မျက်နှာ ဓါးနဲ့လှီးပစ်ချင်ရဲ့
ပူထူ မွှန်စပ် သိပ်ရှက်
အက်စစ်အပက်ခံရ
ချစ်လွန်းလှ ကိုယ့်တိုင်းပြည်လဲ
အကျည်းတန် အပုတ်နံ့စွဲ
တံတွေးခွက်ထဲ ပက်လက်။

 

“ဒီမှာမိတ်ဆွေ
ငါတို့နေတဲ့  ပြည်
သူရဲကောင်းတို့ တိုင်းပြည်ပဲ…….

 

မဟုတ်မခံ
တော်လှန်တဲ့ သူရဲကောင်းတွေ
ဖိရင်ကြွ ထိရင်ချ
တောက်ပတဲ့ အာဇာနည်တွေ
ကလိန်ကကျစ် ဓါးပြ သူခိုး
အုပ်စိုးသူကို
တိုက်ပွဲဝင်ရဲ အသက်ပေးလှူ
ကိုယ်ကျိုးစွန့် မြင့်မြတ်သူတွေ
ဗမာပြည်မှာနေတယ်။

 

ဗမာပြည်ဆိုတာ
တိုက်ပွဲပေါင်းများစွာထဲ
သွေးအသက်များနဲ့
သူရဲကောင်းတို့ တည်ဆောက်ထား
ခန့်ညားတဲ့ တိုင်းပြည်ပဲ
ဒါပါပဲ မိတ်ဆွေ”

 

ထေ့ငေါ့ငေါ့ကို
ခေါင်းမော့ ရင်ကော့ ဖြေခဲ့တယ်။
မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts