သမိုင်းတကွေ့မှ သခင်တင်မြ – အပိုင်း (၃)

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄

 

ဗကပ ဗဟိုဌာနချုပ်သည် ၁၉၅၅ ခုနှစ်လမ်းစဉ်အရ အခွင့်သာပါက ဥပဒေအတွင်းဝင်ရေး လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရေးကို ဦးနုသန့်ရှင်းဖဆပလ အစိုးရက လက်မခံသဖြင့် တဆင့်ခံထား၍ အစိုးရနှင့်ဆွေးနွေးရေးကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက တာဝန်ယူသည်။ ထို့ကြောင့် ၁၉၅၈ စက်တင်ဘာလတွင် ဗကပ ဌာနချုပ်မှ ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်) သည် ရန်ကုန်သို့ တိတ်တဆိတ် ရောက်လာသည်။ ဗိုလ်ရဲထွဋ်ရောက်ပြီး မကြာမီမှာပင် ဗကပကိုယ်စားလှယ် နိုင်ငံရေးဦးဆောင် အဖွဲ့ဝင် သခင်ချစ်လည်း ရန်ကုန်သို့ လျှိ့ဝှက်ရောက်ရှိလာသည်။ ထို့နောက် ၁၉၅၈ အောက်တိုဘာလ ၂၄ ရက်နေ့တွင်သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး(၈)ဦးကော်မတီနှင့် ပထမတွေ့ဆုံ၍ ဗိုလ်ရဲထွဋ်က ပေးစာတစ်စောင်ကို ဆရာကြီးထံ ပေးခဲ့သည်။ ယင်းစာသည် နောင်အခါတွင် ဗိုလ်ရဲထွဋ်၏ “၂ ချက်နှင့် ဝင်ရေးလမ်းစဉ်” ဟု အမည်တွင်ခဲ့သည်။ စာပါအကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်-

 

၁။ လက်ရှိကမ္ဘာ့အခြေအနေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အခြေအနေများအရ မြန်မာနိုင်ငံတွင် နယ်ချဲ့သမားနှင့် ဖောက်ပြန်ရေး သမား ငြိမ်း၊ဆွေတို့၏ လွတ်လပ်မှုဆုံးရှုံးရေး၊ ဒီမိုကရေစီ ဆိတ်သုဉ်းရေး လုပ်ကြံမှုအန္တရာယ်သည် တနေ့တခြားကြီးမားစွာ ရင်ဆိုင်လာရ သဖြင့် အရေးတကြီး ကာကွယ်ရန် လိုအပ်ပါသည်။

 

ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် တိုင်းပြည်၏ ဘေးအန္တရာယ်ကို အမျိုးသားညီညွတ်ရေးအားဖြင့် တားဆီးရန် လက်ရှိပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန် အပူတပြင်း တောင်းဆိုနေပါသည်။

 

ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းစစ်ရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ရန်အောက်ပါတင်ပြချက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကြီးမှူးသော ပြည်တွင်းငြိမ်း ချမ်းရေးအဖွဲ့မှတဆင့် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ပြည်သူလူ ထုအား လေးစားစွာ တင်ပြအပ်ပါသည်။

 

၂။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူတို့၏ တောင်းဆိုချက်အရ အစိုးရက ပြဋ္ဌာန်းထားသော သင်ပုန်းချေ လွတ်ငြိမ်းခွင့်နှင့် ပါတီတရားဝင် ထူထောင်ခွင့်ကို မူအားဖြင့် လက်ခံပါသည်။ ၎င်းအရ ဥပဒေအတွင်း ဝင်ရောက်၍ ဒီမိုကရေစီနည်းအရ တရားမျှတသော ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါသည်။ ဥပဒေအတွင်းသို့ဝင်ရောက်နိုင်ရန်နှင့်ရွေးကောက်ပွဲတွင်လွတ်လပ်စွာ ယှဉ်ပြိုင်ဝင်နိုင်ရန် အောက် ပါ အချက်များကို ကတိပြုဆောင်ရွက်စေလိုပါသည်။

 

(က) ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပတ်သက်၍ အကျဉ်းသမားများ အားလုံးကို လွှတ်ပေးရန်။

(ခ) လာမည့်ရွေးကောက်ပွဲတွင် ကွန်မြူနစ်ဝါဒကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ကွန်မြူနစ်ပါတီ အပါအဝင် မည်သည့် တရားဝင်ပါတီ အဖွဲ့အစည်းအဆို တန်းတူရည်တူ လုံးဝလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုရန်။

အထက်ပါအချက်များကို ကတိပြုချက် ခိုင်မာစွာ ရရှိလျှင် ဗမာပြည် ကွန်မြူနစ်ပါတီသည် –

(ကက) လက်နက်ခဲယမ်းများ အားလုံးကို ပြည်ထောင်စု အစိုးရသို့ လွှဲအပ်ပေးမည်။

(ခခ) လက်နက်ကိုင် တိုက်ပွဲမှ ဥပဒေတွင်း တိုက်ပွဲသို့ ကူးပြောင်း၍ ဥပဒေအတွင်း ဝင်ရောက်မည်။

 

(ဂဂ) ကန့်သတ်ထားသော အချိန်အတွင်း ဥပဒေအတွင်း ဝင်ရောက်မလာသော မိမိပါတီဝင်များကို အဆက်ဖြတ်မည်။ တဖက်နှင့်တဖက် ပြေလည်ရန် အာဃာတကင်းစွာ အထက်ပါ လုပ်ငန်းများကို အကောင်အထည်ဖော်ရန်နှင့် ဥပဒေအတွင်းသို့ ချောမောစွာဝင်နိုင်ရေး အ တွက် နှစ်ဖက်သဘောတူသည့် နေ့ရက်မှစ၍ အတိုက်အခိုက် ရပ်စဲရန်။

 

၃။ ဗမာပြည် ကွန်မြူနစ်ပါတီသည် နှစ်ဖက်ပြေလည်မှုဖြင့် ငြိမ်းချမ်းရေးရစေရန် တွေ့ဆုံဆွေးနွေးရေးကို အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ဦးနုအစိုးရက မလိုက်လျောခဲ့ပါက၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခွင့်ကိုလည်း လုံခြုံမှုအာမခံချက် မပေးခဲ့ပါ။ သို့ရာတွင် ဦးနုအစိုးရက တွေ့ခွင့်ပြုထားသေးသည့်အတွက် ဘေးအန္တရာယ်များလင့်ကစား ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှ မိန့်ကြားချက်များကို ကြားနာရင်း ကျွန်တော်တို့၏ အခက်အခဲများကိုလည်း ဖြေရှင်းနိုင်ရန် အထက်ပါအတိုင်း အဖြစ်နိုင်ဆုံး တင်ပြချက်ကို တင်ပြအပ်ပါသည်။

ထပ်မံရှင်းလင်းရန် လိုအပ်သေးသည်ထင်ပါက ဆရာကြီးတို့ထံမှ တဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ မေးမြန်းဖြေရှင်းနိုင်ပါသည်။

 

၎။ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် အထက်ဖေါ်ပြပါ သူမနာ ကိုယ်မနာ နှစ်ဖက်ပြေလည်မှု ရရှိစေမည့် ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ပေါ်အောင် အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်းကြပါရန် ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက် ပန်ကြားလိုက်ပါသည်။

(ပုံ) ရဲထွဋ်

ဗဟိုကော်မတီ ကိုယ်စားလှယ်

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။

 

ဗိုလ်ရဲထွဋ်၏ တင်ပြချက်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း သိရှိလိုက်နာရသည်နှင့် ငြိမ်းချမ်းရေး ရနိုင်ပြီ ဟူ၍ အားရဝမ်းသာ ဖြစ်သွားပြီးနောက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း တို့ထံသို့ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့လေသည်။

 

သို့သော် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုသည် ဖဆပလ ပါတီအတွင်း အကွဲအပြဲများကြောင့်လည်း ဗိုလ်ချုပ်ကြီး နေဝင်းအား အိမ်စောင့်အစိုးရအဖြစ် အာဏာလွှဲပြောင်းပေးရန် စီစဉ်နေချိန်ဖြစ်၍ တွေ့ဆုံခွင့် မရခဲ့ချေ။ ထို့အပြင် ၎င်းတို့သည် ဗိုလ်ရဲထွဋ်၏ “၂ ချက်နှင့် ဝင်ရေး လမ်းစဉ်” အပေါ်၌လည်း စိတ်ဝင်စားမှု မရှိခဲ့ချေ။ ထို့ကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် အရာမထင် ဖြစ်ခဲ့ရလေသည်။ ယင်းနောက် သခင်ချစ်နှင့် ဗိုလ်ရဲထွဋ်တို့လည်း ရန်ကုန်မှ ပဲခူးရိုးမရှိ တောတွင်းစခန်းသို့ ပြန်သွားခဲ့ရလေသည်။

 

၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာလအထိ သခင်တင်မြသည် ဗကပ ရန်ကုန်မြေအောက် စည်းရုံးရေးတွင် ဆက်လက် တာဝန်ယူခဲ့သည်။ ၁၉၆ဝ စက်တင်ဘာလတွင် ဗကပ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ပဲခူးတိုင်း နတ်တလင်းမြို့ အရှေ့ဘက် ရိုးမတောင်ပေါ်ရှိ ကရင်ဆင်စွယ်ရွာ အနီးတွင် ကျင်းပရန် စီစဉ်ထားသည်။သို့သော်အလယ်ပိုင်းတိုင်းစစ်ဌာနမှ ဗိုလ်မှူးချုပ်စိန်ဝင်းခေါင်းဆောင်သော စစ်ကြောင်းများသည် ပဲခူးရိုးမရှိ ဗကပ ဗဟိုဌာနချုပ်ကို တိုက်ခိုက်ရန် ချီတက်လာကြောင်း သတင်းရရှိ၍ ဗဟိုကော်မတီအစည်းအဝေး မဖြစ်တော့ဘဲ၊ လူစုခွဲ၍ ဗိုလ်ရဲထွဋ်၊ ကိုစိုးသန်း၊ ရဲဘော်ဘခက်၊ ကိုရောင်နီတို့နှင့်အတူ သခင်တင်မြသည် ရန်ကုန်သို့ လျှို့ဝှက် ပြန်ဝင်လာခဲ့ကြသည်။

 

 

သခင်တင်မြသည် ရန်ကုန်ရောက်၍ ရက်သတ္တတစ်ပတ်အကြာ ၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်း ခံရသည်။ လမ်းတွင် ထွက်ပြေးသဖြင့် သေနတ်ပစ်ခံရကာ ပေါင်တွင်သေနတ် ဒဏ်ရာရရှိခဲ့သည်။ ဗိုလ်ရဲထွဋ်နှင့် ကိုစိုးသန်း၊ ရဲဘော်ဘခက်၊ ကိုရောင်နီတို့ လွတ်မြောက်သွားသော်လည်း ကိုယ်ဝန်အရင့်အမာ ရှိနေသော သခင်တင်မြ၏ ဇနီးဖြစ်သူနှင့် ရဲဘော်အချို့ပါ အဖမ်းခံရသည်။ သခင်တင်မြ၏ နေအိမ်၌ ဗကပဌာနနှင့်ရခိုင်တိုင်းတို့ကို ဆက်သွယ်သော ကြိုးမဲ့ ကြေးနန်းစက်တို့ပါ သိမ်းဆည်းခံရသည်။

 

သခင်တင်မြအား ၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၉၆၂ နိုဝင်ဘာလအထိ ၂ နှစ်တိုင် ရန်ကုန်ဘောင်ဒရီလမ်း(ယခုဓမ္မစေတီလမ်း) စစ်ထောက်လှမ်းရေးအချုပ်တွင် အထိန်းသိမ်းခံခဲ့ရသည်။ သခင်တင်မြသည်ဘောင်ဒရီ စစ်ထောက်လှမ်းရေးအချုပ်တွင် အထိန်းသိမ်းခံနေရစဉ်အတွင်း ၎င်းပါဝင်ဆောင် ရွက်ခဲ့သော ကွန်မြူနစ်ပါတီလှုပ်ရှားမှုများကို ပြန်လည်သုံးသပ်ခဲ့ပြီး ကွန်မြူနစ်ပါတီ ချမှတ်ခဲ့သော နိုင်ငံရေးလမ်းစဉ် အပေါ်တွင် စိတ်ပျက်နေချိန်လည်း ဖြစ်သည်ဟု ဆိုသည်။

 

သခင်တင်မြသည် စစ်ထောက်လှမ်းရေး၏ အချုပ်ခံနေရစဉ်အတွင်း နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရက်ပေါင်း ၂ဝ အတွင်း နှစ်ပေါင်း ၂ဝ တိုင် သက်ဝင်ယုံကြည်ခဲ့သော ကွန်မြူနစ်ပါတီ၏ နိုင်ငံလွတ်လပ်ရေးအတွက် မှန်ကန်စွာဆောင်ရွက်ခဲ့သောအပိုင်း၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မှားယွင်းသောလမ်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့သော အပိုင်းများကို ပြန်လည်သုံးသပ်မိပြီး ၎င်းတို့၏ အမှားကို ပြန်လည်သုံးသပ်သည့် စာတမ်းကို ရေးသား၍ ၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ဘောင်ဒရီ စစ်ထောက်လှမ်းရေး အချုပ်ခန်းမှ တဆင့် နုတ်ထွက်လိုက်သည်။

 

သူ၏ “ဗမာပြည် ကွန်မြူနစ်ပါတီမှ ဘာကြောင့် နုတ်ထွက်ရသလဲ” အမည်ပေးထားသော စာတမ်းကို အလျင်းသင့်၍ ဤနေရာ၌ ထပ်မံဖော်ပြလိုပါသည်။

 

● ဗမာပြည်ကွန်မြူနစ်ပါတီမှ ဘာကြောင့် နုတ်ထွက်ရသလဲ

ကျွန်တော်သည် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီ တစ်ယောက်အဖြစ်ဖြင့် ရန်ကုန်မြို့တော်တွင် လျှို့ဝှက်စည်းရုံးရေးလုပ်ငန်း တာဝန်ထမ်းဆောင်နေရင်း ၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့ညတွင် စစ်ဘက်စုံထောက်ဌာန၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။

 

ထိုသို့ ဖမ်းဆီးခြင်းခံရပြီး အချုပ်ခံနေရစဉ်အတွင်း နိုဝင်ဘာလ ၁၅ ရက်မှစ၍ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရက်ပေါင်း ၂ဝ အတွင်း နှစ်ပေါင်း ၂ဝ တိုင်တိုင် သက်ဝင်ယုံကြည်စွာဖြင့် မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဝါဒလမ်းစဉ်များနှင့် လုပ်ငန်းအရပ်ရပ်ကို  ပြန်လည် သုံးသပ်ခဲ့သည်။

 

ဤသို့ပြန်လည်သုံးသပ်ပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဝါဒလမ်းစဉ်များကို သက်ဝင်ယုံကြည်ခြင်း မရှိတော့၊ လိုက်နာဆောင် ရွက်နိုင်ခြင်းလည်း မရှိတော့သဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအဖြစ်မှ လည်းကောင်း၊ ပါတီဝင်အဖြစ်မှလည်းကောင်း လုံးဝနုတ်ထွက်လိုက်ရန် ၁၉၆ဝ ဒီဇင်ဘာလ ၄ရက်နေ့တွင် ဆုံးဖြတ်လိုက်လေသည်။

 

ကျွန်တော်သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ဤသို့ လုံးဝနုတ်ထွက်ပြီးဖြစ်၍ နောင်အဖို့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဝါဒလမ်းစဉ်လုပ်ငန်း အရပ်ရပ်ဖြင့် မည်သို့မျှ သက်ဆိုင်ခြင်း ရှိလိမ့်မည်မဟုတ်ပါ။

 

● ကိုယ်ပိုင်ယုံကြည်ချက်

ကျွန်တော်သည် ကွန်မြူနစ်လှုပ်ရှားမှုနှင့် ကွန်မြူနစ်ပါတီသို့ ဝင်ရောက်လာခြင်းမှာ မည်သူ၏ ပယောဂ ၊ မည်သူ၏တိုက်တွန်းမှုမျှမပါဘဲ၊ ကျွန်တော်၏ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ဖြစ်ခဲ့သလို၊ မိမိကိုယ်တိုင် အနှစ် ၂ဝ လုံးလုံး ယုံကြည်သက်ဝင်၍ ပါဝင်ဆောင်ရွက်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီမှ ယခုကဲ့သို့ လုံးဝနုတ်ထွက်ခဲ့ခြင်းမှာလည်း မည်သူတစ်ဦးတစ်ယောက်၏ ပယောဂနှင့် တိုက်တွန်းမှုမျှမပါ။ မိမိ၏ ကိုယ်ပိုင်သဘောထားနှင့် ဆန္ဒအရသာ ဖြစ်လေသည်။

 

ကျွန်တော်ကွန်မြူနစ်ပါတီမှ နုတ်ထွက်ခြင်းမှာ ဖမ်းဆီးချုပ်နှောင်ခံနေရစဉ် ဖြစ်သဖြင့် အာဏာပိုင်များ၏ အကျပ်ကိုင်မှု၊ သို့မဟုတ် ဆွဲဆောင်မှုကြောင့်ဟု အချို့က ထင်ကောင်းထင်ပေမည်။ ကျွန်တော် အဖမ်းခံရစဉ်က ထွက်ပြေးရန် ကြိုးစားခဲ့သည်မှာလည်း လွတ်လိုလွတ်ငြား အညှဉ်းဆဲမခံလို၊ သေလိုက သေစေ ဟူသော ထင်မြင်ချက်ကြောင့်ပင် ဖြစ်လေသည်။

 

အဖမ်းခံရပြီးနောက် ကျွန်တော့်အားချုပ်နှောင်ထားသည့် အခါတွင်ကားကျွန်တော်၏မူလ ထင်မြင် ချက်မှာ ပါစင်အောင် လွဲခဲ့သည်။

 

ကွန်မြူနစ်ပါတီကိုသက်ဝင်ယုံကြည်ခြင်းအကြောင်းမှာ တိုင်းပြည်သူ့ကျွန်ဘဝမှ လွတ်မြောက် စေရေးတွင် ကွန်မြူနစ်ဝါဒနှင့် ပါတီသည် သာ အကောင်းဆုံး ဝါဒနှင့် ပါတီဟူ၍ ယုံကြည်ခဲ့သည်။

 

ကျွန်တော့်အား အရေးကြီးဆုံးသော တရားခံအဖြစ် လွတ်မြောက်မသွားစေရန် အထူးသတိရှိစွာ စောင့်ကြည့်ချုပ်နှောင်ထားသည်မှတပါးကျွန်တော့အားလူကြီးလူကောင်း တစ်ယောက်အဖြစ် အာဏာပိုင်များက ဆက်ဆံပြုမူပြီး ကျွန်တော်ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ဖမ်း၍ ရရှိခဲ့သော ပေါင်မှ သေနတ် ဒဏ်ရာကိုပင် အမြန်ပျောက်ကင်းအောင် ကုသပေးခဲ့သည်။ စော်ကားခြင်း၊ ဆဲရေးခြင်း၊ ရိုက်နှက်ခြိမ်းချောက်ခြင်း တို့ကိုလည်း လုံးဝပြုလုပ်ခြင်း မရှိ။ အတင်းအကျပ် စစ်ဆေးခြင်းပင် မပြုခဲ့ပေ။ ထိုသို့ မပြုခဲ့သလိုပင် ကျွန်တော်အား ကျွန်တော်၏ ယုံကြည်ချက်ကို စွန့်လွှတ်စေရန် ချော့မြူသွေးဆောင်ခြင်းလည်း လုံးဝ မပြုလုပ်ကြပေ။

 

ထိုကြောင့် ကျွန်တော် ကွန်မြူနစ်ပါတီမှ နုတ်ထွက်ခဲ့ခြင်းမှာ ချုပ်နှောင်ခံနေရစဉ် ဖြစ်စေကာမူ အာဏာပိုင်များ၏ ပယောဂ လုံးဝကင်းစင်ပြီး ကျွန်တော်၏ ကိုယ်ပိုင်ခံယူချက်အရသာ ဖြစ်ကြောင်း အထက်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။

ဘာကြောင့် နုတ်ထွက်ခဲ့ရသလဲ

 

ကျွန်တော်သည် ၁၉၄ဝ ပြည့်နှစ် အင်းစိန်ထောင်အတွင်းတွင် ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့၏။ ကျွန်တော်၏ နိုင်ငံရေးသက်မှာ ၂၂ နှစ်ရှိပြီး ကွန်မြူနစ်ပါတီဝင်၏ သက်တမ်းမှာ အနှစ် ၂ဝ ရှိခဲ့သည်။

 

ပါတီဝင်သက်တမ်း နှစ်ပေါင်း ၂ဝ အတွင်း ကွန်မြူနစ်ဝါဒနှင့် ကွန်မြူနစ်ပါတီ၏ အကျိုးအတွက် အောက်ခြေသိမ်း လုပ်ငန်းမှစ၍ ကျရာတာဝန်ကို အားတက်သရော ဆောင်ရွက်ခဲ့လေသည်။ ကွန်မြူနစ်ဝါဒနှင့် ကွန်မြူနစ်ပါတီအပေါ်တွင် သံသယကင်းစွာ နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ခဲ့သည်။ မိမိ၏ ဘဝတစ်သက်တာ ပတ်လုံး ကွန်ြမူနစ်ပါတီအတွက်သာ ပြုမူဆောင်ရွက်၍၊ မိမိ၏ အသက်ကို ကွန်မြူနစ်ပါတီသို့ အပ်နှံထားမည်ဟု ဆုံးဖြတ်ခဲ့သည်။

 

ဤဆုံးဖြတ်ချက်အရပင် ကွန်မြူနစ်ပါတီ၏ တာဝန်များကို ထမ်းဆောင်ရင်း အသက်ဆံဖျား စွန့်စားမှုများပြုခဲ့သည်။ ထောင်ကိုလည်းမကြောက်၊ ဂျပန်ဖက်ဆစ်တို့၏ လှံစွပ်ကိုလည်းမထီ၊ လက်ရှိပြည် တွင်းစစ်တွင် သာယာဝတီ ထောင်အတွင်း ညှဉ်းပန်းနှိပ် စက်မှု များကိုလည်း မမှု၊ ဂျပန်တော်လှန်ရေးတွင် ရန်သူ၏ ကျည်ဆန်ကိုလည်းမရွံ့ခဲ့ဘဲ၊အခက်အခဲအကျပ်အတည်းအမျိုးမျိုးကို ရင်ဆိုင်၍ ကွန်မြူနစ်ပါတီအတွက် ကြိုးပမ်းခဲ့သည်။ဤသို့ကြိုးပမ်းသဖြင့်လည်းကျွန်တော်၏တကိုယ်လုံးတွင် သေနတ်ဒဏ်ရာ ၊ လက်ပစ်ဗုံး ဒဏ်ရာ၊ တုတ်ဒဏ်ရာတို့ဖြင့် ပြည့်လျက် ရှိသည်။

 

ကျွန်တော့်တွင် ကိုယ်ကျိုးစီးပွားဟူ၍ ဘာမျှမရှိခဲ့၊ ဇနီးသားသမီးများအတွက်ပင် ငဲ့ကွက်ခြင်းမပြုခဲ့၊ ကျရာတာဝန်ကိုသာ သွေဖည် ရှောင်လွှဲခြင်းမရှိ ထမ်းဆောင်ခဲ့သည်။

 

အနှစ် ၂ဝ တိုင် ဤမျှယုံကြည်မှု ပြင်းစွာဖြင့် အသက်သံဖျား စွန့်စား၍ ဘေးဒုက္ခအကျပ်အတည်း အမျိုးမျိုးကိုဂရုမပြုဘဲ ကိုယ်ကျိုးကိုယ့်စီးပွားကိုစွန့်လွှတ်၍ကွန်မြူနစ်ဝါဒနှင့်ကွန်မြူနစ်ပါတီအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါလျက် ယနေ့ကျခါမှ မိမိကိုးစားယုံကြည်ခဲ့သည့် ကွန်မြူနစ်ပါတီမှ ဤသို့ ပစ်ပစ်ခါခါ ဘာကြောင့် နုတ်ထွက်ခဲ့ရပါသနည်း။

 

ကျွန်တော်သည် ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့စဉ်က ကွန်မြူနစ်ပါတီသည် တမျိုးသားလုံး မလွတ်လပ်မီက အမျိုးသားလွတ်မြောက်ရေးကို ရယူပေးနိုင်လိမ့်မည်။ ပြည်သူလူထုအဖို့ ဘဝလွတ်မြောက်ရေး ရရှိခဲ့ပါက လွတ်မြောက်သောဘဝသို့ ပို့ဆောင်ပေးနိုင်လိမ့်မည်။ အချယ်လှယ်ခံ လူတန်းစားတို့အတွက် ဆိုရှယ်လစ်ခေတ်မှသည် ကွန်မြူနစ်ခေတ်သို့တိုင်အောင် တဆင့်ပြီးတဆင့် မှန်ကန်သောဝါဒ လမ်းစဉ်များ ချမှတ် ရှေ့ဆောင်၍ အခက်အခဲများကြားမှ မှန်ကန်စွာ ခေါင်းဆောင်သွားနိုင်လိမ့်မည် ဟူသော ယုံကြည်ချက် ရှိခဲ့လေသည်။

 

ကွန်မြူနစ်ပါတီတွင် ရှေ့ဆောင်နေသော ခေါင်းဆောင်များသည် မြန်မာပြည်ရှိ နိုင်ငံရေးလောကတွင် နိုင်ငံရေးအရ အယူဝါဒရေးအရ အတွေးအခေါ်များတွင် အတော်ဆုံး ၊ စည်းရုံးရေး လုပ်ငန်းများတွင် အတော်ဆုံး ဖြစ်ကြသည်။ သို့ကြောင့် မိမိတို့ ရည်မှန်းရာ ပန်းတိုင်သို့ ချီတက်ရာတွင် ကြီးမားသော အမှားအယွင်းများကို ရှောင်ကွင်း၍ မှားယွင်းချွတ်ချော်မှု နည်းပါးစွာဖြင့် ရှေ့ဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

 

အမှားအယွင်း ဟူ၍ လုံးဝမရှိစေရဟု မဆိုလိုပါ။ “အမှားမလုပ်မိဘူးသူသည် အလုပ်မလုပ်ဘူးသူသာ ဖြစ်သည်။ အမှားများကို ကျူးလွန်ခဲ့စေကာမူ လျင်မြန်စွာ ပြန်လည်ပြင်ဆင်နိုင်စွမ်း ရှိရမည်။ မိမိကျူးလွန်ခဲ့သော အမှားကို ပြန်လည်ပြင်ဆင်နိုင်စွမ်း မရှိသူသည် ကွန်မြူနစ်ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပေ” ဟူသော လီနင်၏ သင်ကြားချက်ကိုလည်း ခံယူထားသူဖြစ်သည်။ သို့ရာတွင် မှားပြီးရင်းမှားရင်းဖြစ်နေသော အမှားသံသရာ လည်နေသည့်အဖြစ်မှာ ယနေ့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခြေအနေပင် ဖြစ်ပေသည်။

 

ဤသို့ အမှားများ ထပ်တလဲလဲ ကျူးလွန်ခဲ့ကြသော မိမိတို့ မှားယွင်းခဲ့သော အမှားများကို သင်ခန်းစာ ယူ၍ ပြန်လည်ပြင်ဆင်နိုင်စွမ်း မရှိခဲ့ကြသော ကျွန်တော်အပါအဝင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုကြောင့်ပင်  ပါတီသို့ ဝင်ရောက်ခါစက ကျွန်တော်မျှော်မှန်းခဲ့သော ရည်မှန်းချက် အခြေအနေနှင့် လက်ရှိအဖြစ်အပျက်များမှာ မိုးနှင့်မြေပမာ ကွာခြားနေပေသည်။

 

ကွန်မြူနစ်ပါတီသည်အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ဂျပန်နယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ခေါင်းဆောင်ပါဝင်ခဲ့သော အခန်းများမှလွဲ၍ ထိုနောက်ပိုင်းတွင် ဆောင်ရွက်ခဲ့သမျှသော လုပ်ငန်းများ၌ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေးဆိုင်ရာ အမှားများကိုသာ ထပ်တလဲလဲ ကျူးလွန်ခဲ့ကြသည်။

 

ဤသို့သော အမှားများကြောင့်ပင် အမှားများကို ပြင်ဆင်နိုင်စွမ်းမရှိသော အရည်အချင်းမဲ့နေမှုကြောင့် ပင်လျှင် ကွန်မြူနစ်ပါတီသည် အတော်အတန် အင်အားကြီးမားခဲ့ရာမှ တနေ့တခြား အင်အား နည်းပါးခဲ့ရသည်။

 

ပြည်သူလူထုအတွင်း ကွန်မြူနစ်ဝါဒနှင့် ကွန်မြူနစ်ပါတီ၏ အရှိန်သြဇာအတော်အသင့် ပြန့်နှံ့ခဲ့ရာမှ တဖြည်းဖြည်း အရှိန်သြဇာများ လျော့ပါးခဲ့ရသည်။

 

ပါတီသည် တိုက်ပွဲအတွင်း ထုသားပေသား ရလာရမည့်အစား၊ ပျော့ညံ့အစည်းပြေလာရသည်။ ပြည်သူလူထုအတွက် အောင်မြင်မှု အကျိုးစီးပွားများ ရရှိလာရမည့်အစား၊ ပြည်သူလူထု၏ အကျိုးစီးပွားများ ဆုတ်ယုတ်ပျက်ပြား၍ ဆုံးရှုံးနစ်နာခဲ့ရသည်။ ပြည်သူလူထုနှင့် ဆက်သွယ်မှု ပိုမိုရရှိ၊ လူထုထောက်ခံမှု ပိုမိုကျယ်ပြန့်လာရမည့်အစား မူလရရှိခဲ့သော လူထုထောက်ခံမှုသည်ပင် ပျက်ပြားဆုံးပါးခဲ့ရသည်။

ကွန်မြူနစ်ပါတီ ညီညွတ်ရေးအတွက် ကြိုးစားရင်းပင် ပို၍ မညီမညွတ် ဖြစ်လာခဲ့ရသည်။ ကွန်မြူနစ် ဝါဒကို ယုံကြည်ပါသည်ဆိုသော ပါတီများ၊ ဂိုဏ်းအစုများ ပို၍ ကွဲပြားပေါ်ပေါက်ခဲ့ရသည်။

 

ကွန်မြူနစ်ပါတီ၏ လမ်းစဉ်ဆိုင်ရာ အမှားများကြောင့် အထက်ဖော်ပြခဲ့သော ဆိုးရွားသည့် ရလဒ်များကို ယနေ့ရရှီ ရင်ဆိုင်နေရပေသည်။ ဤအခြေအနေဆိုးများသို့ ရောက်ရှိလာစေသော ခေါင်းဆောင်မှု၏ အမှားများတွင် ကျွန်တော်ကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ခြင်းမရှိ ဟူ၍ ငြင်းကွယ်လိုသော သဘောအလျင်း မရှိပါ။ အနှစ် ၂ဝ အတွင်း ကွန်မြူနစ်ပါတီ၏ လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသော ကောင်းကျိုး ဆိုးကျိုးမှန်သမျှတွင် ကျွန်တော်တာဝန်ယူ ထမ်းဆောင်ခဲ့ရသော အခန်းများနှင့် ပတ်သက်၍ ကျွန်တော့်တွင် တာဝန်ရှိသည်သာ ဖြစ်သည်။

 

ကျွန်တော်သည် ထူးချွန်သော သဘောတရားရေးတွင် အားကောင်းသော ခေါင်းဆောင်ကား မဟုတ်ပါ။ ကွန်မြူနစ်ပါတီ၏ အများစု ဆုံးဖြတ်ချက်နှင့် ထိပ်ဆုံးခေါင်းဆောင်ပိုင်းတို့က ချမှတ်ဆုံးဖြတ်သော လုပ်ငန်း တာဝန်များကို လက်တွေ့လုပ်ငန်းများအရ ကျရာမှ တာဝန်ယူထမ်းဆောင်ခဲ့သူသာ ဖြစ်ပါသည်။

 

ကျွန်တော်သည်ခေါင်းဆောင်ကောင်းကိုမျှော်ကိုးခဲ့၏။ အားထားခဲ့၏။ သခင်စိုး၊ သခင်သန်းထွန်းတို့အား ကျွန်တော်၏ ခေါင်းဆောင်ကောင်းများအဖြစ် ယုံကြည်အားထားခဲ့၏

(ဆက်လက်ဖော်ပြပါမည်)