ဒေါက်တာမောင်မောင်ရဲ့ စာအုပ်နဲ့ ခင်ညွန့်ရဲ့ အင်တာဗျူးများက ပြောတဲ့ သူတို့သဘောထားတွေ အယူအဆတွေအရက အနှစ်ချုပ်လိုက်ရင် သူတို့အာဏာရတွေ၊ အာဏာရှင်တွေဟာ အလွန်အကျူးကို အာဃာတကြီးတာပဲလို့ ပြောရမှာပဲ။ သူတို့ရဲ့ လုပ်ရပ်တွေ၊ သဘောထားတွေ၊ ရပ်တည်ချက်တွေကို စိန်ခေါ်တဲ့ လက်နက်မဲ့ပြည်သူလူထုတွေ၊ အတိုက်အခံတွေ၊ အတိုက်အခံခေါင်းဆောင်တွေကို သူတို့တွေက အတော်ကို မခံမရပ်နိုင်ဖြစ်ခဲ့ကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ သူတို့(စေတနာ၊ အနစ်နာ၊ စွန့်လွှတ်စွန့်စားမှုတွေ) ကို စော်ကားလေခြင်း၊ ခြိမ်းခြောက်လေခြင်း၊ အန္တရာယ်ပေးလေခြင်းရယ်လို့ သူတို့တတွေက ပြန်ပြီး အရေးယူရတယ်၊ လက်တုန့်ပြန်ရတယ်၊ ဆုံးမပညာပေး လိုက်ရတယ်လို့ သူတို့တွေက တသက်လုံး သေရာညောင်စောင်းအထိကို မမှိတ်မသုံ ဆွဲကိုင်သွားတယ်ဆိုတာကို တွေ့ရပါတယ်။
မဆလပါတီ အာဏာရှင် (ဦး)နေ၀င်းက ‘ဆန္ဒပြသူတွေကို တပ်ကပစ်ရင် တည့်တည့်ပစ်တယ်’လို့ ပြောခဲ့တာကို ဒေါက်တာမောင်မောင်က တရားမျှတမှုရှိတဲ့ စကားဖြစ်တယ်လို့ သူ့စာထဲမှာ ရေးပါတယ်။ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေကို သူတို့တတွေက ဒီလိုအရေးယူရမှာပဲဆိုပြီးတော့ သဘောထားပါတယ်။ ပါတီစုံပေးပါ့မယ်၊ ဆန္ဒခံယူပွဲတွေ လုပ်ပေးပါ့မယ်၊ ကျောင်းသားသမဂ္ဂ ပြန်ဆောက်ပေးပါ့မယ်၊ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးပါ့မယ်လို့ အကြိမ်ကြိမ်ပြောတဲ့ကြားထဲက ဆူပူဆန္ဒပြသူတွေ၊ အာဏာပါဝါမက်သူတွေ ဟာ ရပ်တန်းက မရပ်ကြလို့ သူတို့ပါတီကလည်း မတတ်နိုင်တော့တဲ့အဆုံး ‘လက်ပါ’ ရတော့တဲ့အတွက် တပ်မတော်က အာဏာသိမ်းလိုက် ရတယ်လို့ သူက စီရင်ချက်ချလိုက်တာပဲ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေထဲက သူတို့နဲ့ ခေတ်ပြိုင်နဲ့ နောက်ပေါက်လာတဲ့ နိုင်ငံရေးသမားတွေ၊ စာပေနဲ့ သတင်းစာသမားတွေ၊ အတိုက်အခံခေါင်းဆောင်တွေ၊ အလုပ်သမားလယ်သမား ခေါင်းဆောင်ဟောင်းတွေ၊ တပ်မတော်ခေါင်း ဆောင်ဟောင်းတွေကို လက်နက်ချတွေ၊ ကွန်မြူနစ်တွေ၊ အလံနီတွေ၊ ခွဲထွက်ရေးသမားတွေ၊ မြေအောက်အကြမ်းဖက်တွေ၊ အာဏာမက်သူတွေ၊ ဘက်ပြောင်းတဲ့သူတွေ စသည်ဖြင့် အမျိုးမျိုးသော တံဆိပ်တွေ ကပ်ပြီးတော့ ရှုပ်ချ သရော်ထားတာကို တွေ့ရပါတယ်။ နောက်ဆုံးမှာ တိုင်းပြည်ဟာ ထိန်းသိမ်းလို့မရတော့တဲ့ အခြေအနေဖြစ်လာတယ်၊ တပ်မတော်ကိုပါ အကြမ်းဖက် ရန်စမှုတွေ ဖြစ်လာနေတာကြောင့် တပ်မတော်က အာဏာသိမ်းရတယ်၊ လိုအပ်တဲ့ ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ရတယ်၊ အဲသည်ထဲမှာ ပစ်ခတ်တဲ့တပ်မတော်ဖက်ကတောင် သင်ကန်းဝတ် ရဟန်းဆိုသူတွေက ပါကြတယ်လို့တောင် ရေးထားပါသေးတယ်။ မြန်မာနိုင်ငံသမိုင်းက တပ်မတော်အာဏာသိမ်းမှု အဆက်ဆက်ဟာ တရားမျှတယ်၊ လိုအပ်ချက်ဖြစ်တယ်ဆိုတာကို ဒေါက်တာမောင်မောင်က အမြဲရေးပါတယ်။ သူတို့ကို အတိုက်အခံလုပ်တဲ့သူတွေကို သွေးဆာနေသူတွေ၊ အခွင့်အရေးသမားတွေ၊ အာဏာမက်သူတွေ၊ ခွဲထွက်လိုသူတွေ၊ ကွန်မြူနစ်အစွန်းရောက်တွေအဖြစ် အမြဲပုံဖော်ခဲ့ပါတယ်။ သည်တော့ ဒေါက်တာမောင်မောင်ပြောတဲ့ မဆလအာဏာရှင်တွေရဲ့ ပုံပြင်မှာ သူတို့နဲ့မတူကွဲပြားတဲ့ အခြားတဖက်ကသူတွေ အဖွဲ့တွေ အကုန်လုံးအပေါ်မှာ အာဃာတတရား၊ မုန်းတီးမှု၊ ရွံရှာမှုကို မဖုံးနိုင် မဖိနိုင်တွေ့ရတယ်လို့ ဆိုချင်ပါတယ်။
နောက်တအုပ်ကတော့ (ဦး)ခင်ညွန့်နဲ့ မြတ်ခိုင်ရဲ့ အင်တာဗျူးစာအုပ်ဖြစ်ပါတယ်။ ခင်ညွန့်ရဲ့အဆိုကတော့ ခေါင်းဆောင်ကြီးတွေ တာဝန်ရှိသူတွေက ခိုင်းစေတဲ့အတိုင်း သူဟာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရသူဆိုပြီး အသနားခံသလို လေသံနဲ့ ပြောနေပေမယ့် အာဏာသိမ်းတဲ့ဆီမှာတော့ သူကိုယ်တိုင် အခြားဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်ပင် ဆွေးနွေး စီစဉ်ဆောင်ရွက်ခဲ့ရတယ်ဆိုတာကို ၀န်ခံထားတာ တွေ့ရပါတယ်။ ဦးနေ၀င်းကို သွားရောက် ပြောဆို တိုက်တွန်းတယ်၊ ဦးနေ၀င်းက လက်ရှိအာဏာရ မဆလပါတီခေါင်းဆောင်တွေကို ကျော်ပြီး တပ်မတော်က သူ့ကို လာတိုင်ပင်လို့ ပြန်လည် စိစစ်ပြီး အားလုံး (INCLUSIVE) ပါဝင်တဲ့ အသိပေးမှုတွေလုပ်ကိုင်ပြီး တပ်ကနေ နိုင်ငံတော်ကို ကယ်တင်လိုက်တယ်၊ အာဏာသိမ်းလိုက်ကြတယ်လို့ ပြောဆိုထားတာကို တွေ့နိုင်ပါတယ်။ အဲသည်မှာလည်း ခင်ညွန့်ကိုယ် တိုင်ကလည်း ၈၈ အရေးအခင်းမှာ ‘မလိုလားအပ်တဲ့’ အုပ်စုတွေ၊ အင်အားတွေက အရေးအခင်းကို အကြမ်းဖက်မှုတွေ၊ အမြတ်ထုတ်မှုတွေ၊ အာဏာမက်မှုတွေ ခြိမ်းခြောက်လာလို့ သူတို့ လုပ်ရတာဖြစ်တယ်လို့ (JUSTIFIED) တရားသဖြင့်စီရင်ချက်ချမှု ပြုထားပါတယ်။
သူတို့ ၂ ဦးရဲ့ ထပ်တူညီမှုကတော့ အတိုက်အခံလုပ်တဲ့သူတွေအပေါ် အားလုံးကို အာဃာတ ထားရှိမှုပါပဲ။ အဲသည်အတွက် အာဏာ သိမ်းစဉ်ကလည်း လက်နက်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့ကြတယ်။ လမ်းပေါ်တင်မှာ နှိမ်နင်းရုံတင်သာမက ထွက်ပြေးတိမ်းရှောင်သူတွေ၊ ၀န်ထမ်းတွေ၊ မိသားစုတွေ၊ ကျောင်းသားလူငယ်တွေ၊ သက်ကြီးရွယ်အို လူကြီးသူမတွေ လူထု လူတန်းစား အားလုံးကို ကွန်မြူနစ်တွေ၊ ကိုလိုနီလက်သစ်တွေ၊ အကြမ်းဖက်သမားတွေ၊ အားပေးကူညီသူတွေအဖြစ် တံဆိပ်မျိုးစုံကပ်ပြီးတော့ ရက်ရက်စက်စက် လိုက်လံဖမ်းဆီး၊ နှိပ်စက် ညှင်းပန်း၊ အကျဉ်းချ၊ နည်းမျိုးစုံနဲ့ နှစ်ပေါင်းများစွာ ချေမှုန်းပစ်ခဲ့ကြပါတယ်။ ဒါတွေက သူတို့တွေဖက်က အာဃာတတွေ မရှိဘဲနဲ့ ဘယ်လို အခြားသောအကြောင်းအရင်းခံနဲ့ လုပ်ရက်ခဲ့ကြသလဲ၊ ရက်စက်နိုင်ခဲ့ကြသလဲဆိုတာ တွေးကြည့်လို့မရပါဘူး။ ရွေးကောက်ပွဲကို လုပ်ပေးခဲ့တယ်ဆိုရအောင်ကလည်း အဖမ်းအဆီး အနှိပ်အကွပ် အကြမ်းဖက်မှုတွေဟာ နေရာတိုင်း အချိန်တိုင်း လူတိုင်းဆီမှာ ဖြစ်ပွားခံစားခဲ့ကြရတာပါ။ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ စေတနာ၊ မေတ္တာ၊ ဂရုဏာထားတယ်ဆိုရင် (အာဃာတ မထားဘူးသာဆိုရင်) ဒီလိုမျိုး ထောင်ပေါင်းများစွာသော နိုင်ငံသားတွေအပေါ်မှာ ရက်စက်စွာ နှိမ်နင်း ဖိနှိပ် ဖျက်စီးရက်ပါ့မလား၊ ရဲပါ့မလား။
လူမဆန်တဲ့ ပြစ်မှုတွေကို အာဏာရှင်တွေ၊ သူတို့အသိုင်းအ၀ိုင်းတွေက (သည်အာဃာတတွေနဲ့) ကျုးလွန်ခဲ့ကြတယ်လို့ ဘာကို သက်သေထားပြီး ပြောနိုင်ရသလဲဆိုတော့ … ၂၀၁၀ နောက်ပိုင်းမှာ အပြိုင်းအရိုင်းပေါ်လာတဲ့ သမိုင်းရဲ့ အရိုးတွန်သံတွေကြောင့်ပါ။ နှစ်ပေါင်းများစွာ အကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သူတို့ရဲ့ အတွေ့အကြုံခံစားချက်တွေ ကို သူတို့ရဲ့ ‘ထောင်စာအုပ်၊ ထောင်မှတ်တမ်း’ တွေကနေ ပကတိအတိုင်း အမှန်အတိုင်း ထုတ်ဖော်ရေးသားလိုက်ကြလို့ပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေမပြောပါနဲ့ဦး … အာဏာရှင်တွေရဲ့ လက်ပါးစေတွေ၊ နောက်လိုက်တွေ၊ ထောက်လှမ်းရေးတွေ၊ ပါးကွက်သားတွေ၊ အလိုတော်ရိ တရားရုံး၊ ထောင်၊ လက်နက်ကိုင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုတွေအပေါ်မှာ လူမဆန်စွာ ရက်စက်စွာ နှိပ်စက် ညှင်းပန်း နင်းချေ ဖျက်ဆီးခဲ့ကြတယ်ဆိုတာကို အကွင်းလိုက် အကွင်းလိုက် မြင်တွေ့ ဖတ်ရှု သိရှိကြရလို့ပါပဲ။
နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီး ထောင်ချခြင်း ခံရတဲ့ မြန်မာပြည်သူတွေအားလုံးဟာ အကျဉ်းထောင်တွေထဲမှာ အာဏာရှင်တွေရဲ့ အလိုတော်ရိတွေ ၀န်ထမ်းတွေရဲ့ စိတ်တိုင်းကျ အတားအဆီးမဲ့ အဓမ္မကျင့် စော်ကားခြင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတယ်ဆိုတာကို အထင်အရှားတွေ့ရပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲဘော်တွေ မိသားစုတွေဟာ အရှင်လတ်လတ် ‘လူ့ငရဲ’ ကို ရင်စီးခံကြတယ်၊ ရဲရဲရင့်ရင့်နဲ့ ဖြတ်ကျော်ခဲ့ကြတယ်။ လူသားအချင်းချင်းအပေါ်မှာ အမုန်းစိတ်တွေ၊ အာဃာတတွေ၊ အညိုးအတေးတွေနဲ့ တိရစ္ဆာန်တွေကဲ့သို့ ကျင့်ကြံခြင်း ခံခဲ့ရတယ်ဆိုတာ သူတို့စာတွေထဲကနေ ထင်ထင်ရှားရှား တွေ့ရတယ်။ ဒါ သက်သေပါပဲ။
ဒါပေမယ့်လည်း အဲသည် ထောင်စာအုပ်တွေကနေ လက်တုန့်ပြန်မယ်ဆိုတဲ့ အာဃာတတွေ၊ ကလဲ့စားချေလိုစိတ်တွေ၊ အမုန်းတရားတွေ အလျံလျံအညီးညီး လောင်ကျွမ်းနေတာ မဟုတ်ဘူးဆိုတာက အတိုက်အခံနိုင်ငံရေးသမားတွေ အင်အားစုတွေရဲ့ ကြည်ညိုဖွယ်ရာ သစ္စာတရားဖြစ်နေတာကို တွေ့ရှိရတယ်လို့ ပြောချင်ပါတယ်။ ဒေါက်တာမောင်မောင်တို့လို ခင်ညွန့်တို့လို အာဏာပိုင်တွေ အာဏာရှင်တွေရဲ့ အာဘော်တွေမှာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့ အာဃာတအမုန်းတရားတွေ လောင်မြိုက်နေတာကို တွေ့ရသော်လည်း ဒီမိုကရေစီဘက်တော်သား ထောင်စာအုပ်တွေမှာကတော့ဖြင့် ကိုယ်ယုံကြည်တာကို အမှန်တရားကို တရားသဖြင့်နည်းနဲ့ ငြိမ်းချမ်းသောနည်းလမ်းနဲ့ ရင်ဆိုင်ဖြတ်သန်း ရုန်းကန် ရင်ဆိုင်ကြ၊ ရင်ဆိုင်ခဲ့ကြ၊ စွန့်လွှတ်အနစ်နာခံပြီး ပါရမီလမ်းလျောက်ခဲ့ကြရတာကို အားလုံးက ဖော်ကျုးထားတာကို တွေ့ရတယ်လို့ ပြောချင်ပါတယ်။
အခုအချိန်မှာ အာဃာတစကားတွေ ပြောနေရမယ့် အချိန်မဟုတ်ပါဘူးလို့ ဆိုချင်ဆိုကြပါမယ်။ ဒါပေမယ့် ပြောချင်တာက အာဏာရှင်တွေ၊ အာဏာရှိသူတွေဟာ သာမာန်အခြားတဖက်က လူထုတွေ၊ လူတန်းစားတွေထက်ကို အာဃာတ ရှိကြတယ်၊ ရှိခဲ့ကြတယ် ဆိုတာပါ။ အတိုက်အခံတွေဟာ အာဃာတ၏ ဒဏ်ကို အသက်သွေးချွေးများစွာဖြင့် ပေးဆပ် ရင်းနှီး ခံစားခဲ့ကြသော်လည်း အာဃာတရန်ညိုးဖြင့် တုန့်ပြန်ဖို့ထက် အမှန်တရားနဲ့ တရားမျှတမှု ဖြစ်မြောက် ရောက်ရှိဖို့ကိုသာ မမှိတ်မသုံ အာရုံထားကြတယ် ဆိုတာပါ။
မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာ အမျိုးသားညီလာခံကြီးတွေလည်း ပြီး၊ ၂၀၀၈ အခြေခံဥပဒေကြီးလည်း ပြီး၊ သူတို့စိတ်တိုင်းကျ ၂၀၁၀ ရွေးကောက်ပွဲကြီးလည်းပြီး၊ သူတို့စိတ်တိုင်းကျ အစိုးရနဲ့ လွှတ်တော်ကြီးလည်း ပြီးမြောက်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့လည်း အမှန်တရားနဲ့ တရားမျှတမှုအတွက် ဆက်လက် ရုန်းကန် ဆောင်ရွက်ကြရဦးမှာ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့တွေဆီမှာ အာဃာတတရားတွေ ရှိနေတယ်ဆိုတာကို ဖြတ်သန်းမှုပေါင်းများစွာကနေ သက်သေရှိထားတဲ့ အတိုက်အခံအင်အားစုတွေဆီမှာကတော့ဖြင့် ‘သံသယ’ ဆိုတာကတော့ ရှိနေတာ အမှန်ပဲ ဖြစ်ပါတော့တယ်။
‘သံသယ’ဆိုတာကတော့ သည်လိုအာဃာတတွေနဲ့ သူတို့စိတ်တိုင်းကျ လုပ်ချင်တိုင်းလုပ်၊ လုပ်ချင်ရာကို လုပ်ခဲ့ကြတဲ့ အာဏာရှင်မျိုး ဆက် တွေ၊ အုပ်စုတွေ၊ အပေါင်းအပါတွေဟာ ခုချိန်ခါမှာ တကယ်တမ်း စေတနာ၊ မေတ္တာ၊ ဂရုဏာတရားတွေနဲ့ တိုင်းပြည်နဲ့ လူမျိုး အားလုံး အတူတကွ သာတူညီမျှ ငြိမ်းချမ်းသာယာစွာ အသွင်ကူးပြောင်းကြမယ့် လောကလူ့ဘောင်သစ်ကြီးဆီသို့ ညင်သာ ပျော့ပြောင်းစွာ လိုက်နာ ဆောင်ရွက်နိုင်ကြပါ့မလား ဆိုတာပါပဲ။ ခုချိန်မှာတော့ဖြင့် သူတို့တွေအပေါ်စီးက လက်နက် စီးပွားအင်အား အသာရနေလို့ စိတ်တိုင်းကျ ချယ်လှယ်နိုင်လို့သာ ရာသီဥတု သာတောင့်သာယာဖြစ်နေတာပါ။ အလှည့်အပြောင်းမသင့်လို့ စိတ်တိုင်းမကျရင် သူတို့လက်ခုပ်ထဲက တိုင်းပြည်နဲ့ ပြည်သူတွေကို မှောက်ချင်တိုင်း မှောက်၊ လှန်ချင်တိုင်း လှန် လုပ်ကြလေမလား ဆိုတဲ့ သံသယပဲ ဖြစ်ပါတယ်။
ဘာလို့ ဒီလိုမျိုး သံသယထားကြရပြန်တာလဲ။ ဒေါက်တာမောင်မောင်စာအုပ်ကို ပြန်ကိုးကားရမယ်ဆိုရင် ဥက္ကဌကြီး ဦးနေ၀င်းကိုယ်တိုင်က ‘ပါတီစုံသွားကြ၊ မင်းတို့ ကြည့်လုပ်လိုက်ကြတော့’ ဆိုလိုက်တဲ့အခါ သူရဲ့ တသက်လုံး ရေငုံ နှုတ်ပိတ်ပြီး ဥက္ကဌကြီးသဘော ဆိုပြီး ခေါင်းငုံနေကြတဲ့ ပါတီကိုယ်စားလှယ်ခေါင်းဆောင်တွေက ပါတီညီလာခံကြီးကနေ ‘ပါတီစုံလည်း မပေးနိုင်ဘူး၊ အာဏာလည်း မလွှဲနိုင်ဘူး၊ သူတို့ဖာသာ သူတို့ ပါတီတွင်းပြုပြင်ပြောင်းလဲရေးလုပ်ပြီးတော့ သည်အတိုင်းဆက်သွားကြမယ်’ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဦးစိန်လွင်ကို ခေါင်းဆောင်တင်ပြီး မိုက်ရူးရဲဆန်ခဲ့ကြ၊ ပြည်သူ့ဆန္ဒကို ပစ်ပယ်ခဲ့ကြတယ် မဟုတ်လား။ အဲသည်ကနေ ဦးစိန်လွင်လည်း သားသတ်သမားအဖြစ်နဲ့ ပါတီခေါင်းဆောင်ကနေ ပြုတ်၊ နောက်တော့မှ ဒေါက်တာမောင်မောင်ကို တင်ကြသော်လည်း အဲသည်အာဏာရ ပါတီက အဆင့်ဆင့်သော ပါတီကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ကောင်စီကိုယ်စားလှယ် အားလုံးဟာ တသွေးတသံတည်း မဆလပါတီနဲ့ ငါတို့ အဓွန့်ရှည်ရေးကိုပဲ ရွေးချယ်ခဲ့ကြတယ်၊ အဲသည်အတွက် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့ကြတယ်။ အဲသည်လို အာဏာရှင်တွေ၊ အာဏာရမျိုးဆက်အသိုင်းအ၀ိုင်းတွေ ဆက်လက် တည်တံ့ ခိုင်မြဲရေး၊ ဥမကွဲ သိုက်မပျက်ဖြစ်ရေးကိုပဲ ရှေ့တန်းတင် တာကြောင့် သူတို့နဲ့ တလက်တည်း တမျိုးတည်းထွက်ဖြစ်တဲ့ တပ်မတော်ခေါင်းဆောင်တွေကိုပဲ ရက်ရက်ရောရောကြီး အာဏာသိမ်းဖို့ လမ်းကြောင်းခဲ့ကြ၊ အာဏာသိမ်းစခန်းရောက်တဲ့အထိ ရောက်အောင် လျောက်ခဲ့ကြတယ် မဟုတ်လား။
သည်လိုမျိုး ဟိုခေတ် ဟိုအခါကတည်းက မဆလပါတီရဲ့ အာဏာ၊ ပါဝါ၊ စည်းစိမ်၊ ဥစ္စာ၊ အခွင့်အရေးဆိုတာတွေကို ယစ်မူးသာယာတဲ့ အာဏာရှင်နောက်လိုက်တွေ၊ အာဏာရှင်မျိုးဆက်အဆင့်ဆင့်တွေဟာ အာဏာရှင်တွေရဲ့ မိုးခါးရေကို သောက်သုံးပြီးတော့ ရှင်သန် ကြီးထွား ကျယ်ပြန့်နေတာ အခု စစ်အာဏာရှင်ခေတ်ပြောင်း ကာလကြီးအဆက်ဆက်ထိ တိုင်အောင်ပဲ ဖြစ်ပါတော့တယ်။ ဟိုးခေတ်ကနေ သည်ဖက်ခေတ်အထိ အာဃာတရဲ့ သားကောင် အာဏာရှင်မျိုးဆက်အဆင့်ဆင့်ရဲ့ လက်အောက်၊ နောက်လိုက်၊ အပေါင်းအပါ မိုးခါးရေသောက်ထားသူ အင်အားစုကြီးဆိုတာဟာ တကယ်တမ်း အပြောင်းအလဲဆိုတာကို လက်သင့်ခံရဲ ပြောင်းလဲရဲကြမလား ဆိုတာကလည်း မေးခွန်းတခု၊ သံသယကြီး တခုပဲ ဖြစ်ပါတော့တယ်။ သည်လိုမိုးခါးရေသောက်ထားသူတွေကနေ ‘တာဝန်အရ’ ‘နီုင်ငံတော်အတွက်’ ဆိုပြီးတော့ အတိုက်အခံလုပ်သူတွေကို ပြင်းထန်စွာ ချေမှုန်း နှိပ်ကွပ်မှုတွေ ကျူးလွန်ခဲ့ကြတာပဲ မဟုတ်လား။
ငြိမ်းချမ်းသာယာတဲ့ မြန်မာပြည်ထောင်စု လောကလူ့ဘောင်သစ်ကို သွားကြတဲ့ဆီမှာ အာဃာတသမား အာဏာရှင်မျိုးဆက်တွေ၊ မိုးခါးရေသောက်ကြသူ နောက်လိုက်နောက်ပါတွေအပေါ် ဒီမိုကရေစီအရေး လိုလားသူ အတိုက်အခံအင်အားစုတွေရဲ့ သံသယအကျိုးကတော့ ခုချိန်မှာ ရှိနေမြဲ ရှိနေမှာပါပဲ။ တလောက ပြောကြသလို ‘ယုံကြည်မှု တည်ဆောက်ဖို့က အဓိက’ လို့ ဆိုရင်ဖြင့် ကျနော်တို့တွေရဲ့ သံသယဖြေဖျောက်နိုင်ဖို့အတွက် အာဏာရှင်တွေနဲ့ အပေါင်းအပါတွေဖက်ကနေ အလုပ်နဲ့ သက်သေပြဖို့တော့ လိုနေပါသေးတယ်။ အနည်းဆုံးအဆင့်ကတော့ ဟိုတချိန်တခါက သူတို့အားလုံး အမုန်းတရား၊ အာဃာတတရားတွေနဲ့ မဟုတ်မတရားလုပ်ခဲ့ကြတာကို ၀န်ချတောင်းပန်လိုက်ကြဖို့ပါပဲ။ အာဃာတလက်ညိုးကြီး တထိုးထိုးနဲ့ အရိုးစွဲနေတဲ့ သူတွေက ‘ဆောရီးပဲ’ လို့ ပြောရဲကြပြီလား။ ။
(နောက်တိုး ထပ်ဖြည့်တဲ့စာ – မတောင်းပန်ချင်ရင်လည်း နေပါ၊ အနည်းဆုံးကတော့ သူတို့ အာဃာတအကြီးကြီးထားပြီး ရေးဆွဲထားခဲ့တဲ့ အနာဂတ်ဒီမိုကရေစီိကိုပါ သင်းကွပ်ထားတဲ့ ၂၀၀၈အခြေခံဥပဒေကိုသာ ပြင်ဆင် ပြောင်းလဲပေးခြင်းဖြင့်လည်း လူထုနဲ့ အတိုက်အခံရဲ့ သံသယတွေကို ဖြေရှင်းပေးရာ ရောက်ပါတယ် ခင်ဗျား)