ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၂၂)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄

ခရီးရှည်နိဒါန်းကား ရင်မောစွာ ဖြစ်ထွန်းလျှက်ရှိသည်  ။ ပါလာသူတိုင်း၏ မျက်နှာက တစုံတခုစိုးရိမ်မှုကို မဖုံးဖိနှိုင်။ဒီလိုနှင့် ကားအထဲ စီးနင်းလိုက်ပါလာကြသည်။ ၁၀လကျော် ကင်းကွာနေသော ပြင်ပလေသည် အေးမြမှုနှင့် ရင်ခုန်မှုကို မပေးနှိုင်ခဲ့ ။ ရင်ထဲတွင် သောကနှင့် ဘာတွေဆက်ဖြစ်မလဲဆိုသော အတွေးက အချိန်ပြည့်နေရာယူနေသည်။ ကားပေါ်တွင်တော့ သိဖူးကြားဖူးသော နာမည် ပိုင်ရှင် အချို့ပါလာသည်။ ပါလာသူတွေထဲ သီးသန့်ထောင်မှ ပါသူတွေကလွဲ၍ ကျန်လူများက မျက်နှာစိမ်း။  ကြားဖူးသော နာမည်များ ပါလာသော်လည်း နာမည်နှင့်လူ မဟပ်မိသေး။ ကိုဌေးကြွယ်၊ ဒေါက်တာထွန်းသူ ဒီနာမည်တွေက တရင်းတနှီး။ နာမည်နှင့် လူ တွဲစပ်ဖို့ သူတို့ အချင်းချင်းခေါ်ကြ စကားပြောကြလျှင် နာမည်ပိုင်ရှင် ကဘယ်သူဆိုတာ အမိအရ လိုက်တွဲကြည့်နေမိသည်။ ။သူတို့က ထောင်မကြီးမှ ပါလာသူတွေ ။နောက်ထောင်ထဲ စောရောက်နှင့်သူတွေ။ သူတို့စကားပြောသံအရ သူတို့က တရင်းတနှီး ရှိပြီးသား။

 

ဆရာစံ နယ်မြေ ဆိုသော ဆိုင်ဘုတ်ကြီးကို လွန်လာတော့ လမ်းမကြီးမှ ခွဲထွက်ပြီး လမ်းငယ် တခုထဲ ကားနှစ်စီးလုံး မောင်းဝင် လိုက်သည်။ သည်အတိုင်းဆို ယခုကားနှစ်စီးလုံး ဆရာစံနယ်မြေမှာ အခြေချ နားခိုဖို့ဖြစ်တော့မည်ထင်သည်။ ထောင် နယ်နိမိတ်ထဲ ရောက်တော့ အိမ်အချို့မှာ မျက်နှာသစ် နေကြတုန်း ရှိသေးသည်။ ကားနှစ်စီးလုံး ထောင်ဗူးဝမှာ ရပ်လိုက်သည်။ ကားတံခါးဖွင့်ပြီး တယောက်စီ ထောင်ထဲကို ဝင်ရသည်။ ကိုယ့်ကားပေါ်မှ လူတွေကုန်တော့ နောက်ကားမှ သူများကော ဆင်းမည်လားဟု ကြည့်သေးသည်  ။  သူတို့ကားဆီက တယောက်မှ ဆင်းမလာ။ သူတို့ကားက ခရီးဆက်ဦးမည် ထင်သည်။ ဗူးတံခါးအတွင်း တန်းစီပြီး ဆောင့်ကြောင့်ထိုင်သော ပုံစံဖြင့် ထိုင်နေကြရသည်။အင်းစိန်ထောင်မှ ထောင်မှူးကြီး ကျော်သန်းမြင့် ထောင်အရာရှိထံ ပါလာသောစာရင်းများ အပ်နှံပြီး ပြန်ထွက်လာသည်။ အရပ်ရှည်ရှည် နှင့် ထောင်ပိုင်က တဆင့်မြင့်သောသူ့ရုံးခန်း အဝမှာရပ်လျှက် ဆောင့်ကြောင့်ပုံစံ အနေထားနှင့်ရှိနေသော လူအားလုံးကိုခြုံကြည့်လိုက်သည်။

 

“မင်းတို့တွေ ကောင်းကောင်းနေကြ၊ မင်းတို့ကိုထောင်ဗူးနဲ့ အနီးဆုံးနေရာမှာထားတာကိုကြည့် ရုတ်ရုတ်လုပ်ရင် ပစ်ထည့်လိုက်ဖို့ အမိန့်ပေးထားပြီးသား ”———–

 

ထောင်ပိုင် မိန့်ခွန်းချွေ အပြီး ထောင်ထဲဘက် ဗူးတံခါးကို ဖွင့်လိုက်သည်။  တန်းစီပြီး လူတွေ အထုပ်ကိုယ်စီဆွဲပြီး ထွက်ကြသည်။ အမှတ်မထင် မိမိရှေ့မှ တယောက်က နောက်ကိုလှည့်ကြည့်လိုက်သည်။ ထိုအခိုက်မှာပဲ တကားတည်းစီးသူချင်း မိတ်ဝတ် မပျက် နှုတ်ဆက်ခြင်း အမှုကို အပြုံးဖြင့် လမ်းခင်းလိုက်သည်။ ထိုလှည့်ကြည့်သူ၏ မျက်နှာ၌  တစုံတရာကို ရှာမတွေ့မှီပင် ထိုသူ ချက်ခြင်း လှည့်သွားသည်။ ထိုလှည့်သွားသော သူ့မျက်နှာတွင် ပြောမဆုံးသော စကားတခု ပါသွားမှန်းမသိလိုက်။  ထို အမှတ်မထင် အခိုက်အတန့်လေးသည် ဘဝ၏ ပြောမဆုံးသော မှတ်တမ်းဖြစ်မည်ကို ထိုစဉ်က မသိခဲ့။ ထိုလှည့်ကြည့်သူ သာယာဝတီ ထောင်နှင့်ပတ်သက်ပြီး မိမိ အကြောင်းကို ပြောမည်ဆိုလျှင် ထိုအကြောင်းမှ သူစပြောနေမည်မှာ အသေချာ။ ကိုယ်ကိုယ်တိုင်ပင် များမကြာမှီ အတူနေစဉ် ပြန်ပြောပြသော သူ့စကားကြောင့် ဤ အခိုက်လေးသည် ဘဝတသက် အမှတ်ရစရာ၊ မမေ့စရာ အဖြစ် တည်ရှိနေခြင်း ဖြစ်တော့သည်။

 

ဗူးအတွင်းတံခါး ဖွင့်ပြီးထောင်ထဲ ဝင်လိုက်လျှင်ပင် ဟိုးခပ်လှမ်းလှမ်းမှာ အရင်ဆုံး အမြင်အာရုံထဲ နေရာဝင်ယူထားလိုက်သည်က ညောင်တပင်နှင့် စေတီတဆူ ။ ရက်စက်မှုတို့ဖြင့် လူတိုင်းတွဲသိနေသော ဤနေရာတွင် စေတီနှင့် ညောင်ပင်က ထောင်နှင့်မလိုက်ဖက်စွာ ဖြစ်ထွန်းလျှက် ။ မလိုက်ဖက်စွာ နောက်ပုံသဏ္ဍာန်တခုမှာ တကယ့်အာဏာပါးကွက်သားဟန် ထောင်မှူးကြီး။ ထောင်မှူးကြီးက လူတွေကို စာရင်းခေါ်လိုက်သည် ။ လေးယောက်စု ငါးယောက်တစုကို ထောင်မှူးတယောက်စီက ကျပ်မတ်ပြီး ရှာဖွေရေးလုပ်သည် ။ အင်းစိန်ထောင်၌ တရားဝင် ပေးသွင်းခဲ့ပြီး ထောင်ထဲ အသုံးပြုခွင့်ပေးခဲ့သော ပစ္စည်းများသည် သာယာဝတီထောင်၌ တရားမဝင် ဖြစ်ရပြန်သည် ။ အမဲဖျက်တော့မလို သဲသဲမဲမဲ ရှာနေကြသူများ၏ စိတ်သဏ္ဍာန်နှင့် မလှမ်းမကမ်းက စေတီညောင်ပင်တို့က ဘယ်လိုမှ စပ်ဟပ်မရသော ကွဲပြားခြားနားသည့်  မြင်ကွင်းပင်။ နောက်ပိုင်းကာလ သိရသည်မှာ ဤစေတီနှင့် ညောင်းပင်အောက်တွင်ပင် အကျဉ်းသားများကို တန်းစီရိုက်ခြင်း တခြားအပြစ်ပေးခြင်းများ ရှိကြောင်းသိရသည် ။ ဒီတော့လည်း  ဘုရားတရားကို လူအမြင်လှအောင် ဟန်ပြ လုပ်ပြထားမှန်း ပိုထင်ရှားလာသည်။

 

အဝတ်အစား များနေသူတို့ဆီက အဝတ်အစားနှင့် စောင်တို့ကို သိမ်းထားလိုက်သည်။ စားစရာ အချို့နှင့်ဆေးဝါးတို့ကို လည်း သိမ်းထား လိုက်ပြန်သေးသည် ။ သူတို့ စိတ်တိုင်းကျ ရှာဖွေပြီးချိန် ကျမှ ကိုယ့်အထုတ်ကိုယ် ဆွဲပြီး တန်းစီခိုင်းသည်။

 

ထောင်ဆိုသည်ကို အုတ်နံရံတခု မြင့်မြင့် ကာရန်ထားသော နေရာဟုသာ သိထားသော အသိသည် ထောင်ထဲရောက်တော့ တခုမကသော အုတ်နံရံတွေရှိနေသည့် နေရာမှန်း သိလာရသည်။ ထောင်နံရံ အကြီးကြီး အတွင်းက နံရံလတ်လတ်တွေ၊ နံရံသေးသေးတွေ ။ ထောင်ကြီးထဲက ထောင်လေးတွေဟု ပြောရမည်ထင်သည်။ ဗူးတံခါးအနီးက အုတ်နံရံ အလတ်စား ကာထားသော ဝန်း၏တံခါးကို ဖွင့်လိုက်သည်။ တိုက် ရှည်မျောမျော တခု အတွင်း အခန်းတိုင်းတွင် အကျဉ်းသားတို့ကို ထည့်ထားသည်။ သူတို့ဆီမှ စုပြုံကြည့်သော အကြည့်များက ဝမ်းသာအံ့သြ အစုံရှိမည်ထင်သည်။ သူတို့နေသော တိုက်တန်းလျှားကို သံတိုင်တို့ စီထားသော စည်းရိုးဖြင့် ကာထားသည်။ အုတ်နံရံဝင်း  အလတ်စားလေးအထဲက သံတံခါး အသေးစားထပ်ကာထားသောနေရာ။ သူတို့ စုပြုံကြည့်နေကြသော မျက်လုံးများရှိရာ တိုက်မှ အနောက်ဖက်တိုက်ဆီသို့ သံတံခါး တခုကိုဖြတ်ကျော်ပြီး ခေါ်ဆောင်သွားသည်။

 

ထောင်မှူးကြီးမှ အကျဉ်းသား စာရင်းကိုဖတ်သည်။ နာမည်ခေါ်သူတို့က အခန်းထဲ ဝင်ကြရသည်။ တခန်းလျှင် လေးယောက်စီ နေရသော အခန်းရှိသလို ငါးယောက်နေရသော အခန်းလည်းရှိသည်။ နာမည်ခေါ်တော့ ကိုယ်နေရမည့် အခန်းကို အထုပ်ဆွဲပြီးဝင်လိုက်သည်။ အခန်းနံပါတ်-၃။ တယောက်ပြီးတယောက် လိုက်ဝင်လာသည်။ စုစုပေါင်း ငါးယောက်။ နေရာကို သင့်သလို တန်းစီလိုက်ကြသည်။ တယောက်နှင့် တယောက် မိတ်ဆက်ကြတော့ သီးသန့်ထောင်ကပါလာသူ မိမိနှင့် နောက်တယောက် သူက သင်္ကန်းကျွန်းအမှုတွဲ အောင်နိုင်ဦး ။ အရေးအခင်းကာလက သင်္ကန်းကျွန်းရဲစခန်းကို ဖျက်စီးမှုနှင့် ကျခံရသူ ။ သူကလွဲ၍ ကျန်သူများကို တယောက်မှမသိ။ အောင်နိုင်ဦးကတော့ ထောင်မကြီးလည်း အနေကြာလာသူဆိုတော့ တချို့ကိုသိနေပုံရသည်။

 

“ကျနော်က ဝင်းနိုင်ပါ သံတွဲကပါ အင်အယ်လ်ဒီမှာ လုပ်ပါတယ် သံတွဲ အရေအခင်းမှုပါ”

 

အသားညိုညို ရုပ်သန့်သန့် လူတယောက်ကမိတ်ဆက်လာသည်။ သူ့တယောက်ဆီမှာပဲ စားစရာတွေ အပြည့်အစုံပါလာသည်။ သူ့ကိုရှာဖွေသောဝန်ထမ်းက စိတ်ကောင်းရှိပုံရသည် ။ အသားညိုညိုနောက် တယောက်က ကိုဝင်းနိုင်တို့ နှစ်တိုက်ကပဲ ဖြစ်မည် ထင်သည် ။ မိမိကိုယ်တော့ ဘုန်းကြီးမှန်းအားလုံးကသိသွားကြသည် ။ စကားပြောရင် နှင့် တွံတေးမှ ကိုမြစ်စိုးကိုသိလိုက်ရသည်။ သူကပင် အခြားအခန်းများမှာ ပါလာသူများ နာမည်ကို တယောက်ချင်းပြောပြနေသည်။ ၂တိုက်မှပါလာသူက မနည်းလှ ။ ၂တိုက်ဆိုတာက သေဒဏ် နှင့်သေဒဏ်မှ တကျွန်းသို့ပြောင်းထားသူတွေချည်း ထားသောတိုက်ဟု သူတို့ပြောစကားအရ သိလိုက် ရ သည်  ။ နောက်တယောက်ကတော့ ထောင်ဗူးဝရောက်ကတည်းက ထောင်မှူးတွေ ပြောပြောနေသောနာမည်ပိုင်ရှင်။ ထိုနာမည်ပိုင်ရှင်က ဒီအခန်းထဲ မိမိတို့နှင့် အခုတော့ အတူတူ။ သူ့နာမည်က ထောင်ထဲက ပေးထားသောနာမည် ခရော့တဲ့။

 

ပြောနေသော စကားတွေအရ ထိုသူက လူဆိုးဖြစ်ပုံရသည်။ အခုထောင်ပြောင်းလာသူတွေ အားလုံး နိုင်ငံရေး မှုများမဟုတ်ကြ။ ၂တိုက်မှ အရေးအခင်း အမှုများပါလာသလို ထောင်တွင်း နာမည်ကြီးလူဆိုးများလည်းပါလာသည် ။ အပြင်ဘက် စင်္ကြံလမ်းတွင်တော့ ဝန်ထမ်းများ အကျဉ်းသားများ လူးလာတုံ့ခေါက်သွားနေကြသည်။ ယူနီဖောင်း မဝတ်ဆင်ထားသူသည် အကျဉ်းသားဟု သာမန်အားဖြင့်တွက်ဆ၍ ရသည်။ ထိုထဲမှ အကျဉ်းသား တချို့ကလာရောက်ပြီ နှုတ်ဆက်ကြသည်။ သူတို့ကို အင်းစိန်ထောင်အခေါ် အမြဲဆင်း -ဒီသာယာဝတီမှာတော့ ဘာယာ-ဟုသာခေါ်ကြသည် ။ သံပန်းကာထားသော အရှေ့ဘက်တိုက်မှ တချို့ကမသိမသာ လက်ပြခြင်း လာရောက်ပြီး ခေါင်းပြူတစ် လုပ်နေကြသည်။ အခုပြောင်းလာသူတွေ၏ အမှုတွဲ တချို့ ဒီသာယာဝတီထောင်မှာရှိနေနှင့်ပြီးသား ဟု ပြောသံကိုလည်းကြားရသည်။ ရေချိုးချိန် ခဏ ဖွင့်ပေးမည်ဟုလာပြောသော အသံကို အဝေးမှလှမ်းကြားရသည်။ ဒီအတိုင်းဆို အခန်းကျဉ်းထဲ ရေချိုးချိန်ကလွဲလို့ အပြင်ထွက်ခွင့်ရမည်မဟုတ်။

 

ခုနက  ထောင်မှူးကြီးကို အင်းစိန်၂တိုက်မှ ပြောင်လာကြသူတွေက သိနေသည်။ သူတို့ ရေမြင်းကြီးလို့ နာမည် ပေးထားကြသည် ။ ထိုထောင်မှူးကြီး နာမည်ကို မေးကြည့်တော့ ဦးကံမြင့်ဟု သိလိုက်ရသည်။ သူအင်းစိန်ထောင်ရှိစဉ်က တိုက်မှာတာဝန်ကျဘူးသည်ဟုဆိုသည် ။

 

လူးငါးယောက်ကျပ်ကျပ်သိပ်သိပ် နှင့်အခန်းထဲ နေနေရသည်။ ထမင်းဝေရန် အချိန်ကြတော့ ကျွတ်ကျွတ်အိပ် တလုံးကို ကိုယ့်အခန်းအတွက် ထုတ်ပေးလိုက်သည်။ ထောင်ကပေးသော တာလပေါ တခွက်နှင့် ပုံစံငါးပိ ကို တကော် ယူထားလိုက်သည်။ ကံကောင်းထောက်မစွာ မေတ္တာရှင်နှင့် ဆုံမိလိုက်သော ကိုဝင်းနိုင်ထံ စားစရာ အပြည့်ပါလာသည်။ သူ့စားစရာ အကူအညီကြောင့် အဆင်ပြေပြေလေးတော့ တနပ်ကို ဖြတ်ကျော်လိုက်ရသည်။  အပြင်ဘက်က မိဘ ညီအကိုမောင်နှမတွေကတော့ သူတို့၏ သား အကို မောင် တွေ အင်းစိန်မှာ မရှိကြတော့ပြီကို သိကြဦးမည်မထင် ။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts