ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

သက်မဲ့ကုထုံး

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၈၊ ၂၀၁၄

 

ကျွန်တော်တို့သည် မြို့တွင်းမြို့ပြင်၊ လမ်းကြိုလမ်းကြား၊ လမ်းမကြီးများပါမချန် ခရီးဝေးခရီးနီး နယ်ဒေသ များကိုပါ အချိန်အခါမရွေး သွားလာနေရသော သူများဖြစ်ကြသည်။ နေပူမိုးရွာမရှောင် ရာသီဥတု၏ ဆိုးဝါးသော ဒဏ်များကိုပါ အလူးအလဲ တစ်ခါတစ်ရံ ခံစားရခဲ့သည်။ ထီးဖြူဖိနပ်ပါး ဘဝသမားများဟု ဆို လျှင်လည်းဆိုနို်င်သည်။ သို့သော်မည်မျှပင် ကျွန်တော်တို့၏ ဘဝများဆိုးဝါးလှပါစေ ကျွန်တော်တို့ ကျေနပ်သည်။ ပီတိဖြစ်မိသည်။ ဝမ်း မြောက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ထမ်းရွက်လုပ်ကိုင်နေရသော အလုပ်တာဝန်များမှာ အတ္တ အတွက်မဟုတ်။ ပရဟိတအလုပ်ဖြစ်သည်။ ပရဟိတအလုပ်ထဲတွင်လည်း အနိမ့်ကျဆုံးသောလုပ်ငန်းရပ်ဟု ခေါ်ဆို နိုင်သော လူသေ၊ လူနာ၊ လူအိုများကို သယ်ဆောင် ပေးရသော မြင့်မြတ်သောလုပ်ငန်းတစ်ခုဖြစ်သည်။

 

ကျွန်တော်တို့အဖွဲ့တွင် အကြီးများရှိသလို အငယ်လေးများလည်းရှိသည်။ အသစ်များရှိသလို အဟောင်းများ လည်းပါဝင်သည်။ ကျွန်တော်တို့၏ အတ္တမပါသော အနစ်နာခံ ပေးဆပ်မှုများကြောင့် ကျွန်တော်တို့ဖိနပ်များ ပါးလျှပ် ကုန်သလို နှာစေး၊ ချောင်းဆိုး ကျန်းမာရေးအားနည်းကြကုန်သောသူများ၊ ခြေကျိုးလက်ကျိုး ဖြစ်ကြကုန်သူများနှင့် တစ်ခါတစ်ရံ ခိုက်ရန်ဖြစ်ပွားပြီး ဒဏ်ရာရရှိခဲ့သူများ လည်းရှိခဲ့ဘူး သည်။ထိုကဲ့သို့ ကျန်းမာရေးထိခိုက်လာခဲ့သော အချိန်များတွင် ကျွန်တော်တို့၏လုပ်ငန်း အဖွဲ့ချုပ်ရှိရာဖြစ်သော မြောက်ဒဂုံမြို့နယ်ရှိ ကျွန်တော်တို့လုပ်ငန်းရပ်နှင့် တ်သက်သော ဆရာပေါက်စများမှ ပြန်လည် ကုသပေးခဲ့ဘူးသည်။ “ဆရာအာခံ အာခေါင်လှံစူး” ဖြစ်ချင်လို့တော့ မဟုတ်။ ဆရာတို့၏ ကျေးဇူးများကို အသိအမှတ်မပြုခြင်းလည်း မဟုတ်ပါ။ ဆရာပေါက်စများ၏ ကုသမှုကြောင့် ကျွန်တော်တို့ ဒဏ်ရာရခဲ့သောသူများ၊ နေထိုင်မကောင်းသောသူများကား ပြန်လည်ကျန်းမာလာခဲ့သည်။ သို့သော် ဆရာပေါက်စတို့၏ ကုသမှုနည်းစနစ်သည် ကျွန်တော်တို့အတွက်များစွာကြမ်းတမ်းပြီး တစ်ခါတစ်ရံ မခံနိုင်လောက် အောင် ခံစားခဲ့ရဘူးသည်။ ဥပမာအားဖြင့် ခြေထောက်ကျိုးပဲ့သွားလျှင် ခြေထောက်အား ပြန်လည်ကောင်းမွန် အောင်မပြုလုပ်ဘဲ ခြေထောက်အားဖြတ်တောက်ပစ်ပြီး ခြေတုတပ်ဆင်ပေးခြင်း၊ မျက်စိနာနေလျှင် မျက်လုံးအား ထုတ်ပစ်ပြီး အစားထိုးကုသခြင်း၊ အောက်ပိုင်းသေနေသောသူအား ကုတင်ပေါ်သို့ ပွေ့ချီ ရာတွင် သံချောင်း တစ်ချောင်းဖြင့် ကန့်လန့်တိုက်ကာ မြှောက်တင်ခြင်း စသည်ဖြင့် ကြမ်းတမ်းလှသည်။ ကျွန်တော်တို့၏ ရောဂါဝေဒနာ များကား သက်သာပျောက်ကင်းသွားသော်ငြားလည်း ဆရာပေါက်စများ၏ ကုထုံးကြောင့် တစ်ခါတစ်ရံ အသက်ပါ ပျောက်သွားချင်စိတ် ပေါ်ပေါက်မိသည်။

“ကိုယ်ပြုသောကံ ပဲ့တင်သံကိုယ့်ထံပြန်လာမည်” ဟူသော စကားကား မှန်ကန်လှပေသည်။ တူသော အကျိုး ပြန်လည်ခံစားရပြီဟုလည်း ဆိုနိုင်ပြီဖြစ်တော့သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ၏ ဌာနချုပ်ရှိရာ မြောက်ဒဂုံသို့ အထူးကုဒေါက်တာ ဇော်မျိုးမြင့် ၂၅.၁၂.၂ဝ၁၃ ရက်နေ့က ရောက်ရှိလာ ခဲ့သည်။ သူသည် ကျွန်တော် တို့အား ကျန်းမာရေးကုသပေးနေသော ဆရာပေါက်စများအား နည်းစနစ် မှန်ကန်စွာဖြင့် အဆင့်မြင့်မြင့် ကုသပေး နိုင်ရေးအတွက် လာရောက်သင်ကြား ပို့ချပေးသော အမေရိကန် နိုင်ငံမှ ဘွဲ့ထူးဂုဏ်ထူးများ ဆွတ်ခူးရရှိလာသော ဆရာကြီးတစ်ဦးလည်းဖြစ်သည်။ ထိုအထူးကုဆရာကြီး ဦးဇော်မျိုးမြင့်သည် ဥက္ကဋ္ဌကြီး ဦးကျော်သူ၏ မိတ်ဆွေဖြစ်သူ နယူးယောက်မြို့နေ ပန်းချီဆရာ မင်းကျော်ခိုင်၏ မိတ်ဆွေတစ်ဦးလည်းဖြစ်သည်။ ပန်းချီဆရာ မင်းကျော်ခိုင်မှ ဦးကျော်သူထံသို့ လူကြုံလက်ဆောင်ပစ္စည်းများ လာရောက်ပို့ရင်းဖြင့် ဆရာကြီး ဦးဇော်မျိုးမြင့်နှင့် ရင်းနှီးခဲ့ကာ ယခုကဲ့သို့ ကျွန်တော်တို့အား ကျန်းမာရေးကူညီစောင့်ရှောက်နိုင်ရန်အတွက် ကျွန်တော်တို့၏ လက်ဦးဆရာပေါက်စ များအား အဆင့်မြင့်မြင့် ကွန်ပျူတာနည်းစနစ်များဖြင့် လာရောက်သင်ကြားပေးနိုင်ခဲ့ခြင်းကြောင့် လက်ဦး ဆရာ ပေါက်စများအတွက်လည်း များစွာအကျိုးရှိခဲ့တော့သည်။

“ပျားစွဲသောမုတ်ဆိတ်” ဟု ခေါ်ဆိုရမလား၊ ကျွန်တော်တို့၏ ကောင်းမှုလုပ်ရပ်များကြောင့် ကျွန်တော်တို့၏ ကံများ ထပ်မံမြှင့်တက် လာခြင်းဟုပင် ဆိုရမလားတော့မသိ။ ၁၂.၁.၂ဝ၁၄ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်ရှိ ကျွန်တော်တို့အတွက် အထူးကုလုပ်ငန်း တည်ထောင်ထားသော သမားတော်ကြီး ဦးသီဟအောင်နှင့် ဇနီး ဒေါ်ဥသဉ္ဇာကျော်တို့ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။ သူတို့ဇနီးမောင်နှံသည် ကျွန်တော်တို့ နေ့တဓူဝ သွားလာ ရုန်းကန် လှုပ်ရှားပေးဆပ်နေရသော ပေးဆပ်မှုများအား မြင်တွေ့ခံစားခဲ့ရသောကြောင့် စာနာစိတ်များဖြစ်ပေါ်ခဲ့ကာ ကျွန်တော်တို့၏ နေ့စဉ်ကျန်းမာရေးများအား တစ်ဦးချင်း စစ်ဆေးကုသပေးမည့် ပရဟိတကုသမှုလုပ်ငန်းအား လာ ရောက်ပြီး တစ်ဖက်တစ်လမ်းမှ ကူညီပေးလိုခြင်းကြောင့် ကျွန်တော်တို့၏ အဖွဲ့ချုပ်ရှိရာသို့လာရောက်ကာ သက်ဆိုင် ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ အဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးသီဟ အောင်တို့ ဇနီးမောင်နှံ၏ စိတ်ဆန္ဒအား ဝမ်းမြောက်စွာဖြင့် လက်ခံခဲ့ကြောင်း ကျွန်တော်ကြားသိခဲ့ရသည်။ ထို့ကြောင့် ၂၄.၁.၂ဝ၁၄ ရက်နေ့တွင် ကျွန်တော်တို့ထံသို့ ဦးသီဟအောင်တို့ အထူးကုလုပ်ငန်းမှ ကျန်းမာရေးဝန်ဆောင်မှုပြုလုပ် ပေးမည့် ဆရာကြီးတို့အဖွဲ့မှ နေ့စဉ်ပုံမှန် လာရောက်စစ်ဆေး ကုသပေးလျှက်ရှိပါသည်။

“အချိုပေါ်သကာဆင့်” ဆိုသလို ကျွန်တော်တို့၏ ကံများသည် ထပ်မံမြင့်မားလာခဲ့ပြန်သည်။ ယခင် ကာလ ဆရာပေါက်စများ၏ ကုထုံးကုနည်းဖြစ်သော သံချောင်းဖြင့် ကန့်လန့်ကုထုံးကုနည်း၊ ခြေတုလက်တုများ တပ်ဆင် ပေးသော နည်းစနစ်များကဲ့သို့ ကြမ်းတမ်းသော ဇာတ်ကြမ်းတိုက်ကုထုံး ကုနည်းများအတွက် ကျေးဇူးရှင် ဦးသီဟ အောင်၏ အဆက်အသွယ်ဖြင့် သူ၏မိတ်ဆွေ ဦးဝင်းမိုးမြင့်မှ ကျွန်တော်တို့အား သက်သာငြိမ့်ညောင်းစွာဖြင့် ကုသ ပေးနိုင်သော စက်ကိရိယာကြီးတစ်ခုအား ထပ်မံလာရောက် လှူဒါန်းမှုကို ၂၆.၁.၂ဝ၁၄ ရက်နေ့က ကျွန်တော်တို့၏ ရုံးချုပ်ရှိရာသို့ လာရောက်တပ်ဆင်ပေးခဲ့သည်။ ယခုဆိုလျှင် ကျန်းမာရေးချို့ယွင်းနေသော ကျွန်တော်၏ သူငယ်ချင်း များအား ဆေးဝါးကုသပေးရာ အလွန်မှငြိမ့်ညောင်းသက်သာ လှပေတော့သည်။ ကျွန်တော်တို့၏ ခန္ဓာကိုယ် ပြင်ပ   ရောဂါများနှင့် ခန္ဒာကိုယ် အတွင်းရှိ ကလီစာများပါမကျန် ပျက်စီးချို့ယွင်း အားနည်းနေမှုများအား ဦးဝင်းမိုးမြင့် လှူဒါန်းထားသော စက်ကိရိယာကြီးဖြင့် အသေးစိတ်အနီးကပ် ရှာဖွေကုသနိုင်တော့မည်ဖြစ်တော့သည်။ ထိုစက် ကိရိယာကြီးဖြင့် ကုသခံခဲ့ရသော ကျွန်တော့၏ သူငယ်ချင်းဖြစ်သူ၏ ပြောကြားချက်အရ “ငါ့ကို အိပ်ငွေ့ချလိုက် သလိုပဲ၊ ငြိမ့်ကနဲ ငြိမ့်ကနဲနဲ့ လေပေါ်မြောက်တက်သွားတာ ဈာန်ရသလို ခံစားရတယ်ကွာ၊ အရင်တုန်းက ငါတို့ကို ကုသပေးတဲ့ ကုထုံးကုနည်းလို သံကြိုးကြီးနဲ့ချိတ်ပြီး သံချောင်းတွေနဲ့ ကလော်ခံရတဲ့ ကုထုံးကုနည်းနဲ့တော့ ကွာပါ့ ကွာ” ဟု ပြန်လည်ပြောကြားခဲ့သည့်အတွက် ကျွန်တော်များစွာပီတိဖြစ် ဝမ်းမြောက်ခဲ့ရသည်။ ထို စက်ကိရိယာကြီး သည် တန်ဖိုးငွေ ၁၈၄၇၅ဝဝိ/- (တစ်ဆယ့်ရှစ်သိန်းလေးသောင်းခုနှစ်ထောင့်ငါးရာ) ကျပ် တန်ဖိုးရှိသော ပစ္စည်းကြီး ဖြစ်သည်။ အနီးကပ်ဆုံး ပြောရမည်ဆိုပါက ခင်ဗျားတို့လူသားတွေ ကျန်းမာရေးချို့ယွင်းလျှင် ရောဂါရှာဖွေရေး အတွက် အသုံးပြုသော အီးစီဂျီ၊ အာထရာဆောင်း ကဲ့သို့သော စက်ကိရိယာ မျိုးဖြစ်သည်။

“ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ၊ “ပျားစွဲသောမုတ်ဆိတ်” ၊ “အချိုပေါ် သကာ ဆင့်” လို့ပဲ တင်စားတင်စား ကျွန်တော်တို့အနေဖြင့် ယခုကဲ့သို့ ကျွန်တော်တို့၏ ကျန်းမာရေးဝန်ဆောင်မှုအား ကိုယ်ဖိရင်ဖိ စေတနာထက်သန်စွာဖြင့် သင်ကြားပေးနေသော၊ ကုသပေးနေသော၊ လှူဒါန်းပေးခဲ့သော ကျေးဇူးရှင် သဒ္ဒါရှင်၊ မေတ္တာရှင်၊ စေတနာရှင်၊ ကုသိုလ်ရှင်အပေါင်းဖြစ်ကြသော အဆင့်မြင့်စက်ပြင် ဆရာကြီး ဦးဇော်မျိုးမြင့် (အမှတ် ၄၇၊ စက်မှု ၂ လမ်း၊ မေတ္တာညွှန့်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့) Desire  Auto Works ပိုင်ရှင် ဦးသီဟအောင် ဒေါ်ဥသဉ္ဇာ ကျော်တို့  ကုမ္ပဏီဝန်ထမ်းမိသားစုများ (အမှတ် ၁ဝ၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့) နှင့် Two Posts Lift Clear Floor စက်ကိရိယာကြီး လှူဒါန်းပေးခဲ့သော ဒါရိုက်တာ ဦးဝင်းမိုးမြင့် ( MV. Tech, Myanmar Vehicle Tech Co., Ltd .No (5 A , ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) တို့အား ကျွန်တော်တို့ အထူးကျေးဇူးတင် ဝမ်းမြောက်ပါ ကြောင်းနှင့် ကျွန်တော်တို့၏ ရုံးချုပ်ဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) စက်ပြင်အဖွဲ့မှ အဖွဲ့သား ဆရာ ပေါက်စများပါမကျန် အထူးဝမ်းမြောက်ပီတိဖြစ်ကာ သာဓု … သာဓု … သာဓု   ဟု ခေါ်ဆိုကြပုံများအား ကျွန်တော် တို့ မြင်တွေ့ ကြားသိနေရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts