သရော်စာ

ဘုရားဒကာကြီး ဗိုလ်ခင်ညွှန့်နဲ့ အဓိပတိ စကားစစ်ထိုးပွဲ

ဘုရားဒကာကြီး ဗိုလ်ခင်ညွှန့်နဲ့ အဓိပတိ စကားစစ်ထိုးပွဲ

အဓိပတိဂျာနယ် ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၄

ယခင် စစ်အစိုးရလက်ထက် တစ်လျှောက်လုံး ရှေးဟောင်းဘုရားများအပြင် အခြားသောဘုရားများကိုပါ ပြင်ဆင်တည်ထားကိုးကွယ်ခဲ့တဲ့အတွက် ဘုရားဒကာကျောင်းဒကာအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က တည်ထားကိုးကွယ်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တဲ့ ရှေးဟောင်းယဉ်ကျေးမှု မြို့တော်ပုဂံရှိ သမိုင်းဝင် တန်ခိုးကြီးရှေးဟောင်း ဓမ္မရာဇာကဘုရားကြီးကို ဒုတိယအကြိမ်မွမ်းမံရွှေချရာဒေသခံများကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် ဗိသုကာပညာရှင်တွေက ရှေးဟောင်းယဉ်ကျေးမှုတွေကို စနစ်တကျနဲ့ ဝိုင်းဝန်းထိန်းသိမ်းဖို့ပြောဆိုနေတဲ့ကြားကနေ ပြုပြင်ခဲ့သူပါ။
ကာယကံရှင်ဖြစ်သူ ဦးခင်ညွန့်ကို အဓိပတိဂျာနယ်က သွားရောက် မေးမြန်းခဲ့ပါတယ်။
တွေ့ဆုံမေးမြန်းခန်းအနေဖြင့်ဖော်ပြရန် အခွင့်မသာတော့ဘဲ စကားစစ်ထိုးတဲ့အနေအထားကို ရောက်ရှိသွားတဲ့အတွက် အဓိပတိဂျာနယ်က သွားရောက်မေးမြန်းခဲ့တဲ့ သတင်းထောက် ကြည်ငြိမ်းသော်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဘုရားဒကာကြီး ခင်ညွန့်တို့ရဲ့ စကားစစ်ထိုးပွဲကို အောက်ပါအတိုင်းကောက်နုတ်ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

အယ်ဒီတာ

အဓိပတိ ။  ။  ဓမ္မရာဇာကဘုရားကြီးကို ဘဘရွှေချတယ်လို့ သိရတယ်။
အဲ့ဒါနဲ့ပတ်သတ်ပြီးပြောပြပေးပါဦး။

ဦးခင်ညွန့် ။  ။  ဓမ္မရာဇာကဘုရားကြီးက  ဘက်စုံပြုပြင်မွန်းမံလုပ်ငန်းတွေက အဘတာဝန်ယူပြီးလုပ်ခဲ့တာ ကြာ လှပြီ။  လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)လောက်ကတည်းကိုက ဒီဘုရားကြီးကို အဘမွန်းမံပြုပြင်ပြီး ထီးတော်ပါ အဘ တင်ခဲ့တာဆိုတော့ ဒီဘုရားကြီးက အခုဆိုရွှေကမရှိတော့ဘူးလေ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလဆိုတော့ ရွှေတွေ အကုန်လုံး ပျက်စီးကုန်တာပေါ့။
ဒါကြောင့် ဒီဘုရားကြီးကိုပြန်ပြီးတော့ သပ္ပာယ်အောင်၊ တင့်တယ်အောင်လို့ရွှေချမှ ဖြစ်မယ်လို့ဆိုပြီးတော့မှ ဘဘလည်း ရွှေငွေကြေးပေါ့။
တတ်နိုင်သလောက်လှူတန်းတယ်။  အလှူရှင်တွေကလည်း တတ်နိုင်သလောက်ဝိုင်းပြီးလှူကြတန်းကြရင်းနဲ့ ရွှေသင်္ကန်းကပ်ဖြစ်သွားတာပေါ့။

အဓိပတိ ။  ။  ဟုတ်ကဲ့ပါဘဘ ရွှေသင်္ကန်း ကပ်တယ်ဆိုတဲ့နေရာမှာ ဒါကရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်တယ်လို့ ပညာရှင်တွေကပြောကြတယ်။
ပြောကြတယ်ဆိုတော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဆိုတဲ့နေရာမှာ လုံးဝမပြုမပြင်ဘဲထားမှသာ ဒါသူ့တန်ဖိုးပေါ့နော်။  ရှေးဟောင်းအမွေအနှစ်တွေကိုရွှေချတာနဲ့ပတ်သတ်ပြီး ပြောကြတယ်ဆိုတော့ ဘဘအနေနဲ့ ဘာပြောချင်ပါသလဲ။

ဦးခင်ညွန့် ။  ။  ဘယ်သူတွေကပြောကြသလဲ။

အဓိကတိ ။  ။  ပညာရှင်တွေပါ ဘဘ။

ဦးခင်ညွန့် ။  ။  ပညာရှင်ဆိုတာ ဘယ်လို ပညာရှင်မျိုးလဲဟင်။

အဓိပတိ ။  ။ ရှေးဟောင်းယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ ဗိသုကာပညာရှင်တွေပါ ဘဘ။

ဦးခင်ညွန့် ။  ။  အေးအဲ့ဒါဆိုရင် ရွှေစည်းခုံဘုရားကြီးကျတော့ ဘာလို့ရွှေသင်္ကန်းကပ်လဲ။

အဓိပတိ ။  ။  ဟုတ်ကဲ့ပါ။  အဲ့ဒါကြောင့်မို့လို့ ပုဂံက ယူနက်စကို မဝင်တော့ဘူးလို့လည်းပြောပါတယ်။  စည်းမျဉ်းစည်းကမ်းတွေနဲ့မကိုက်ညီလို့ပေါ့နော်။

ဦးခင်ညွန့် ။  ။ တို့မြန်မာရိုးရာယဉ်ကျေးမှုက ဘုရားဆိုတာရွှေရှိရတယ်ကွဲ့။
အဲ့တော့ ဒို့ပုဂံဒေသမှာဆိုရင် ရှေးဟောင်းဘုရားတွေကတော့ အများကြီးပေါ့ကွာ။
အဲ့ဒီမှာမှ အထင်ကရဘုရားကြီးတွေကတော့ ရွှေရှိရမယ်ကွဲ့။  ယခင်ကတည်းကိုက နှစ်ပေါင်းမြောက်များစွာက ရွှေသင်္ကန်းကပ်ခဲ့တဲ့ဘုရားတွေက ရွှေစည်းခုံဘုရားရှိတယ်။  ရှင်အာနန္ဒာဘုရားရှိတယ် အဲ့ဒီဘုရားကြီးတွေက အမြဲတမ်းရွှေသင်္ကန်းကပ်တယ်  နောက်ပြီးတော့ ကျန်တဲ့ထင်ပေါ်ကျော်ကြားတဲ့ ဘုရားတွေလည်းရှိသေးတယ်။  ကန်တော့ပလ္လင်တို့ဘာတို့ပေါ့။  အဲ့ဒီလို ကြီးကျယ်တဲ့ခမ်းနားတဲ့ ဘုရားကြီးတွေကိုကျတော့  ရွှေသင်္ကန်းကပ်တာပေါ့ကွယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ဒို့ကထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေကွ။  ဟုတ်ပြီလား။  တခြားနိုင်ငံတွေနဲ့မတူဘူး တခြားနိုင်ငံတွေဆိုတာကတော့  ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ တွေမဟုတ်တဲ့အတွက် ဘာမှလည်းမပြုပြင်ဘူး။  ရှေးဟောင်းအတိုင်းပဲထားတာ တို့ကတော့ဗုဒ္ဓဘာသာတောင် ထေရဝါဒဗုဒ္ဓဘာသာကွ။  ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဆိုတာက ဘုရားဆိုရင် ရွှေရှိရတယ်ကွဲ့။  အဲ့တော့ အားလုံးဘုရားတွေကို ရွှေသင်္ကန်း  ကပ်တာမဟုတ်ဘူး။
အထင်ကရဘုရားကြီး တွေကိုပဲ ရွှေသင်္ကန်းကပ်တယ်။  ကျန်တဲ့ နေရာဒေသတွေကတော့ ကျန်တဲ့ရှေးဟောင်းယဉ်ကျေးမှုဒေသတွေကတော့ ရှေးဟောင်းအတိုင်းပဲထားတယ်။  ဘဘက ရှေးဟောင်းကို အင် မတန်မှ မြတ်နိုးတဲ့ပုဂ္ဂိုလ်ပါကွာ။

အဓိပတိ ။  ။  ရွှေသင်္ကန်း ကပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ နဂိုမူလလက်ရာပျက်သွားတယ်ဆိုပြီးလို့ပြောတယ်။  ဘဘအနေနဲ့က သိရဲ့သားနဲ့သိသိကြီးနဲ့လုပ်တာလား၊ စေတနာနဲ့လား၊ ဗုဒ္ဓဘာသာရဲ့အယူအဆကတော့၊ ရွှေရှိမှ တင့်တယ်တယ်လို့ ပြောကြတယ်လေ။  အဲ့ဒီ့ဘုရား ဆိုတာ ရွှေရှိမှတင့်တယ်တယ်ဆိုတဲ့ အတွေးအခေါ်ကြောင့်မို့လို့ မြန်မာပြည်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေ တော်တော်များများ ပျက်စီးသွားတယ်လို့ပြောတယ်။

ဦးခင်ညွန့် ။  ။  ဘယ်သူကပြောလဲ။  အဲ့ဒီလိုပျက်စီးတယ်လို့ပြောတဲ့ပုဂ္ဂိုလ်ကိုနာမည်ပြောပြ။  ပြော၊ နာမည်ပြော။

အဓိပတိ ။  ။  ကျတော်တို့က နာမည် ပြောခွင့်မရှိပါဘူး။ Source ကို ထိန်းသိမ်းရ မှာမို့လို့ပါ။

ဦးခင်ညွန့် ။  ။  ဟင်၊ ဒါဆိုငါ့ကျတော့ဘာဖြစ်လို့ လာမေးလဲ ။

အဓိပတိ ။  ။  လာမေးတာတော့မဟုတ်ဘူး ကျနော်တို့က နှစ်ဖက်မျှအောင် မေးရရတဲ့ သဘောပါ။
ဦးခင်ညွန့် ။  ။  မင်းကဘယ်ကလဲ…။

အဓိပတိ ။  ။  ဟုတ်ကဲ့ အဓိပတိဂျာနယ်ကပါ။  ကြည်ငြိမ်းသော်ပါ။

ဦးခင်ညွန့် ။  ။  အေးဟ။  မင်းတို့ကရေးတာသားတာမှာ ဘက်မလိုက်နဲ့ကွ။
မီဒီယာဆိုတာက ဘက်လိုက်လို့မရဘူး။  တို့ရှေးဟောင်း ယဉ်ကျေးမှု။
မင်းဗုဒ္ဓဘာသာလား ဘာလဲ။

အဓိပတိ ။  ။  ဗုဒ္ဓဘာသာပါ။  ဟုတ်ကဲ့ကျနော်တို့က ဘက်လိုက်ဖို့ရေးတာမဟုတ်လို့ ဘဘကိုလူကိုယ်တိုင်လာပြီး မေးတာပါ။    ဘဘရဲ့စေတနာနဲ့ ရည်ရွယ်ချက်ကဘာကြောင့်မို့လို့ပေါ့။

ဦးခင်ညွန့် ။  ။  ငါ ရှေးဟောင်းယဉ်ကျေးမှုတွေ အကုန်ထိမ်းခဲ့တာကွဲ့။
ပုဂံမြို့ကြီးတစ်ခုလုံးရဲ့ ရှေးဟောင်းယဉ်ကျေးမှုကို ငါကိုယ်တိုင်ထိန်းခဲ့တာ။   ရှေဟောင်းနန်းတော်ကြီးတွေကို ငါတည်ထောင်ခဲ့တယ်။
အခု ဟံသာဝတီကနန်းတော်ကြီးကို ငါပြန်တည်ဆောက်ခဲ့တယ်။  မန္တလေးနန်းတော်ကြီး ပြန်တည်ဆောက်တော့လည်း ငါကူညီပံ့ပိုးခဲ့တယ်။ တည် ဆောက်ခဲ့တာကတော့ ဗိုလ်ချုပ်ထွန်းကြည်ကတည်ဆောက်ခဲ့တယ်။ မန္တလေး ဒေသကနေ ရှေးဟောင်းဘုရားအမွေအနှစ် တွေ အကုန်လုံး ငါပြန်ပြီးထိန်းသိမ်းခဲ့တာကွဲ့။
အဲ့ဒါကို မင်းကဘာလို့ ငါ့ကိုလာပြီးမေးခွန်းထုတ်ရတာလဲ။

အဓိပတိ ။  ။  မေးခွန်းထုတ်တာမဟုတ်ပါဘူး။ ရှေးဟောင်းယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်ဆိုတာလည်း လက်ခံတယ်။
မထိန်းသိမ်းရင်တော့ပျက်သွားမှာပေါ့နော်။   ဒါပေမဲ့ ထိန်းသိမ်းရမယ်ဆိုတဲ့ တချို့နေရာတွေမှာတွေ့နေရတာက အရင်အစိုးရလက်ထက်မှာ ဖြစ်ခဲ့တာကတော့ ထားလိုက်တော့ပေါ့နော်။  အခုချိန်မှာက ပြင်တယ်ဆိုတဲ့နေရာမှာက တကယ့်အသိပညာ၊ အတတ်ပညာရှင်တွေ နဲ့ မလုပ်ဘဲနဲ့ သာမန်လက်သမားဆရာလောက်က ရှေးဟောင်းအမွေအနှစ်ကို ဘိလပ်မြေကိုင်နေတာကို။

ဦးခင်ညွန့် ။  ။  နေဦး။  ငါ့ကို သာမာန်အလုပ်သမားနဲ့ခိုင်းတယ်လို့ မင်းကယူဆနေသလား။  ဘာလို့ မင်းငါ့ကို အဲ့လိုမေးခွန်းထုတ်တာလဲ။

အဓိပတိ ။  ။  ဘဘကိုပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါတွေဖြစ်ခဲ့တယ်။
အခုလည်းဖြစ်နေတဲ့အတွက် ဒါနဲ့ပတ် သတ်ပြီး ဘာပြောချင်လဲလို့မေးတာပါ။

ဦးခင်ညွန့် ။  ။  အေး …  ဒါက ထေရဝါဒဗုဒ္ဓ ဘာသာနိုင်ငံကွ။  ပညာရှင်ဆိုတာက ပညာရှင်ပဲ။  ငါဒီမယ် ငါရှေးဟောင်းဘုရားတွေ ပြုပြင်မွမ်းမံတဲ့အချိန်တုန်းက ငါ့ကိုဘာပြောသလဲဆိုတော့ သမိုင်းပညာရှင်တွေကပြောတယ်။
ဒါတွေဆက်ပြီးထားပါတဲ့။  ဘာမှမပြုပြင်ပါနဲ့တဲ့။  အဲ့လိုမပြုပြင်ဘဲထားရင် တို့ အဲ့ဒါတွေ တဖြည်းဖြည်းနဲ့ ပျက်စီးကုန်မှာပေါ့။  ပုဂံဘုရားတွေက ယခင်တုန်းကပုဂံဘုရားတွေ။  မင်းအဲ့ဒီမှာ ဘုရားပေါင်းအရေ အတွက်ဘယ်လောက်ရှိလဲကြည့်။  အဲ့ထဲက တစ်ဝက်က အခုတော့ပျက်စီးသွားပြီ။  အဲ့ဒါ မပြုပြင်လို့ကွ အခုတို့လက်ထက်မှာ တို့ လက်ထက် ဆိုတာက နောက်ပိုင်းကာလပေါ့။ ဘုရားကုန်းတွေကိုပြန်ပြီးတော့ ဘုရားတွေ ပြန်ဖော်တယ်။
တချိန်တုန်းက ဘုရားကုန်း ဆိုတာမရှိဘူး။  မြေကြီးမို့မို့လေး။  ဒီမြေကြီးတွေကို ပြန်ဖော်လိုက်တော့မှ အောက်က အုတ်တွေထွက်လာတယ်။
ဒါတွေကိုပြန်ပြီးတော့ ဘုရားပြန်ပြီးတော့ မူလပုံစံမပျက်ပြန်ပြီး ထူထောင်ခဲ့တယ်။  အဲ့ဒီလိုလုပ်ရမယ်ကွဲ့။  အဲ့ဒီလိုမလုပ်ပဲနဲ့ ယူနက်စကိုက အကူအညီလိုချင်လို့၊ ဒါတွေမပြုပြင်ဘဲနဲ့  ဒီအတိုင်းထားမယ်ဆိုရင် တို့သမိုင်းပျက်သွားမှာပေါ့။  ပျက်စီးသွားမှာပေါ့။
ဘုရားတွေအားလုံးပျက်စီးသွားရင် တို့သမိုင်းပျက်စီးသွားမယ်။  အဲ့ဒီတော့ ယူနက်စကိုက ပြောတိုင်းလည်း လိုက်မလုပ်နိုင်ဘူး။  ဟုတ်ပြီလား။
တို့ရိုးရာယဉ်ကျေးမှုတော့ထိန်းရမယ်။  အဲ့ဒီတော့ ယူနက်စကို ယူနက်စကို ပြောတိုင်းပြောတိုင်းလည်း လိုက်မလုပ်နိုင်ဘူး။  တို့ရဲ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာကို ထိန်း ရမှာပဲ။
(မှတ်ချက် – အဓိပတိဂျာနယ် https://www.facebook.com/chancellorweekly တွင် ဖော်ပြခဲ့သော သရော်စာဖြစ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဘုရားဒကာကြီး ဗိုလ်ခင်ညွှန့်နဲ့ အဓိပတိ စကားစစ်ထိုးပွဲ
  1. ဘာ ဘုရားဒကာလဲဗျာ- သရော်တဲ့ စာမှန်းသိပါတယ်- ဒါပေမဲ့  ဒီစကားလုံးနဲ့  သရော်ဘို့  ဒင်း နဲ့  ထိုက်တန်ရဲ့ လား- ခွဲခြားကြည့်ပါဦး-

  2. bad kamma such as killing the monks and imprisoning them, torturing them, sending them away from their own monestaries will not go away just by putting gold on the pagoda or statutes.

Comments are closed.