ရတနာသုတ်ပဲ ရွတ်လိုက်ချင်ရဲ့
.
ဘိုင်စကုတ်ရုပ်ရှင်တို့တွင် မတူသော စရိုက်တို့ကို မင်းသား၊ မင်းသမီးတစ်ဦးတစ် ယောက်တည်းမှ သရုပ်ဆောင်ခြင်းကို ပရိသတ် လွန်စွာသဘောကျ၏။ ရုပ်ရှင်ထူးချွန်ဆုတို့ကို ထိုကဲ့သို့သောနှစ်ကိုယ်ခွဲဘိုင်စကုတ်တို့မှ ရရှိလေ့ရှိသည်။
ကျွန်ုပ်တို့ နေထိုင်ရာမြန်မာနိုင်ငံတွင် ရုပ်ရှင်မင်းသမီး၊ မင်းသားထက်သာသောနှစ်ကိုယ်ခွဲသရုပ်ဆောင်များစွာရှိ၏။ အချို့တွင်ကားသုံးကိုယ်ခွဲရန်ပင်ရှိသည်။ ၂၀၁၀ မတိုင်မီက အိုက်တင်တစ်မျိုးဝတ်ဆင်တာကအစ (ဘို)ဗိုလ်ဆန်ဆန် ဘောင်ဘီခါးကမချွတ်၊ ရှူးဖိနပ်နှင့် စမတ်ကျကျ၊ ၂၀၁၀ နောက်ပိုင်း ၂၁ ရာစု ဦးပိုင်း တွင်ကား လွန်စွာ မြန်မာဆန်လှသည်။ ကတ္တီပါပုံတော်၊ ခေါင်းပေါင်းတလူလူ တိုက်ပုံက မချွတ်။
ပြောဟန်ဆိုဟန်သည်လည်း တခြားစီ။ ဤကဲ့သို့ နှစ်ကိုယ်ခွဲသရုပ်ဆောင်ပေါင်းအများကြားမှ ခပ်ညံ့ညံ့သရုပ်ဆောင်များလည်းရှိသည်။ ဤဇာတ်ဝင်ခန်း၌ဤအိုက်တင်၊ ထိုဇာတ်ဝင်ခန်း၌လည်း ဤသို့ပင် သရုပ်ဆောင်ပြန်သည်။ ဇာတ်ရုပ်၊ ဇာတ်ကားအမည်၊ အဝတ်အစားသာပြောင်းသည်။ အိုက်တင်က ဒီအိုက်တင်အတိုင်းပင်ဖြစ်သည်။
ဤသို့သော အစူစူအလူလူများ၊ အာဃ ပုဂ္ဂိုလ်များသည် ၂၀၁၅ တွင် မည်သို့သရုပ်ဆောင်မည်မသိ။ လောကီလူ့ဘောင်၌ နှစ် ကိုယ်ခွဲမြောက်မြားစွာအနက်ရွာလယ်ကျောင်းမှ ဘုန်းတော်ကြီး ဦးဇင်း ဦးခန္တီသည်ကား လွန်စွာထင်ရှားလှသည်။ နတ်တို့ဖန်က ရေကန်အသင့်ကြာအသင့်ဆိုသော ရှေးစကားမှီ၍ ဆယ်တန်းကျောင်းသူကျောင်းသားများ အောင်ပွဲခံရန်အလို့ငှာ ကန္နားပေး၍ အောင်ဇာတ်ဖွင့်ရန် Proposal ဆွဲရန် Meeting ထိုင်ရန် စီစဉ်နေသောဒေဝါမဟေသီများကြား မှ စာချုပ်စာတမ်းအဖြာဖြာနှင့် ပဌာန်းဆက် ပါသည်ထင်။
”ဆရာမကြီး ဒေါ်မမလေးရှိ လား”ဟူသော အသံနှင့် ကပ္ပိယ မောင်ပွ ရောက်လာသည်။
“မောင်ပွ ဘာအမှုလဲ ကိုယ်တိုင် အတွက်လား သူများအတွက် အမှုပွဲစားလုပ်တာလား။”
“မဟုတ်ဘူး။ ဆရာတော် ခေါ်ခိုင်းလိုက်လို့”
“ဟာ ဘာဖြစ်လို့လဲ”
“ပဋ္ဌာန်းပွဲ အတွက်စီစဉ်မလို့။ စာစီစာရိုက်ဖို့ …”
“ရှင့်စာ ကြမ်းပြစမ်း:
ကျေးဇူးရှင်ဆရာသမားများ အား အမှူးထား၍ ဗုဒ္ဓဘိသေကမင်္ဂလာမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အစချီစာကြမ်းကို တွေ့လေသော် …
“ဘယ်တော့လဲ။”
“အဲဒါပေါ့ ပွဲကိစ္စစာရေးဖို့”
“အေးအေး … လာခဲ့မယ်။”
ရွာလယ်ကျောင်းမှဦးခန္တီသည် ထင်ရှား သော လောကဇာတ်ခုံ၏ နှစ်ကိုယ်ခွဲသရုပ် ဆောင်ခဲ့သောပုဂ္ဂိုလ်ဖြစ်သည်။ ရပ်ထဲ ရွာထဲမှ ဆိုးနေမိုက်နေ ပုဂ္ဂိုလ်မှန်သမျှ သူ့ကိုလေးစားသည်။
ဦးခန္တီသည် လူဝတ်ကြောင်ဘဝကိုဖြတ်သန်းစဉ် ခေသူမဟုတ် တောထွက်ကြီး ဦးခန္တီ၏ လူ့ဘဝနိုင်ငံရေးတွင်ဆိုရင် NLD လည်း ပါတယ်။ လူ့ဘောင်သစ်လည်း ပါတယ်။ နုစဉ် လူငယ်ဘဝမှာ ဂစ်တာတီး၊ပန်းချီမှာ လည်းအတော်အတန် ထွန်းထွန်းပေါက်ပေါက်ရှိ။ သောက်သောက်စားစားလူမင်းသား ဘဝကိုလည်း ပြိုင်စံရှားအောင် အကဲပိုခဲ့သူ။ လူဝတ်ကြောင်ကိုစွန့်၍ သင်္ကန်းစီးသည့် အချိန်တွင် အားလုံးပြောင်းသွားသည်။
တောထွက်ဖြင့်လင့်ကစား ဉာဏ်ပါရမီ ထူးသူဖြစ်လေရကာ လောကုတ္တရာစာပေအရာ၌ ဒိုးဒိုးဒေါက်ဒေါက် ထက်၏။ တရားအပြ ကောင်း၏။ နက်နဲသော ဘာသာရေးဆိုင်ရာစာပေတို့ကိုလိုက်စားနိုင်ရုံသာမက တရား ထိုင်၊ တရားပြ ဝိပဿနာ၌လည်း ပဋိစ္စသမုပ္ပါဒ်ကို ဒိုးဒိုးဒေါက်ဒေါက် ပလ္လင်ထက်ထိုင်ကာ ဟောကြားသည့်အပြင်ငယ်စဉ်က ဂီတပါရမီ ထူးရှိပေရာ မင်းမင်းလတ်၊ ထီးဆိုင်၊ ကံ့ကော်တောမျိုးအောင်မှအစ ဗဒင်၊ ဒိုးလုံး အဆုံး တဗျင်းဗျင်း
တဗြုန်းဗြုန်းနဲ့ တီးခတ် သီဆိုနိုင်သည့်ဖြစ်ပေရာ ရဟန်းဘောင် ရောက်လေရာ ပဋ္ဌာန်းပွဲအရာ၌ အခြားသော ကိုယ်တော်တို့နှင့် ခြားနားစွာ ရွတ်ဟန် သီဆိုဟန်၊ အသံအဆွဲအငင် အဖြတ်အတောက် ဂရုသံ လဟုသံ ပီသစွာနှင့် ပဋ္ဌာန်းကို ရွတ်ဖတ်နိုင်စွမ်းရှိသည်ဖြစ်ပေရာ ပဋ္ဌာန်းပွဲ တို့၌ ၈၈ မျိုးဆက်နွယ် ကိုယ်တော် ဦးခန္တီ မပါလျှင် ပဋ္ဌာန်းပွဲမစည်။
ကပ္ပိယကြီးမောင်ပွ ခေါ်၍ ဒေါ်မမလေး ရောက်လေသော် …
“ဒကာမကြီးရေ အသံမစဲ ပဋ္ဌာန်းပွဲလုပ်မယ်။ ဒီအကြောင်းအရာတွေ ရေးမယ် ”
စသည့် စကားများပြောနေဆဲ … “ဟဲ့ မောင်ပွ ဘယ်ရောက်သွားလဲ။ ဒီကောင် အခုတလော ကျောင်းကိုမကပ်ဘူး။ စပီကင်သွားတက်နေတာ။ တရုတ်စာ၊ အင်္ဂလိပ်စာ၊ ကိုရီးယားစာ အခုလည်း ဘယ်သင်တန်းသွားပြန်ပြီလဲမသိဘူး။”
“ရှိပါတယ် ဒီမှာ … သင်တန်းက ညနေမှ ”
“ဘာသင်တန်းလဲ”
“နိုင်ငံခေါင်းဆောင်သင်တန်း၊ ဘုန်းတော်ကြီးလည်း လူဝတ် ကြောင် လူ့ဘဝကနေ ဘုန်းကြီးဘဝကိုရောက်တာ။ မောင်ပွလည်း ကပ္ပိယဘဝက နေ အမတ်ဘဝကို ကူးပြောင်းဖို့ ကြံနေတာ ခေါင်းဆောင်ဖြစ်ဖို့က ကြောက်တယ်ဆိုတဲ့ စကားကိုပြောရဲဆိုရဲရှိရမယ်။”
“ဘာကိုကြောက် နေတာလဲ မောင်ပွရဲ့ ။”
“တရုတ်ကို ကြောက် တယ်လို့”
“အေး အေးထား ။ မင်းက လူကြီး စကား… ရှေးခေတ်က(ြွေကးတင် ရှင်ဘုရင်ဆပ်) အခုခေတ်( ကြွေးတင် တစ်နပ်ပဲစား)”
“ကျွန် တော် တောင်တစ်နပ်ပဲ စားတာ … လူကြီးဖြစ် ဖို့ ”
“အောင်မာ ငပွကတော့။ လေကြီးလေကျယ် နဲ့ ။ ဒီစကားက ”ကတ်ဘိနတ် လယ်ဗယ်” လောက်မှ ပြောတဲ့စကား မင်းလို ကပ္ပိယက ပြောတယ်ဆိုတော့ ဘာလဲ (မီးပျက်ရင် ဖယောင်းတိုင်နဲ့ လမ်းမထွက်နဲ့ အိမ်မှာ မီးပြန် ထွန်း) လို့ ပြောအုံးမလို့လား”
“မပြောရဲပါဘူး။ မနောက်ရဲပါဘူး။ မဝေဖန်ရဲပါဘူး။ ကိုယ်တော်ကလည်း ဒီတပတ်တည်းမှာလူတိုင်းပြောနေတဲ့ လူကြီးစကားလေ ”ပါး ရိုက်ပြီး စကားလှည့်ပြောတယ်” ဟို Journal မကြည့်လိုက်ဘူးလား ။”
“ပြောသာ ပြောရတယ် ပါးတော့အယားသား” ဟုဆိုကာ Journal ကို ကြည့်၍ ဦးခန္တီသည် ပဋ္ဌာန်းပွဲ ကိစ္စကို မေ့ကာ ” တောက် … ပဋ္ဌာန်းရွတ်မဲ့အစား … ”ရတနာသုတ်”ပဲ သွားရွတ်လိုက်ချင်တော့ တယ်။”
“ဘုန်းဘုန်းက ဘယ်သွားရွတ်မှာလဲ”
“နေပြည်တော်ထိတောင် သွားရွတ်ချင်တာ”
“ဟာ … ဒါဆို ရှေ့နေဒေါ်မမလေးကို ကြိုပြီးငှား သွားလေရော့ …”
ချမ်းမြေ့မေတ္တာတုန့်ပြန်ပါသည်။
စံ-ဇာဏီဘို
(မှတ်ချက် – အဓိပတိဂျာနယ် https://www.facebook.com/chancellorweekly တွင် ဖော်ပြခဲ့သော သရော်စာဖြစ်ပါသည်။)