ကဗျာ

အကျည်းတန်အမှောင်ထုထဲက လှသောပန်းပွင့် ပဋိပက္ခ

မောင်စိုးချိန်
ဖေဖော်ဝါရီ ၃၊ ၂၀၁၄

 

 

မီးသွေးခဲ လကွယ်ည
နက်မှောင်တိမ်လိပ်တွေကိုမှ
ခြုံစောင်လုပ်ပစ်ခဲ့တဲ့ည။

 

ဖဲထီးဆောင်းထားတဲ့ညဟာ
လေဘူပေါင်းကြီးအတိုင်း
ရောင်ကိုင်း ဖေါရောင်
ကျွှဲရိုင်းတကောင်ဖြစ်နေလို့။

 

မိုးလရဲ့
လျှပ်စစ်လက်သဲတွေနဲ့  ကုတ်ခြစ်တဲ့ခါ
ညရဲ့အရေပြားကျွှဲသားရေဟာ
တရဲရဲလောင်ကျွမ်း
ထိုးခွဲခံလိုက်ရ
အက်စစ်နဲ့အပက်ခံရသလို
ကျေးလက်ပေါ်က အမှောင်ထုဟာ
တွန့်လိမ် ပဲ့ရွဲ့သွား
အော်ဟစ်ခြုံးသံတွေအဖြစ်နဲ့
ညဟာ……။

 

မိုးပေါ်ကကြွေလွင့်
ငွေကြယ်ပွင့်တွေ ဝတ်ဆင်ခဲ့လေသလား
စပယ်ပင်ရဲ့ အကိုင်းဖျားမှာ
စပယ်တွေ အဖွေးသားပွင့်နေကြ
မပွင့်ရ……မမွှေးမြရ
အာဏာရှင် အမှောင်ထုညကို
စပယ်က အံ့တုပွင့်ခဲ့
ပွင့်လွှာထုံမြ
အဖြူလွှဆုံးအရောင်ခြယ်ဆင်
သင်းရနံ့နဲ့ ဆန့်ကျင်။

 

နှင်းဆီတို့များ
သတ္တိခဲ ဆူးချွန်ဆူးခက်နဲ့
အမှောင်လက်ကို
ထိုးနှက်ပွင့်ခဲ့။

 

ကုမုဒြာကလွဲရင်ပေါ့
သစ္စာပန်း၊ သရဖီ ၊ မြတ်လေး
ညမွှေးပန်းတို့
မိုးသို့ငံ့လင့် ရောင်စုံဖူးပွင့်
သူတို့ရဲ့
လွတ်လပ်မှုပန်းအဖြစ်ကို
ညအမှောင် လက်မဲကြီးထဲမှာ
ဝန့်ရဲစွာ ရပ်တည်ပွင့်ကြပေါ့။

 

ပန်းတို့ရဲ့
အနူးညံ့ဆုံးရနံ့ခွန်အား…….ဓါးသွား
အသိမ်မွေ့ဆုံးပန်းဝတ်မှုံ…….လှံသွား
ပွင့်ဖတ်ခွန်အား ကျည်ဖူးများ
ကျွှဲပုခုံးထ အမှောင်ထုကြီးအား ထိုးနှက်
ညမျက်နှာဟာ ကွဲအက်
ပတ္တမြားရည် စီးသွန်ထွက်
အရုဏ်ဦး မိုးသောက်နံနက်ကို ဖွင့်လှစ်ခဲ့ကြပေါ့

 

အော်…..
လှလိုက်တဲ့ ပဋိပက္ခ။
မောင်စိုးချိန်
မေ ၂၂ ၊ ၂၀၀၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts