တူမောင်ညို သူတို့အာဘော်

အစီရင်ခံစာနှောင်ကြိုးဖြင့် ချည်နှောင်ထားလိုက်ပြီ – Tu Maung Nyo

အစီရင်ခံစာနှောင်ကြိုးဖြင့် ချည်နှောင်ထားလိုက်ပြီ

တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်)

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာဆိုသည်ကို တင်သွင်းလိုက်ပြီ။

“ကာမဘုံသား ဆုံလည်နွား” ဆိုသည်ကပင်  ပူးပေါင်းကော်မတီ၏ပြင်ဆင်မှုအဆင့်ဆင့်ကို အဘခေါ်လောက်အောင် “ ပြင်ဆင်ရေးသံသရာ”သည် ချာချာလည်ပေတော့မည်။ “၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှကာလပတ်လုံး မရပ်မနားလည်နေမှာလည်းဖြစ် သည်။

 “ပူးပေါင်းကော်မတီ”ဆိုသည့်ဇကာဖြင့် ပဏာမအဆင့် “တိုက်ချ” ပြလိုက်ခြင်းဖြစ်ပြီး၊ ကျလာသမျှကိုလည်း ဇကာအထပ်ထပ် ဖြင့် ထပ်မံစိစစ်သွားမည်ဟု လမ်းကြောင်းချပေးလိုက်ခြင်းဖြစ်သည်။

            ဇကာအထပ်ထပ်ဆိုသည်မှာ ပူးပေါင်းကော်မတီအစီရင်ခံစာ၌ “တင်ပြ” ထားသည့်အချက်များအနက်မှ ဦးစားပေးရမည့် အခန်း နှင့်ပုဒ်မရွေးချယ်ခြင်း၊  ရွေးချယ်ထားသည်များကို တစ်ဆင့်ခြင်းဆက်လက်ဆောင်ရွက်ခြင်း၊ ထပ်မံလေ့လာသုံးသပ်ပြီး အချိန်ယူဆောင် ရွက်ခြင်း ဟူ၍ဖြစ်သည်။ ထိုသို့ အဆင်ဆင့်အချိန်ယူ၊ စိတ်ကြိုက်စိစစ်ပြီးနောက်  ပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေး၍ ပြင်ဆင်မည့် အပိုဒ်နှင့်အဓိပ္ပါယ်ကိုပါ ဆုံးဖြတ်အတည်ပြုကြရမည် ဟူ၍ဖြစ်သည်။

ထို့အပြင် ၁၀၆,၁၀၂ ဦးက လက်မှတ်ထိုးထားသည်ဆိုသည့်  “မပြင်ဆင်ဘဲထားရှိရန်”ဆိုသည့် ပုဒ်မအချို့ကိုပင် ဗြောင် ဖော်ပြ လိုက်သည်။

 ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ်၊ မဇ္ဈိမသတင်းစာ၊ အတွဲ၂၊ အမှတ် ၅၅ ၌ (ဗိုလ်)အောင်သိန်းလင်း က “ပုဒ်မ ၅၉(စ) အပါ အဝင် မပြင်ဆင်လိုသောပုဒ်မ ၇ ခု” ရှိကြောင်း လေသံပစ်ခဲ့ဖူးသည်ကိုမှတ်မိကြဦးမည်။ (ထိုပုဒ်မများနှင့်ပတ်သက်၍ မိုးမခ ဝဘ်ဆိုဒ်တွင် ဖော်ပြခဲ့သော ကျနော်၏ဆောင်းပါး “ ပုဒ်မ ၅၉(စ) အပါအဝင် မပြင်ဆင်လိုသော ပုဒ်မ ၇ ခု ကိစ္စ” ဆောင်းပါးတွင် အသေးစိတ်ဖော်ပြခဲ့ပြီးဖြစ်ပါသည်)

ပူးပေါင်းကော်မတီအစီရင်ခံစာ၌  “မပြင်ဆင်ဘဲထားရှိရန်”  ၁၀၆၁၀၂ ဦးက လက်မှတ်ရေးထိုးထားသည့် ပုဒ်မအချို့နှင့် ကြံ့ဖွံ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဗိုလ်အောင်သိန်းလင်း ပြောခဲ့သည့် “မပြင်ဆင်လိုသောပုဒ်မ ၇ ခု” ဆိုသည်မှာ ထပ်တူထပ်မျှ တူညီနေပါ သည်။ ဤသို့တူညီနေသည်မှာဘာမျှမဆန်းပါ။ ဗိုလ်အောင်သိန်းလင်းသည် ကြံ့ဖွံ့ပါတီ၏သဘောထားကို ဗြောင်ထုတ်ဖော်ပြောကြားခြင်း ဖြစ်ပြီး၊ ပူးပေါင်းကော်မတီကလည်း ကြံ့ဖွံ့ပါတီ၏ သဘောထားကိုပင် ထပ်မံအတည်ပြုဖော်ထုတ်ပြသလိုက်ခြင်းဖြစ်ပါသည်။

၂၀၀၈အခြေခံဥပဒေ လေ့လာသုံးသပ်ရေး၊ ပြင်ဆင်ရေး၊ အတည်ပြုရေး စသည့် လုပ်ငန်းအဆင့်ဆင့်နှင့် အဆုံးအဖြတ်မှန်သမျှ သည် ကြံ့ဖွံ့ပါတီ၏ လက်ထဲ၌သာရှိပါသည်။ လွှတ်တော်ထဲရှိ ဒီချုပ်ပါတီအမတ်များ၏ အနေအထားမှာ ကြံ့ဖွံ့ပါတီ၏ ဆုံးဖြတ်ချက် ဒီမိုကရေစီနည်းလမ်းကျကြောင်း“ကန့်ကွက်ပါသည်”သို့မဟုတ် “ကန့်ကွက်မဲပေးသည်”ဟူသောအချက်ကို ပြောဆိုဆောင်ရွက်ရမည့်ဘဝ အခြေအနေသာဖြစ်ပါသည်။ တနည်းအားဖြင့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ကို သနပ်ခါးလူးပန်းပန်ပေးရန် မျှသာဖြစ်ပါသည်။ ကြံ့ဖွံ့ ပါတီကလည်း ဒီချုပ်ပါတီ၏ ကန့်ကွက်ချက်(ဝါ)ကန့်ကွက်မဲပေးသည်ကို “အများစုက အနည်းစု၏ဆန္ဒကို အသိအမှတ်ပြုသည်” ဟူသော ဒီမိုကရေစီယဉ်ကျေးမှုပျားရည်ဖြင့် ဝမ်းချပေးပေလိမ့်မည်။

 “မပြင်ဆင်လိုသောပုဒ်မ ၇ ခု”ဆိုသည် မှာ အောက်ပါ အတိုင်းဖြစ်သည်။

–       အခန်း (၁)               ပုဒ်မ ၆ (စ) ၊ ပုဒ်မ ၄၂

–       အခန်း (၃)               ပုဒ်မ ၅၉ (စ)

–       အခန်း (၇)               ပုဒ်မ ၃၃၇ ၊  ပုဒ်မ ၃၃၈

–       အခန်း (၁၂)                        ပုဒ်မ ၄၃၆

–       အခန်း (၁၄)                        ပုဒ်မ ၄၄၅

“မပြင်ဆင်လိုသောပုဒ်မ ၇ ခု”ကို ယခုကဲ့သို့ ဗြောင်ထုတ်ဖော်ကြေညာရခြင်းမှာ လွှတ်တော်တွင်းရှိ ကြံ့ဖွံ့ပါတီအမတ်များနှင့် စစ်သားအမတ်များအားမည်သို့ရပ်တည်၊ မဲပေးကြရမည်ကို ကြိုတင်အမိန့်ပေး၊ ညွန်ကြားလိုက်ခြင်းလည်းဖြစ်သည်။ ထို့အပြင် ဤအချက် များအား  မည်သူမျှ၊ မည်သည့်ပါတီကမျှ ထိပါးခြင်းမပြုရဟူ၍ ကြိုတင်ဟန့်တားပိတ်ပင်လိုက်ခြင်းလည်းဖြစ်သည်။

ထို့အပြင် မည်သည့်အချက်များကို “ဦးစားပေး”ရမည် ဆိုသည့်အချက်နှင့်ပတ်သက်၍လည်း ကွဲလွဲမှုမရှိစေရန် ဤသို့ပင် တိတိ ကျကျလမ်းကြောင်းပေးညွန်ကြားထားပါသည်။ လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းကျော်ဖြင့် ပြင်ဆင်နိုင်သည့်အချက်များဖြစ်သည့် အကြံပြု ချက်များအား ဦးစားပေး ဆောင်ရွက်သွားရန် လိုကြောင်း” ဟူ၍ဖြစ်ပါသည်။

အဓိပ္ပါယ်မှာ ပုဒ်မ ၄၃၆ (က) တွင်ပြဋ္ဌာန်းဖော်ပြထားသည့် ပုဒ်မများကို ပြင်ဆင်မည်မဟုတ်ပြောလိုက်ခြင်းဖြစ်သည်။  “မပြင် ဆင်လိုသောပုဒ်မ ၇ ခု”သည် ပုဒ်မ ၄၃၆ (က) တွင်အကြုံးဝင်နေသည့်ပုဒ်မများဖြစ်ပါသည်။

သို့ဖြင့် ပူးပေါင်းကော်မတီသည် လွှတ်တော်တွင်းပြင်ဆင်ရေးသမားများကို အစီရင်ခံစာနှောင်ကြိုးဖြင့် ချည်နှောင်ထားလိုက်ပြီ ဖြစ်သည်။

 “၂၀၀၈ အခြေခံဥပဒေ”တည်မြဲနေသမျှ လွှတ်တော်တွင်း “ပြင်ဆင်မှုမှန်သမျှသည်”  ကြံ့ဖွံ့ပါတီနှင့်စစ်အုပ်စု စိတ်ကြိုက်ရလဒ် သာထွက်မြဲထွက်နေပေလိမ့်မည်။ ဖြစ်မြဲဖြစ်နေပေလိမ့်မည်။

ညွန်း

–       မြန်မာ့အလင်းသတင်းစာ (စာမျက်နှာ – ၇) ၊ ၂၀၁၄ ခုနှစ်၊ ဖေဖေဝါရီလ ၁ ရက်၊

–       မဇ္ဈိမသတင်းစာ အတွဲ ၂၊ အမှတ် (၅၅)  ကြာသာပတေးနေ့၊  ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊

–       မိုးမခ ဝဘ်ဆိုဒ်၊ တူမောင်ညို – “ပုဒ်မ ၅၉ (စ) အပါအဝင် မပြင်ဆင်လိုသော ပုဒ်မ ၇ ခု ကိစ္စ” ၊  ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

–       Photo – RFA , ရန်ကုန်မြို့ ဗိုလ်စိန်မှန် ဘောလုံးကွင်း၊ မပြင်ရေး ဆန္ဒထုတ်ဖော်စဉ်၊ ဖေဖော်ဝါရီ ၂။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “အစီရင်ခံစာနှောင်ကြိုးဖြင့် ချည်နှောင်ထားလိုက်ပြီ – Tu Maung Nyo
  1. လူလိမ်၊ လူကောက်၊ လူညစ်၊ သူခိုး အောင်သိန်းလင်း.. ကိုယ့်အရိပ် ကိုယ်ကြောက် ဆက်ပြီး ညစ်ပတ်နေသမျှတော့ မင်းတို့ရဲ့ အနာဂါတ် ဘယ်လိုမှ မလှပနိုင်ဘူး.. သံသရာဆိုတာ ထားလိုက်ပါဦး..။

  2. ပါတီစုံ ဒီလူကရေစီစနစ်နဲ့ သွားနေတာပါတကား။

Comments are closed.