Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

အဆိုတော် တူးတူး ၅၀ပြည့် ဂီတစင်မြင့်ပွဲတော် အောင်မြင်

အဆိုတော် တူးတူး ၅၀ပြည့် ဂီတစင်မြင့်ပွဲတော် အောင်မြင်
ရန်နောင်(ဗိုလ်တထောင်)၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၄

အဆိုတော် တူးတူး၏အသက်ငါးဆယ်ပြည့်ရွှေရတုအထိမ်းအမှတ်နှင့် ဂီတသက်တမ်း နှစ်သုံးဆယ်ပြည့် အမှတ်တရ စင်မြင့်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ဇန်န၀ါရီ ၃၀ နေ့က ကျင်းပပြုလုပ်ခဲ့သည် ။

“ကျွန်တော် သီချင်းပုဒ်ရေ လေးဆယ်လောက်တော့ဒီညဆိုဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်ရှေ့လမှာ ကိုယ်ပိုင်သံစဉ် အသစ်တခွေထုတ်ဖို့ ရှိပါတယ် ။ ဒီညမှာလည်း  ‘ဆန္ဒ’  နဲ့ ‘စကားတခွန်း’ ဆိုတဲ့သီချင်းအသစ်နှစ်ပုဒ်လည်း ဆိုပါမယ် ဟု အဆိုတော် တူးတူးက ပြောကြားခဲ့သည်။

အဆိုတော် မေခလာမှလည်း ‘ချစ်ငယ်က မောင်လေးကိုလာအားပေးတာပါ ၊ တူးတူးသီချင်းတွေ ပြန်လည်သီဆိုတာကို ကြိုဆိုပါတယ်’ ဟု ဆိုသည်။

 

လာရောက်ကြည့်ရှုသော ပရိသတ် အမျိုးသမီးတစ်ဦးက “တူးတူးသီချင်းတွေက ရင်ကိုအေးမြစေတယ်ကွယ်၊ မမတို့က ငယ်ငယ်ကတည်းက သိပ်ကြိုက်တာ။ သူ့သီချင်းတွေက အခုခေတ်ပေါ်စကားနဲ့ဆို ‘ဟတ်ထိ’ တယ်ပေါ့” ဟု သူ့ခံစားချက်ကို ပြောခဲ့သည်။

ည ( ၈ ) နာရီတိတိတွင် THE ACES အဖွဲ့၏ ဒရမ်ရိုက်ချက်သံပြင်းပြင်းနှင့်အတူ ‘အချစ်ရဲ့ရုပ်သေး သီချင်း’ ဖြင့်ဖျော်ဖြေပွဲအားစတင်ဖွင့်လှစ်ခဲ့သည်။ ယခုညအစီအစဉ်ကို FORD ကားကုမ္ပဏီနှင့် PREMIER COFFEE တို့ မှ အဓိက ပံ့ပိုးကူညီသည် ။

ဗစ်တာခင်ညို ၊ခိုင်ထူး ၊ဂျေမောင်မောင် ၊ချစ်ကောင်း၊ အက်စကဲနက့်၊ ကော်နီ နှင့်ဟေမာနေဝင်းတို့ ကူညီသီဆိုပေးခဲ့သည် ။ တူးတူး၏ စင်မြင့်အပြင်အဆင်ကို နေမျိုးဆေးမှ ပြုလုပ်ပေးခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် အစအဆုံးကူညီပေးသူမှာ စိုးနိုင်ထွန်း (အီကြာကွေး ) ဖြစ်သည် ။ အဝတ်အစားများကို အမေရိကားမှ မသန္တာက ပေးပို့ပေးခဲ့ပါသည် ။

မွေးနေ့ကိတ်ကို အနုပညာ မောင်နှမများဖြစ်ကြသော ချစ်ကောင်း ၊ဟေမာနေဝင်း ၊အနဂ္ဂ၊ သံသာဝင်း ၊ဂျေမောင်မောင် ၊မေဆွိ ၊အက်စကဲနက် ၊ THE ACES အဖွဲ့တို့နှင့်အတူ တူးတူး၏ဇနှီးချော ပင်ကီ ပါဝင်ကာ တူးတူးနှင့်အတူ ကိတ်ကိုလှီးခဲ့ကြသည်။

 

တူးတူးသည် အစီအစဉ်ကောင်းများနှင့် သီချင်းအပုဒ် လေးဆယ်အား မမောတမ်း သီဆိုဖျော်ဖြေခဲ့ပြီး ပရိသတ်အား လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်သို့ ပြန်လည်ခေါ်ဆောင်ခဲ့သောညတစ်ညဖြစ်ခဲ့သည်။ ရှေ့လတွင် ထွက်ရှိတော့မည့် တကိုယ်တော် ကိုယ်ပိုင်သံစဉ်သီချင်းအသစ်များကိုလည်း ဆက်လက်အားပေးပါလို့လည်းပရိသတ်အဟောင်း အသစ်များကို သတင်းကောင်းပါးလိုက်သည်။

တူးတူးနှင့် THE ACES အဖွဲ့၏ဖျော်ဖြေမှုကို ည( ၁၂ ) နာရီတွင်အဆုံးသတ်ခဲ့ပါသည်။ THE ACES အဖွဲ့တွင် လိဒ်ဂစ်တာ ပက်ထရစ် ၊ဘေ့စ် ဆလိုင်းဇာလျန်း ၊ ကီးဘုတ် ကျော်သက်နိုင် ၊ ဒရမ်ပတ်ကားရှင်း စိုင်းသာဌေး တို့က တီးခတ်ပေးခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

2 thoughts on “အဆိုတော် တူးတူး ၅၀ပြည့် ဂီတစင်မြင့်ပွဲတော် အောင်မြင်
  1. ကိုဇာလျန်း အပါအ၀င် the aces မူရင်းလူတွေ တီးနေတုန်း.. ကျန်းမာနေတုန်းမို့ ၀မ်းသာမိပါတယ်။

Comments are closed.