သတင်းပဒေသာ

Unity သတင်းဂျာနယ်က သတင်းထောက်များ ပေါက်မြို့နယ်လက်နက်စက်ရုံသတင်းကြောင့် ဖမ်းဆီးခံရဟု ဆို

Unity သတင်းဂျာနယ်က သတင်းထောက်များ ပေါက်မြို့နယ်လက်နက်စက်ရုံသတင်းကြောင့် ဖမ်းဆီးခံရဟု ဆို

မိုးမခအထောက်တော် (ရန်ကုန်) ဖေဖော်ဝါရီ ၁၊ ၂၀၁၄

ရန်ကုန်မြို့ထုတ် အပတ်စဉ်သတင်းဂျာနယ်တခုဖြစ်တဲ့ ယူနတီက သတင်းထောက်တွေကို အာဏာပိုင်အဖွဲ့အစည်းတခုက လိုက်လံဖမ်းဆီးနေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းများ လက်ခံရရှိပါတယ်။

အယ်ဒီတာတဦးက ဖြစ်စဉ်ကို ပြောရာမှာ …

“ယူနတီက သတင်းထောက် တွေကို လိုက်ဖမ်းနေတယ်၊ ပေါက်မြို့နယ်က လက်နက်စက်ရုံသတင်းရေး တာကြောင့်၊ ပေါက်က တယောက်ကို ဖမ်းပြီး ရန်ကုန်က သတင်းထောက် ၃၊ ၄ယောက်ကိုလည်း ဖမ်းပြီး စစ်ဆေးဖို့ ကြိုးစားနေတယ်။ တချို့သတင်ထောက်တွေ ရှောင်တိမ်းနေရတယ်။ ဘယ်လိုပုဒ်မနဲ့ဖမ်းတယ်။ ဘယ်အဖွဲ့အစည်းက လာဖမ်းတယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူး။” လို့ ဆိုပါတယ်။

ဒီသတင်းသာ အတည်ပြုနိုင်ခဲ့ရင် ဦးသိန်းစိန်အစိုးရလက်ထက် သတင်းထောက်တွေကို သတင်းရေးလို့ တိုက်ရိုက်ဖမ်းဆီးတာ အခုဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ နိုင်ငံတော်လျို့ဝှက်ချက် ဆိုတာနဲ့ ဘယ်ဟာက အများပြည်သူသိသင့်တဲ့ သတင်းအချက်အလက်လဲဆိုတာကို ခုချိန်ထိ မြန်မာနိုင်ငံမှာ အတိအကျ ရှင်းလင်းနိုင်ခြင်း မရှိသေးပါဘူး။

ပေါက်မြို့နယ်က လက်နက်စက်ရုံသတင်းဆိုတာကို အင်တာနက်ပေါ်မှာ သူတို့ထုတ်ခဲ့တဲ့ ဂျာနယ်တွေမှာပြန်လည် ရှာဖွေပြီး ဖတ်ရှုကြည့်ဖို့ လိုပါလိမ့်မယ်။ ခုချိန်ထိ အသေးစိတ် မသိရသေးပါ။ အတည်ပြုချက် မရနိုင်သေးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts