ကဗျာ ဆောင်းယွန်းလ

ခေတ်ကာလကြီးအကြောင်း (၂)

ဆောင်းယွန်းလ
ဇန်န၀ါရီ ၃၀၊ ၂၀၁၄

 

 

ခေတ်က သုံးမတ်ဖိုးအတွက်
သန်းခြောက်ဆယ်ကျော်ဖိုး လျော်နေရတဲ့ ကာလပေါ့…

 

ခေတ်က ကျည်ကာအင်္ကျီဝတ်ပြီးမှ
လမ်းထွက်လျှောက်လို့ရတဲ့ ကာလပေါ့….

 

ခေတ်က ဆီပေးရင် ဆန်ပါဆုံးပြီး
နိဂုံးရောက်ခါနီးတိုင်း မာတိကာကို ပြန်လှန်ဖတ်တယ်…

 

ခေတ်က သဘာဝကို အပျိုရည်ဖျက်ထားလို့
ရှုခင်းတွေ နဂိုရည်ပျက်နေရရှာတဲ့ ကာလပေါ့….

 

ခေတ်က စကားလုံးတလုံးတည်းနဲ့ ဘောင်းဘီကြပ်နေပြီး
ဂါထာမမှန်လို့ ဘာသာပြန်ဖို့လည်း ခက်နေတယ်….

 

ခေတ်က နန်းဆန်အောင် ပန်းပန်ထားပေမယ့်
ကုဋေတသန်းလည်း မတန်ဘူး ခြေလှမ်းလည်း မမှန်ဘူး….

 

ခေတ်က တံခါးမရှိတော့ဘူး တရားမရှိတော့ဘူး
ခေတ်မှာ အချစ်ပျောက်ပြီး မြစ်ပျောက်နေသလို
ခြေဖျားထောက်ဖို့ မြေသားပျောက်နေတယ်……

 

ခေတ်က ငြိမ်းချမ်းရေးအကြောင်းကို သေနတ်ကိုင်ပြီးပြောတယ်
ငြိမ်းချမ်းရေးနံမည်တပ်ထားပေမယ့် မငြိမ်းချမ်းဘူး..

 

ခေတ်က တဘို့တည်းကြည့်ပြီး တလမ်းတည်းမောင်းတယ်…..

 

ခေတ်က ခေတ်ပညာတတ်တချို့ကို
မေ့လွယ်ပျောက်လွယ် ပုံပြင်တချို့နဲ့ ချော့သိပ်တတ်တယ်….

 

ခေတ်က ကိုယ့်နဖူးကိုယ် သိုက်ပြန်တူးနေပြီး
ဇာတ်နာအောင် ဇာတ်တူသားစားပြတယ်….

 

ခေတ်က ချောင်းကိုပစ်ပြီး မြစ်ကိုခွာတယ်
ကိုယ့်မြင်း ကိုယ်စိုင်းပြီး စစ်ကိုင်းမရောက်ခဲ့ဘူး
ကိုယ့်လှေ ကိုယ်ထိုးပြီး ပဲခူးမရောက်ခဲ့ဘူး…..

 

ခေတ်က တနေ့တလံ အရွေ့မမှန်ခဲ့လို့
ပုဂံ….ရွေ့ခဲ့တယ်…ပုဂံ……ရွေ့ခဲ့တယ်….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts