ကဗျာ တင်မိုး

အပျင်းထူတမ်း (Tin Moe)

 

အပျင်းထူတမ်း

တင်မိုး

(ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အမှတ်တရ ပြန်လည်တင်ဆက်သည်)
အဆင်းဖြူဖြူ နှင်းမြူတွေကြား
ပြဒါးလင်းဂူ သွားပြီး
အပျင်းထူထူနဲ့ ကစားချင်တယ်။

ဗိုက်ဆာမှ အမဲလိုက်
သူရဲတသိုက်လို ဆူညံ ဆူညံ
လူသံ သူသံနဲ့ ကင်းဝေး
အပျင်းမွေးပြီး အိပ်နေမယ်။

တဏှာလောဘတွေနဲ့
ကမ္ဘာလောကကို ရွ့ံမုန်း
ကိုယ်တုံးလုံးနဲ့ နေချင်နေ
နေမသိ လ မသိ
ညမရှိ နေ့မရှိ
အဲဒါမှ ဘ၀ပီတိ။

မငြင်းမခုန်ဘဲ
သီချင်းအစုံ ဆိုချင်ရာဆို
စိတ်လိုတိုင်း ဖန်တီး
ကကြီး ခခွေးတွေ
ရေးချင်ရာရေး
တွေးချင်ရာ တွေးနေမယ်။

အဟံ ငါတကား တွေနဲ့
ဈာန်ပျံကာ ကြွားနေတဲ့
မာန်သတ္တ၀ါသမားတွေကို
ဟားတိုက်လို့ ရယ်မောပြီး
တခေါခေါ အိပ်ပစ်မယ်။

မင်းရှိတာ ငါယူစား
ငါရှိတာ မင်းယူစား
အသားတွေ တဖဲ့စီဝေ
ရေအိုင်မှာ အတူသောက်
ဗိုက်မှောက်ပြီး နေတန်နေ
ဒီမြေဟာ အတူပိုင်တယ်
တူပြိုင် ဂူလိုဏ် သစ္စာတိုင်။

လမ်းတွေ အတူဖောက်
စမ်းရေ အတူသောက်ကြစို့
ဂူပေါက်ကို သွား၊ ဂူထဲမှာ နားမယ်
အမှားတွေ လုပ်ရတာ ပျင်းတယ်။

ပြဒါးလင်းဂူသွားပြီး
အပျင်းထူတမ်း ကစားရအောင် ။ ။

တင်မိုး
၂၆၊ ၆၊ ၂၀၀၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts