ရေခြားမြေခြား မြန်မာများ

စင်္ကာပူမှ ဒေါ်မာမာအေး ၏ ဂီတပွဲတော် အမှတ်တရခံစားမိသည်များ ( မတ်လ ၃ရက် ၂၀၁၃)

 

စင်္ကာပူမှ ဒေါ်မာမာအေး ၏ ဂီတပွဲတော် အမှတ်တရခံစားမိသည်များ ( မတ်လ ၃ရက် ၂၀၁၃)

ကိုသန်းလွင်၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၄

 မာမာအေး ဂီတပွဲတော်ရှိသည်ဆို မနက်အစောကြီး ကျွန်တော် အိပ်ရာမှ ထရလေသည်၊ ကျွန်တော့် ဆိုင်က တနင်္ဂနွေနေ့ပါ ဖွင့်သော ဆိုင်ဖြစ်ရာ လုပ်စရာ ရှိတာတွေကို ဆိုင် သို့ စောစောသွား လုပ်ရပါသည်၊ ပွဲတော်ကျင်း ပမည့် အစီအစဉ် ကြော်ငြာစာမှာ ညနေ ၃ နာ ရီမှ ည ဂနာရီအထိဟု ဆိုသောကြောင့် ဆိုင်မှ မွန်းလွဲ ၂ နာရီတွင် ကျွန်တော် ထွက်ခဲ့ ပါသည်၊

 Ayer Theater ကိုကျွန်တော် မရောက်ဖူးပါ၊ Outtran Park ဘူတာ အနီးမှာ ရှိသည်ဆို၍ ဘူတာအထိ လာခဲ့သော်လည်း ဘယ်အပေါက်မှ ထွက်ရမည်ကို ကျွန်တော်မသိ၊ Control Tower ကိုမေးမှ Pearl Center နှင့် မျက်နှာ ချင်းဆိုင်မှာရှိတယ် ဟု ညွှန် လိုက် ပါသည်၊ ဘူတာနှင့်သိတ် မဝေးတော့ပါ၊ ဘူတာက ထွက်သည်နှင့် မြန်မာ အဖေါ်တွေတွေ့ပါပြီ၊ သူတို့သွား ရာနောက်ကို လိုက်သွားရုံ နှင့် ဇတ်ရုံ ကိုရောက်ပါသည်၊

 ၂ နာရီခွဲ မှာ ဇတ်ရုံဘေး ရောက်သွားသောအခါ မြန်မာတွေ တအုပ်ကြီး ဖွဲ့ ပြီးစောင့်နေ ကြ တာကို တွေ့ ရပါသည်၊ ဇတ်ရုံကိုငှားထားသည်မှာ ၃ နာရီခွဲမှ ဂ နာရီ အထိ ဟုဆိုပါသည်၊ လေအေးစက် ဖွင့် မပေးသေး၍ ထင်ပါ၏၊ ကျွန်တော်တို့ ရုံထဲကို ၀င်ခွင့်မရ၊ စုဝေးနေသော လူအုပ်ကို ကြည့် လိုက်မှ ကျွန်တော့် လို အသက် ၆၀ နီးသော အဖိုးကြီး အဖွား ကြီးတွေ ကို ဘဲ တွေ့ ရပါသည်၊ ဆံပင်တွေ ဖြူကုန်ကြပြီ၊ လူငယ် လူရွယ်တွေ ကို များများစားစား မတွေ့ ရ၊ အချို့ သားသမီးတွေ ပါကြသော်လည်း ပြေးကြ ဆော့ ကြ တုံး အရွယ်တွေသာဖြစ်ပါ၏၊ အခုခေတ် ကလေးတွေက မာမာအေး ကို မသိကြ တော့ပြီ၊

 ကျွန်တော်တို့ နိုင်ငံ၏ ယဉ်ကျေးမှု သမိုင်းကြောင်းကိုဖြစ်စေ၊ ဂီတ သမိုင်းကြောင်းကိုဖြစ်စေ ဖေါ်ပြမည်ဆိုလျင် အဆိုတော် မာမာအေးအကြောင်းမပါဘဲ မပြည့်စုံနိုင်ပါ၊ မာမာအေးသည် တခေတ်တွင် တယောက် ဟု ဆိုရလောက်အောင် တံခွန် ထူခဲ့သူဖြစ်ပါသည်၊ ကျွန်တော် တို့သည် ဗမာ့ဂီတ ကို ကမ္ဘာကသိရမည်ဟု မရည်ရွယ်ခဲ့ကြပါ၊ မာမာအေး၏ တေးများသည် ကမ္ဘာ ကိုတော့ မလွှမ်းမိုးခဲ့ပါ။ သို့သော် မြန်မာတိုင်း၏ နှလုံးသားများတွင်တော့ မာမာအေး ၏ ဂီတ သံသာသည် အမြစ်တွယ်နေကြပြီး ဖြစ်ပါသည်၊

 Ayer  ကပွဲရုံသည် နောက်ဆုံးပေါ် အီလက်ထရောနစ် ကရိယာတွေနှင့် တည်ဆောက် ထားသော ကပွဲ ရုံ ဖြစ်သည်၊ အဆိုတော် သန်းမြတ်စိုး နှင့် ပါလာသော သံစုံ တီးဝိုင်းမှာ လူ ၅ ယောက် ထက်မပိုပါ၊ သို့ပေမဲ့ ငြိမ့်ညောင်း သာယာသော တေးသံသာသည် တရုံ လုံးကို လွှမ်းခြုံ သွားပြီ ဟုဆိုနိုင်ပါသည်၊

 မာမာအေး ကိုမမြင်ရမီ အဆိုတော် သန်းမြတ်စိုးနှင့် မင်းအောင်လှိုင်တို့ ကဒေါ်မာမာအေး၏ အထုပ္ပတ္တိ ကိုစတင်ဖတ် ပြနေကြသည်၊ ကျွန်တော့်ရှေ့ ကထိုင်နေကြသော ကလေးတစု က ကြွက်စီ ညံအောင် တယောက်တပေါက် စကားတွေ ပြောနေကြလေသည်၊ ရယ်သံသဲ့သဲ့ ကိုလည်းကြားနေရ၏။

 ခဏ ကြာမှ ဒေါ်မာမာအေးအသံကိုစတင်ကြားရပါသည်၊ “ရွှင်လန်းချမ်းမြေ့ ကြပါစေ” ဆိုသော သီချင် ကိုဦးဆုံး ဆိုပါသည်၊  “ဖေဖေလဲ ချမ်းမြေ့ပါစေ မေမေလဲ ချမ်းမြေ့ပါစေ” ဟု စဦး ဆိုလိုက်သော တေးသံသာသည် တရုံ လုံးကို မင်သက်မိသွားစေပါသည်၊ အသက်ကြီး ပြီ ဆိုသော်လည်း အသံသည် ချိုမြတုံး၊ ရှေ့က ကြွက်စီကြွက်စီ ပြောနေကြသော စကားသံ တွေ လည်း တိတ်သွားလေပြီ၊ အသံကောင်းလိုက်တာ ဒေါ်မာမာအေး ရယ်ဟု ချီးကျုးနေ သံကို ကြားနေရသည်၊

 တေးရေးဆရာ မောင်လွမ်းကြင် က “ဒီညကဗျာရေးပါဦး” ဟု ရေးလိုက်သော ကဗျာကို စန္ဒယား ချစ်ဆွေ က အသံသွင်းပေးသောအခါ ဆွတ်ပျံ့ဘွယ် တေးတပုဒ်ကိုရသည်၊ ဒေါ်မာမာအေး က ထိုသီချင်း ဖြစ်ပေါ်လာပုံ ကို ရှင်းပြနေသည်မှာ သိင်္ဂါရ ရသ မြောက် သည်ဟု ကျွန်တော် ထင်ပါသည်၊

 ကျွန်တော်တို့ ငယ်ငယ်က တေးသီချင်းတွေကို နားထောင်ဘို့ မြန်မာ့ အသံကိုသာ အားကိုး ကြရ ပါသည်၊ ညပိုင်း ဂနာရီ ၁၅ မိနစ် ဆိုလျင် ဓါတ်ပြားရ သီချင်းအသစ်တွေ ကို လွှင့် ပေးတတ် သည်၊ မာမာအေးကိုယ်တိုင်၏ သီချင်းသံ ကို အစဦးဆုံး ကျွန်တော် နားထောင်ဘူးသည်မှာ တက္ကသိုလ် ရောက်စ ၁၉၇၀ နှစ်များဆီက ဖြစ်ပါသည်၊ နှစ်စဉ် တန်ဆောင်တိုင်ပွဲတော်ကို ရန်ကုန် မှာ ရပ်ကွက်များ အလိုက် ကျင်းပကြမြဲ ဖြစ်ပါသည်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း လို နေရာ တွေမှာ ဇတ်ခုံတွေထိုး ပြီး အဆိုတော်တွေ သီဆို ဖျော်ဖြေ ကြပါသည်၊ သန်းဖေလေး၊ ချိုပြုံး တင်တင်မြ စသည်ဖြင့် အဆိုတော်ပေါင်းစုံ သီဆို ကြပါသည်၊ မြောက်လေ တွေ တသုန်သုန် တိုက်ပြီး ခိုက်ခိုက်တုန် အောင် ချမ်းအေးလှသော ဆောင်းည များမှာ ချိုအေး သော ဂီတသံ ကို ကြားကြရပါသည်၊ ထိုင်သူထိုင် ထသူထ ဖြစ်ချင် တိုင်း ဖြစ်နေသော ပရိတ်သတ် သည် ဘာဘဲ လုပ်နေနေ မာမာအေး၏ ဂီတရေယဉ်ကြော မှာမျောပါနေကြ သည်ကတော့ သိသာလှ ပါသည်၊

 ကျွန်တော်မှတ်မိသော ထိုတညတွင် မာမာအေး ဆိုသော သီချင်းမှာ “နှစ်ယောက်ထဲ” ဖြစ်ပါ၏၊ မိုးကောင်းကင်ကြီးကို စာရွက်သဘွယ်ပြု၊ မြင့်မိုရ် တောင်ကြီးမှာ ကလောင်သဘွယ်၊ သမုဒ္ဒရာ ရေပြင် ကျယ်မှာ မင်ရေတွေဖြစ် ပြီး ချစ်တာတွေကို စာစီကုံး ပြနေပါသည်၊ ဒေါ်မာမာအေး သရုပ်ဖေါ်ပြနေသော အချစ်ဆိုသည်ကို ပရိတ်သတ်ကြီး က ငြိမ်သက်စွာ နားထောင်ပြီး ဂီတ လှိုင်း ကိုစီးခဲ့ကြပါသည်၊

 တခါတုံးက ပုဂံ သံတဲဟော်တယ်မှာ ညစာစား အပြီး ဧရာဝတီ မြစ်ကမ်းနဘေးတွင် ထိုင်ကာ၊ မာမာအေး၏ “ထူးမခြားနား “သီချင်းကို နားထောင်ခဲ့ရဘူးသည်၊ ရွှေနန်းရှင် ဘုရင်လုပ်သူက နန်းပြူတင်းမှနေ၍ နန်းဦးစေတီမှ ရောင်ခြည်တော် လွှတ်သည်ကို ဖူးတွေ့လိုက်ရသည်၊ ဘုရင် က မြ၀တီမင်းကြီးဦးစကို သီချင်းစပ်ဆိုစေရန် အမိန့် တော်ထုတ်သည်၊ ဦးစ က အတုလ ဆရာတော် ကို ခြောက်ဖြာသော ရောင်ခြည်တော်အကြောင်း ကို မေးမြန်း ရသည်ဟု မှတ်သားရဘူးသည်၊ အေးချမ်းသာယာသော၊ တိတ်ဆိတ် ငြိမ်းချမ်းသော ပုဂံ ဟော်တယ် ဘေးမှာ နားထောင်ခဲ့ရသော မာမာအေး ၏သီချင်းသံကို တသက်လုံးကျွန်တော် မမေ့နိုင် တော့ပေ၊ အခြား အဆိုတော်ပေါင်း မြောက်များစွာ သီဆိုဘူးခဲ့ကြသော်လည်း မာမာအေး ကိုမှီသည်ဟု ကျွန်တော်မထင်၊ အသံ ကဝေမ ဟု တင်စားခေါ်ဝေါ်ခဲ့ ကြသော အဆိုတော် မာမာအေးသည် ပါရမီ ထူးသူ ပညာရှင်တဦးလည်း ဖြစ်ပါပေသည်၊

 “စိန်ဝဇီ… သိဂ္ဂီရောင်အသွေးနဲ့” ဆိုသော ရောင်တော်ဖွင့် သီချင်းမှာလည်း ထိုနည်းတူ မာမာအေး ကို မှီအောင် ဆိုနိုင်သူ မရှိခဲ့ပါ၊ ဘိတ်သိပ် ဆရာများကအလှုပွဲ များမှာ၎င်း၊၊ ရေဒီယိုမှ အဆိုတော်များစွာ က၄င်း သီဆိုခဲ့ ကြပါသည်၊ မာမာအေးအသံကို ကြားရမှ ဘုရားရှင်၏ ဂုဏ်တော် အရောင်ကို ကြည်ညို နိုင်ကြပြီဟုထင် မိသည်၊

 အခုစဉ်မြင့်ပေါ်မှ ဒေါ်မာမာအေး မှာ အသက်ရနေပါပြီ၊ ရ၀ ကျော်ပြီဟုလည်းသိရပါ၏ နှလုံးကလည်း ခွဲထားရသည်ဆိုပါ၏၊ “ ၀ါဆိုတောင်မှ ပြာသိုနားတွင် ထားလိုက်ချင်ရဲ့ “ ဟု “တရေးချစ်ခွင့်မြင်ရနိုး “ဆိုသံကို ကြားသော် ငယ်စဉ်က နှစ်ချိုက်စွား နားထောင်ရသော သီချင်းသံ ကို သတိရမိသည်၊၊ မာမာအေး၏ ငယ်ကပုံရိပ် ငယ်ကအသံ ကိုကြားရပြီဟု ကျွန်တော် ထင်ပါသည်၊

 အသက်အရွယ်ကြောင့် “ပန်းပိတောက်ကိုချစ်တယ်” ဟု အဆိုတော် မင်းအောင်လှိုင် ကတိုင်ပေးတာ ကို မှီအောင် မဆိုနိုင်တော့ပါ၊ သီချင်း နှစ်ပုဒ် သုံးပုဒ် ဆိုပြီးတိုင်းလည်း နားနေသည်ကို မြင်ကြရပါသည်၊ မာမာအေး ထိုင်ပြီးနားနေတာကိုမြင်မှ ကျွန်တော် တို့လက်ဆင့်ကမ်းသယ်ဆောင်ကြရမည့် မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာကို တွေးမိပြီ ကျွန်တော်ရင်လေးမိသည်၊ မာမာအေးကို မှီအောင် ဆိုနိုင်သူ ရှိမည်ဟု ကျွန်တော် မထင်ပေ၊

 သီချင်းဆိုတုံး စိတ်စူးစိုက်နေရတုံးမှာ စဉ်အောက်ကတက်လာပြီး ပန်းပေးသူတွေသူနှင့် သီဆိုသူမှာ အနှောင့်အယှက်ဖြစ်လေသည်၊ ပွဲစီစဉ်သူတွေက သတိထားဘို့ကောင်းသည်၊ ကျွန်တော်တို့သည် မြန်မာယဉ်ကျေးမှု သမိုင်းမှတ်တိုင်ကို စိုက်ထူနေကြခြင်း ဖြစ်ပါသည်၊ ပျော်တိုင်းတက်ပြီး ပန်းပေးသူတွေ ကိုကြည့် ရသည်မှာ ပရိတ်သတ်ကို အနှောင့်အယှက် ဖြစ်စေသည်၊

 ယနေ့မြန်မာတို့မှာ မာမာအေးကို မှီအောင် ဆိုနိုင်သူ မရှိကြသလို ယဉ်းကျေးမှုအစဉ်အလာ ကို ထိမ်းသိမ်းနိုင်သော သီချင်းရေး ဆရာများလည်းရှားပါးသွားပါပြီ၊ မြန်မာ့ဂီတသည် ဟိုရှေးခေတ် က မြန်မာဘုရင်များ ထီးနန်းစိုးစံရာ ကိုယ့်မင်းကိုယ့်ချင်း ဘ၀တွေကတည်းက စခဲ့ကြပါသည်၊ မြန်မာမင်းများ ဘုန်းတံခိုးတေဇာ ကြီးမားခဲ့ကြသည်ကအစ တောတောင်ရေမြေ အလှအပ တွေကို ကဗျာ အေးခြင်း သီချင်းဂီတ ဖြေဖျော်စရာ ပေါင်းစုံဖြင့် မြန်မာတို့၏ ယဉ်းကျေးမှု ကို စတင်ထိမ်းသိမ်းလာခဲ့ကြပါသည်၊

 မာမာအေးသည် ရှေးခေတ်ဟောင်း အနုပညာ သီချင်း ကကြိုး ကကွက်များမှသည် ခေတ်ပေါ် စတီရီယို တေးဂီတများအထိ သီဆိုခဲ့သူ စွယ်စုံ ပညာရှင်ဖြစ်ပါသည်၊၊ နန်းတော်ရှေ့ ဆရာတင်၊ သဟာရ ဆရာတင် ဆရာမြို့မငြိမ်း စသည်ဖြင့် ရှေးခေတ် သီချင်းရေး ဆရာများ၏ သီချင်း များကို သီဆိုခဲ့သည့်နည်းတူ ယနေ့ မော်ဒန် တူရိယာ အသစ်များ နှင့် တီးခတ်သော သီချင်း များကိုလည်း သီဆိုခဲ့သူ တဦးဖြစ်ပါသည်၊ မြန်မာဘုရင်များ၏ မြင်းခင်းတော် ရေခင်းတော် စသည်ဖြင့် ထွက်တော်မူပုံ ပွဲသဘင် ဆင်ယင် ကျင်းပပုံတို့  ကို ရှေးမူ မပျက် သီဆိုနိုင် ပါ ပေသည်၊

 “မေ့ကွက်ကိုရှာ “သူ တယောက်ကြောင့် ချစ်ဒုက္ခ အပူအပင်တွေကို ခါးဆီးခံရသူတယောက် ၏ ဝေဒနာ ကို ပြည်သူတွေ မျှဝေခံစားခဲ့ကြပါသည်၊ သူက “နှင်းရေနဲ့များ ဖြန်းရမတတ်ပါဘဲ မောင်ရယ် “ ဆိုတော့ သူ့ရင်ထဲ မှ အပူကို ပြည်သူတို့ နားလည် ခဲ့ကြပါ၏၊ သူက “အချစ်၏ အဓိပါယ် “ ကို ခွဲခြမ်း စိတ်ဖြာ ပြပြန်တော့လည်း ချစ်သူ့ အပေါ်မှာ အပြစ်မယူဘဲ ခွင့်လွှတ် နိုင် ကြရ မည်ဟု သဘောပေါက်ခဲ့ ကြပါသည်၊

 တော်လှန်ရေးကောင်စီ တက်စခေတ် မှာ မာမာအေး၏အသံသည် ချိုမြအေးကြည်တုံး ဖြစ်ပါသည်၊ “နေရစ်လေတော့ ခေတ်ဟောင်း “ စသည်ဖြင့် မြေအုပ် တို့ ပြိုလေလျင် ကျောက်ဆစ် ကျောက်သားတို့ ဖြင့်တည်ဆောက်မည်ဆိုတော့ ပြည်သူတို့ က တခဲနက် ထောက်ခံခဲ့ကြ ပါသည်၊ ခေတ်ကြီးပြောင်းတော့ မည်ဟု တထစ်ချ ယုံကြည်ခဲ့ကြပါသည်၊ “မောင် အလုပ်သမား ဆိုလျင် ပျိုကပင် စတင်ချစ်ပါရစေရှင်” ဆိုတော့ အလုပ်သမားတို့ ဘ၀ ကို စာနာတတ် ခဲ့ ကြရပါ၏၊

 တတိုင်းပြည်လုံး ဒီမိုကရေစီရေးလှုတ်ယှားသူ များ က ဖိနှိပ်သူကို တုန့် ပြန်ခဲ့ကြတုန်းကလည်း မာမာအေးသည် သူသီချင်းများဖြင့် ပြည်သူတွေကို အားတက်စေခဲ့ပါ၏

 ဒီမိုကရေစီရေး တောင်းဆိုချက်များကို နှိပ်ကွပ်ချိန်မှစပြီး မာမာအေး၏အသံ မြန်မာပြည်မှ ပျောက်ကွယ်ခဲ့ရပါသည်၊ အနုပညာရှင်အများအပြား စစ်အစိုးရ လက်ထက်မှာ ဟန်မပျက် ဆက် လက်နေခဲ့ ကြသော်လည်း ဒေါ်မာမာအေး မှာ ပြည်ပကိုရောက်နေပြီး BBC မှသူ့အသံကို ကျွန်တော် တို့ ဆက်လက်ကြား နေခဲ့ရပါသည်၊ ဆွတ်ပျံ့ ဘွယ်သော သီချင်းသံကိုကား မကြားရတော့ပြီ

 ပြည်တွင်းမှာဆက်နေကြသော ဆရာတင်မိုး တို့ကို စစ်အစိုးရ ၏ရက်စက်သော နှိပ်ကွပ်မှု များ ကြောင့် ကျွန်တော်တို့ အော့နှလုံး နာခဲ့ကြရပါသည်၊ နိုင်ငံ့ အပြင်ကို ထွက်ပြေးခဲ့ တာ ဒေါ်မာမာအေး ၏မှန်ကန်သော လုပ်ရပ်ဖြစ်ပါသည်၊ ထို့ကြောင့် သာ ကျွန်တော်တို့ အခုလို သူ့ ဂီတပွဲကို တက်ရောက် နိုင် ကြခြင်း ဖြစ်ပါလိမ့်မည်၊

 ဆိုင်မှာအလုပ်ရှိသောကြောင့် အနားခဏ ပေးချိန်မှာ ကျွန်တော် ပြန်ခဲ့ရပါသည်၊ စိတ်မကောင်း စရာ တခုကတော့ ဆရာမြို့မငြိမ်း ရေးစပ်သော တေး တပုဒ်တလေမှ သီဆိုမသွားခြင်းပင်၊ အဆိုတော် က ဆိုနိုင်စေဦး တီးသူက တီးနိုင်ပါမှ သီချင်းတပုဒ် ဖြစ်မြောက်ရပါလေသည်၊

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “စင်္ကာပူမှ ဒေါ်မာမာအေး ၏ ဂီတပွဲတော် အမှတ်တရခံစားမိသည်များ ( မတ်လ ၃ရက် ၂၀၁၃)
  1. သံဃာအရေးခင်း ၂၀၀၇ မှာ ဒေါ်မာမာအေးရဲ့ အလွန်ပြောင်မြောက်လှသော ဝမ်းနည်းဖွယ်၊ သဃာတော်သွေးမြေကျ သီချင်းကြောင့် မျက်ရည်များစွာကျခဲ့ရသည်။ နိုင်ငံပြုပြင်ပြောင်းလဲရေသမား စံပြ အနုပည်ာရှင်တစ်ဦးအဖြစ်ပါသည်။

Comments are closed.