အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) ဖြစ်ရပ်များ၊ အမှတ်တရများ

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၄)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၄)
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ  ၂၆၊ ၂၀၁၄
 
 

တချို့စကားတွေဟာ ကြားဘူးစက ဘာမှန်းမသိပေမယ့် ကိုယ်တိုင် ဒက်ထိတိုးတော့မှ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သိရသည်။ လူတွေ ပြောပြောနေတဲ့  တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိဘူး ဆိုတာက တရားစီရင်ရေးမှာဘယ်လောက် အရေးကြီးတယ်ဆိုတာ အခု တကယ်ရင်ဆိုင်တွေ့လိုက်ရသည်။ တရားဥပဒေဆိုတာ အုပ်စိုးသူတို့ အတွက်  အာဏာစက်ကို လည်ပတ်ရန် တပ်ထားသောဘီး တစ်ခုတော့ဖြစ်သည်။အခု စာရေးနေစဉ်မှာပဲ ကာတွန်းတခုကို တွေ့လိုက်ရသည်။အထုပ်ကြီးကြီး တစ်ခု အဖိခံထားရသော ပိပြားနေသူ၏အသက်ထွက်တော့မယ် ကယ်ပါယူပါ အော်နေပုံ။ဘယ်သူလဲမေးတော့ တရားဥပဒေလို့ပြန်ဖြေနေပုံ။ တရာဥပဒေ အသက်ထွက်တော့မည်ဟုဆိုလိုသည်။  အာဏာရှင်လက်ထက်မှာ ဥပဒေဆိုတာ လိုသလို ဆွဲဆန့် လို့ရသော သားရေကွင်းတစ်ခု ပမာသာ။ သက်သေတွေ စစ်ဆေးသော နေ့က အမှုလာတင်သောနေ့ကလိုပင် လူတွေလာကြသည်။

သူတို့တွေထဲ မျက်နှာသိများပါ ပါနေသည်။ မြို့နယ် လဝကမှူး နှင့် ရဝတ- နောက် တစ်ယောက်ကတော့ ထောင်ထဲတုန်းက ဖြောင့်ချက် လာယူသော တရာသူကြီး။ အခုတော့သူက သက်သေ ။ ပုဒ်မ ၁၂၂-၁ အတွက် တရား သူကြီးက ရှေ့နေမပါပဲစစ်လို့မရ သောကြောင့် ရှေ့နေငှားနှိုင်လားဟု ပြီးခဲ့တဲ့အခေါက် ရုံးချိန်တုန်းကမေးမြန်းခဲ့သည်။ အားလုံးက ငှားလည်း ထူးပြီး ဖြစ်လာမှာမဟုတ်ဆိုသည်ကို သဘောပေါက်ကြသည်။ ဒီတော့ ဘယ်သူကမှ ငှားနှိုင်သည်ဟု မပြောခဲ့။ ဒီတော့ အစိုးရက ငှားပေးသည်။ ခု ရှေ့နေတစ်ယောက် ရောက်လာသည်။ သူက လာမိတ်ဆက်သည်။ သူနေတာက ဖေါ့ကန်။ ဒီတော့ အမှုတွဲထဲ ပါသော အောင်ဆန်းက ဦးသောင်ကြည်တို့နှင့် လူချင်းသိနေကြသည် ။ ပြီးသူက အင်အယ်လ်ဒီ လိုလားသူ။ ဒါကတော့ ကံကောင်းခြင်းတမျိုးတော့ဖြစ်မည် ။ သို့သော် ဘယ်လောက် အလျှောက် ကောင်းကောင်း အထောင်းကတော့ သက်သာမည်မဟုတ်။

အမှုနှင့် ပတ်သက်ပြီး ဘာတွေ ပြောသင့်သည်။ ဘာတွေ မေးသင့်သည် ဆိုတာကို တိုင်ပင်၍ ရသည်။ ထောင်ကျပြီး ကိုယ်အမှုနှင့်  ပတ်သက်လို့ ဘာမှန်းညာမှန်းမသိပဲ ကျရတာထက် ခုတော့ ဘယ်က ဘယ်လို ဆိုတာကို မေးလို့ရတော့မည်။

“ဦးခင်ဝင်း သူတို့က ရှေ့နေခ ဘယ်လောက်ပေးလဲ”

သူက ရယ်သည်။ ပြီးအနားနားသို့ကပ်လာပြီး

“ရှေ့နေခက အရေးမကြီးဘူး ဒီလို အမှုမျိုး ကြုံချင်နေတာ ရုံးမှာ အလှည့်ကျ လိုက်ပေးရတာရှိတယ် တမင် တောင်းလိုက်လာတာ”

သူ၏စေတနာနှင့် စိတ်ဝင်စားမှုကိုတွေ့လိုက်ရသည်။ သူက အားလုံးကိုလိုက်စကားပြောသည်။ လာနားထောင်သော အက်စ်ဘီ လစ်လျှင်လစ်သလို မှာသင့်တာမှာသည်။ အကြံပေးသင့်တာပေးသည်။ အပြင်မှသတင်း များကိုလည်း အားပါးတရ ပြောပြောပြသည်။ လက်ရှိ အချိန်က အမျိုးသားညီလာခံ ကျင်းပနေသောကာလ။ ကျိုက္ကဆံကွင်းထဲက ညီလာခံသည် နိုင်ငံရေး သမားများအတွက် စိတ်ဝင်တစား ရှိသောကာလဟု ဆိုနှိုင်မည်။

“အမှန်တရားဆိုတာ အရှုံးပေးရလဲခဏပါ နောက် ဇာတ်သိမ်းတော့ အမှန်တရားကသာ နိုင်တာပဲမဟုတ်လား ”

သူ့စကားက အားပေးသလို သူယုံကြည်ရာကို ပြောနေဟန်လည်း ရှိသည် ။တကယ်က သူ အတွက် အစိုးရ က တနေ့၂၅ ကျပ် ပေးသည်ဟု သိရသည်။ ဒီလိုပေးတာက စာရွက်ထဲမှာ။ ရချင်မှ ရမည်။

“ကိုခင်ဝင်း ဦးဇင်း တခုမေးချင်လို့”

သူက ခွင့်ပြုဟန်ဖြင့် ဘာလဲဟုမျက်နှာထားကိုပြသည် ။

“ကျုပ်ကို ရုံးမထုတ်ခင်က တရားသူကြီးနဲ့လာပြီးဖြောင့်ချက်လာယူသေးတယ် ဘာဖြစ်နှိုင်လဲ”

သူမျက်နှာ တမျိုးဖြစ်သွားသည် ။

“ဖြောင့်ချက် ဆိုတာ ကိုယ်ကဝန်ခံလိုက်တာပဲ ဘယ်လိုတွေ ပြောခဲ့လဲ ”

ကိုယ်ပြောခဲ့တာတွေကို သူ့ကိုပြန်ပြောပြတော့ သူက ခဏနေဦး သွားကြည့်လိုက်ဦးမယ်ဟုဆိုကာ တနေရာကို သူထွက်သွားသည်။ ခနနေပြန်လာတော့

“ကိစ္စ မရှိဘူး ဒါဖြောင့်ချက်အရာ မမြောက်ဘူး ဦးဇင်းက ဝန်ခံထားတာမှမဟုတ်တာ တရားသူကြီးကိုယ်တိုင်လာတာ ဒါကြောင့်ကိုး ငြင်းပစ် အခြေနေကြည့် ငြင်းသာငြင်း ”

ဒီလိုသူပြောလို့ငြင်းခဲ့ပါသည်။ တရားရုံးတွင် ပထမတစ်ခါ ကျောင်းတွင် ရှာဖွေ ပစ္စည်းများသိမ်းဆည်းစဉ်က ပါလာသော-ရဝတ လူကြီးနေရာ တွင် တစ်ယောက်ပြောင်းပြီးခေါ်လာသည်။ ပထမတစ်ခါတုန်းကလိုပင် ကိုယ်ရှေ့တွင် လာရောက်ရှာဖွေတာမဟုတ် ဆိုသည်ကိုသာ ပြန်ပြောသည်။ ဘယ်လိုပြောပြော ထောင်ချချင်လို့ဖမ်းလာတာဖြစ်သည်။ ဒီနေရာရောက်ပြီးသူတိုင် ထောင်ကို ကျရမည်။ လွတ်ရိုးမရှိ။ ဒီထုံတမ်းစဉ်လာကို အခု အမှုနှုင့်ပတ်သက်ပြီး လာရောက် ကြသော တာဝန်ရှိသူတိုင်းက သတ်မှတ်ပြီးသာဖြစ်နေသည်။ ဘယ်လောက် တိတိကျကျ အပြစ်မရှိကြောင်း ပြောပြပြောပြ ထောင်တော့ချရမည်။ ဒါက သူတို့ဘက်က ရှိပြီးသား အနေထား။

ကိုယ်ကလည်းထောင်ကျမည် ဆိုတာကို သိပြီးဖြစ်သည်။ သူတို့တွေ ထောင်ချ ချင်သလောက်ချ။ ကိုယ့်ဘက်က တရားနည်းလမ်းတကျ အပြစ်မရှိကြောင်း ပြကိုပြမည်။ ဒါက ကိုယ့်ဘက်က ထားသော အနေထားဖြစ်သည်။ ကိုတင့်လွင် ကို စစ်ဆေးတော့ သူနဲ့ဘာမှမပတ် သက်ကြောင်းကို ငွေလာယူသူ မောင်မောင်သန်းကကော ကာယကံရှင် ကိုယ်တိုင်ကကော သေချာကို တင်ပြနှိုင်သည်။ အမှုစစ်သော တရားသူကြီး အမှုကိုလာတင်သော မှုခင်းရဲတပ်ဖွဲ့ကပါ လက်ခံသည် ။ သို့သော် သူတို့ထက် အာဏာရှိသော တနေရာက အမိန့်ကို သူတို့ လွန်ဆန်လို့မရ။ ဒါက အားလုံးက သိနေပြီးဖြစ်သော အဖြေမှန်ဖြစ်သည်။ အမှုတွင် ကိုယ့်ဘက်ကခိုင်လုံသောသက်သေကို ဘယ်လိုပဲပြပြ  ။ သူ့သဘောသူဆောင်တော့မည့် အမှုစစ်ဆေးမှုကြီး။ အပြစ်ရှိမရှိ မေးမြန်းစဉ်တုန်းက

“အပြစ်မရှိဘူး ဘာဖြစ်လို့လဲ ဆိုတော့ ကာယကံရှင်ဖြစ်တဲ့ တိုက်ယဉ်တို့ကိုယ်တိုင် ဘုန်းကြီးဘာမှမသိပါလို့ ပြောခဲ့သလို မိမိလည်း တကယ်ဘာမှမသိလို့ အပြစ်မရှိပါဘူးနောက်လာရောက်တဲ့သက်သေတွေ အားလုံးက မိမိ မရှိစဉ် လာရောက်ရှာဖွေတာပါလို့ တညီတညွတ်ထဲ ထွက်ခဲ့ပြီးဖြစ်တယ်”

ကိုယ်က ဒီလောက်သာ  ငြင်းသည်။ ဦးဇင်းကျော်ကျော် က

“အပြစ်မရှိဘူး ၁၂၂-၁ ပုဒ်မဟာ တရားဝင် အစိုးရ တစ်ရပ်ကို တော်လှန်မှ တပ်လို့ရတဲ့ ပုဒ်မ အခု အစိုးရဟာ တရားဝင် ခြင်းမရှိလို့ အပြစ်မရှိဘူး”

ဒီအဖြေရဲ့ အဆုံးမှာ ခမ်းမတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ခပ်ခပ်လှမ်းလှမ်း ရောက်နေသော အက်စ်ဘီ များ အပြေး ဒရောသောပါး ရောက်လာကြသည်။ တရားသူကြီးက မျက်လုံးပြူးကြည့်သည်။ လက်ဖဝါးကို ပက်လက်အနေထားကနေ လက်ညှိုးတစ်ချောင်းတည်းဖြင့် မိတ်တပ်ရပ်ရန် အသံတိတ် အမိန့်ပေးသည်။ ဦးစန္ဒော က မတ်တပ်ထရပ်လိုက်သည်။ ပြန်ပြောစမ်းလို့ တရာသူကြီးက ခိုင်းသည်။ ခုန စကားကိုသာပြန်ပြောသည်။ သူ့ထံလာရန်  ခေါ်ပြန်သည်။ ရဲ အက်စ်ဘီနှစ်ယောက်က လက်တဖက် စီကို ကိုင်ပြီး ခေါ်သည်. တစ်ယောက်ထဲ တရားသူကြီး နာသွားရပ်ခိုင်းသည်။ တရားသူကြီးက  ပြန်ပြောခိုင်းသည်။ တတိယ အကြိမ် ပြန်ပြောတော့လည်း

“တရာဝင်အစိုးရ တစ်ရပ်ကိုတော်လှန်ခြင်းသည်သာ နိုင်ငံတော်ပုန်ကန်မှုဖြစ်တယ် အခု ကျုပ်တို့ တော်လှန်တဲ့အစိုးရက တရားဝင် အစိုးရမဟုတ်ဘူး ဒါကြောင့်အပြစ်မရှိဘူး”

တရားသူကြီး လက်လျှော့ လိုက်သည်။ ဘေးက လက်နှိပ်စက်စာရေးကို ထိုအတိုင်းရိုက်ရန် အချက်ပြသည်။ ပြီးတော့ ပြန်ထိုင်နှိုင်ပြီးဖြစ်ကြောင်း အချက်ပြသည်။ ခပ်လှမ်းလှမ်းမှ တရားရုံးက ငှားပေးသော ရှေ့နေက သူနဲ့ မပတ်သက်သလို နေနေသည်။ အားလုံး ၏ရင်ထဲမှာတော့ ကျေနပ် သဘောကျနေကြသည်။ အမှုကို တရားစွဲဆိုသော ရဲများနှင့် တရားရုံး တခုလုံးကတော့ မကျေမနပ် မျက်နှာထား။ ဒီလိုနှင့် တရာရုံး နောက်ဆုံး စီရင် ချက်ချမည့် နေ့ ရောက်လာသည်။

ရဲအက်စဘီများက မှက်နှာကို အစွမ်းကုန်ချိုနေကြသည်။ အက်စဘီ တွေ]အ ပြုံး သည် နှစ်မျိုးဖြစ်နှိုင်သည်။ တစ်ခုက မင်းတို့ ဘယ်လောက်ပဲ ငြင်းငြင်း နောက်ဆုံးတော့ ဒီအဖြေပဲမဟုတ်လားဆိုသောမျက်နှာပေး ။ နောက်တစ်မျိုးက အပြစ်ကြီးကြီး ပေးတော့မှာမို့ အားလိုံကို ချော့မော့နေဟန်ဟန် ။တိတိကျကျကတော့ သူတို့မှသိမည်။ ကိုယ်တွေကလည်း အပြုံးမပျက် ။ သေချာမျှော်လင့်ထားပြီး အဖြေကို လာရောက် နားထောင် သော အဆင့်မှာသာ စိတ်ကို ပေါ့ပေါ့ ပါးပါး ထားသည်။ ထင်သည်းအတိုင်အဖြေတွေက တိတိကျကျ။

၁၂၂-၁ နှစ်ပတ်သက်သူတွေကသေဒဏ် တစ်ယောက် ။ တစ်သက် တစ်ကျွန်းက ငါးယောက်။  နောက် ၅ည ပုဒ်မကခွန်နှနှစ် ။၇-၁ ပုဒ်မက နှစ်နှစ် အသီးသီး ။ မိမိက်ု ယ်ပြန်ကြည့်လိုက်တော့ တစ်ကျွန်း ၊ ခွန် အပေါင်း နှစ် ။ စုစုပေါင်း တကျွန်းနဲ့ကိုးနှစ်။

 

ခုတော့ ဆုလာဘ်တွေပွေ့ပြီး ထောင်ဝင် ကြပြီ။ ဒီနေ့ဒီအချိန်ကစလို့ မိမိတို့ အချုပ်သားမဟုတ်တော့ ။ အများနည်းတူထောင်ကျများဖြစ်ကြပေပြီ။ ခရီရှည် ချီတက်ဖို့သာ စိတ်ကိုပြင်ဆင် ရမည်ဟု တွေးပြီးသားဖြစ်နေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts