လူများ၊ ရုပ်ပုံလွှာများ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) – မီးလျှံကြားက သံမဏိပန်းတပွင့်

Photo – DVB

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) – မီးလျှံကြားက သံမဏိပန်းတပွင့်

(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၅

အွန်လိုင်းပေါ်မှ နာရေး သတင်းတခုက  အကျည်းတန်မြင်ကွင်းဖြင့် ပြည့်နှက်နေသော အတိတ်ရက် များဆီ  စိတ်ကို ဆွဲခေါ်သွားသည်။ လောကကြီးမှ ထွက်ခွါသွားသူအတွက်  ဘဝကို အနိုင်နဲ့ ပိုင်းသွားတယ်လို့ပဲ အသာရ သည့် လေသံနှင့် ပြောလိုက်ချင်သည်။ သို့သော် သူ အသာရခဲ့သည်တော့မဟုတ်။ ပေးဆပ်ခြင်း စွန့်လွှတ်ခြင်း တွေနဲ့ တင်းကြမ်း ပြည့်နှက် နေခဲ့သော နေ့ရက်များသာ သူပိုင်ဆိုင်သွားခဲ့သည်။  သူကား လုးံဝ ကျူးလွန်ခြင်း မရှိသော အမှူအတွက် သေဒဏ်ကျ ခံခဲ့ရ သော ကိုညီညီဦးပင်။

ကိုညီညီဦးနှင့်အတူအမှူတွဲပါသူ အားလုံး လုံးဝအပြစ်မရှိပဲ ဘဝတွေ ပေးဆပ်လိုက်ရသည်။  မိသားစု အသိုက် အမြုံတွေ ပြိုကွဲ ခဲ့ရသည်။ ထောင်ကျသူသာ အလူးအလဲ ခံရသည် မဟုတ် ။ ထောင်မကျသော အပြင်လောက တွင် ကျန်ခဲ့သောမိသားစု တွေ ပါ ဘဝများ ဖရိုဖရဲ တစစီကျေမွခဲ့ရသည်။

သူ၏နာရေးဖိတ်စာပါ စာသားများက သူ့ဘဝကို ညွှန်ပြနေသည်

” …

“ရက်လည်ဆွမ်ကျွေးတရားတော်နာ ဖိတ်ကြားလွှာ”
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင် မြို့နယ်နေ အဘ(ဦးတင်ညွှန့်)အမိ (ဒေါ်အေးအေးသိန်း)တို့ ၏သား (ဦးကျော်ကျော်ဦး)၏ ညီ၊ ဦးမောင်မောင်အေး + ဒေါ်မော်မော်အေး၊ ဒေါ်သီတာလွင်၊ မဇာဇာမြင့်ဆွေတို့၏ အကို ဖြစ်သူ
1988 ရန်ကုန်တိုင်း NLD (Youth) ၏ First Generation နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း၊
တောင်ပိုင်းခရိုင် NLD အတွင်းရေးမှူး ဦးညီညီဦး အသက်(၅၁)နှစ် သည် …”

တဲ့ သူဘဝကိုသူ့ဖိတ်စာကလှစ်ပြနေသည်။ မိသားစု အားလုံးနီးပါး သူထောင်ထဲမှာ ရှိစဉ်ကတည်းက လောကကြီးမှ ထွက်ခွါနှင့်နေပြီ။ ထောင်ပြင်ရောက်တော့ကော
လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ကိုသန်းဇော်ရဲ့ ပြောကြားချက်ကို ကြည့်လိုက်က ရောဂါဝေဒနာ ခံစားနေရပုံ အနီးနား ကူညီပြုစုမည့်သူ မရှိပုံတို့ကို တွေ့ရသည်။

“သူက ပြောရမယ်ဆိုလို့ရှိရင် နှလုံးလည်း မကောင်းဘူး။ ကျောက်ကပ်လည်း မကောင်းဘူး။ ကျောက်ကပ်ပျက်စီးနေတယ်ပေါ့။ အဲဒီမှာ အခြေအနေတခုလောက်တော့ဗျာ၊ ဥပမာ အစားမှားမိတာလည်း ရှိကောင်းရှိမှာပေါ့။ နောက် သူ့ကို ပြုစုမယ့်သူက ဆွေမျိုးသားချင်းဆိုလို့ အနီးကပ်မရှိဘူး။ သူ့ရဲဘော်တွေကပဲ ပြုစုပေးရင်းနဲ့ ဆုံးသွားတာပေါ့။”

သူနဲ့အတူတူ မနေရခင် ကတည်းက သူ့တို့ အကြောင်းကို သိနေခဲ့သည်။ ထိုစဉ်တုန်းကတော့ သူတို့မတရားခံရမှူတွေ အတွက် ယုတ်မာသူတို့ကို ခံပြင်း ဒေါသထွက်ခဲ့ရသည်။ အတူတူနေရပြန်တော့ ထောင်ဝင်စာမရှိ။ လာတွေ့မည့်မိသားစုက ဘယ်ဆီရောက် နေသည် မသိရ။ ထောင်မှလွတ်မည့်ရက်က ဘယ်ရက်ဆိုတာ ဘယ်သူမှမပြောနှိုင်။ ဘဝ၏ နေ့ရက်အားလုံး ထောင်ထဲတွင်သာမြှုတ်နှံ ထားနေရသော အနေအထား။ ဒီအနေအထားမှာ ဘဝရှင်သန်ရေးအတွက် နေ့စဉ် စားရေးသောက်ရေး အတွက် သူရုန်းကန် ရသည်။ဒီတင်မက ဖိစီးနေသော ဝေဒနာကိုပါ အံတုရင်း သူခက်ခက်ခဲခဲ ရပ်တည် နေရ သည်။ ထောင်တွင်း အခက်အခဲတင်းကြမ်းနှင့် အပြစ်လုံးဝမရှိပဲခံနေရ ဆိုတာတွဲစပ် မြင်ကြည့် လိုက်တော့ နဝတ နအဖခေတ်၏ လူမဆန်သော တာဝန်ယူမှူကင်းမဲ့သော အုပ်စိုးသူတို့မျက်ခွက် ဆီသာ စိတ်ထဲမှ တံတွေး အခါခါ ထွေးနေမိ တော့သည်။

သူတို့မတရားခံနေသည်ကို စစ်အစိုးရ ခေတ်ထောင်ကျသူတိုင်းက သိနေသည်။ တကယ့်တရားခံ မမိခင်မှာ သူတို့တွေကို တရားခံ အလုပ်ခံလိုက်ရသည်။ ခင်ညွန့်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲနှင့် သူတို့ထောက်လှမ်းရေး ဘယ်လောက် တော်ကြောင်း စီကာပတ်ကုံး ကလိမ်ကကျစ် သတင်းစာရှင်းလင်း ခဲ့တာကို မှတ်မိနေသည်။ ထို သတင်းစာရှင်းလင်းပွဲကို နားထောင်ရစဉ်က အမှန်တကယ်ဇာတ်လမ်းကြီးဟု ထင်ခဲ့မိသည်။ ကိုယ့်လိုပဲ နားထောင် မိ သူတိုင်းက ဇာတ်လမ်းအမှန်ဟု အထင်ရှိကြမည်သာ။ သို့သော် ထိုဗိုလ်ခင်ညွှန့် အရှက်မရှိ မျက်နှာပြောင်တိုက် ပြောကြားခံရသော အမှူတွဲပါသူအားလုံးသည် ဗိုလ်ခင်ညွှန့် ပြောသလို ကျူးလွန်ခဲ့ကြခြင်း အလျှင်းမရှိခဲ့ကြ။ မတရားရိုက်နှက် ဝင်ခံခိုင်းကြသဖြင့် ကျောပေါ်ကျလာမည့် ဒုတ်ချက်ကလွတ်ရေး အတွက် သူတို့လိုချင်သည့် အဖြေကို ပေးလိုက်ရခြင်းဖြစ်သည်။

၁၉၈၉ခုနှစ် နိုင်ငံရေး ဒီရေမြင့်တက်ချိန် သံလျှင်ရေနံချက်စက်ရုံ ဗုံးခွဲမှူနှင့် ရန်ကုန်မြို့တော်ခမ်းမ ဗုံးခွဲမှူ နှစ်ခု ဖြစ် ပေါ်ခဲ့သည်။  ပြည်သူလူထု အားလုံး၏ စိတ်ထဲသို့ တိုးဝင်လာသော သတင်းကို အမြန်ဆုံးနည်းဖြင့် ဖော်ထုတ် နှိုင်ပြီ ဖြစ်ကြောင်း ပြောရင်း ဗိုလ်ခင်ညွန့် က ခပ်ကြွားကြွား သတင်းစာရှင်းလင်းခဲ့သည်။  မြန်မာပြည်မှာ  ဘာ လုပ်လုပ် ထောက်လှမ်းရေးက အကုန်သိသည်ဆိုသည့် မျက်နှာပေးနှင့်။ တကယ်တော့ တခုမှ မကျူးလွန်သူများ၏ ဘဝကို သူတို့ အာဏာ အတွက် နင်းချေ လိုက်ကြခြင်းဖြစ်သည်။ တရားခံမဟုတ်သူတွေ ထောင်ထဲ ရောက် သွားရသည်။ တရာခံ အစစ်ကိုမိတော့ တိုင်းသိပြည်သိ သတင်းစာရှင်းလင်းပွဲကြီးနဲ့ လူထုကို လိမ်ညာထားနှင့်ပြီ။ မဆိုင်သူကို ထောင်ချထားပြီးဖြစ်နေသည်။ အပြစ်မရှိသူများကို လွှတ်မပေးပဲ ဒီအတိုင်းဆက် ထားထားသည်။ လွှတ်ပေးပြန် လျှင်လည်း မကြာသေးမှီကမှ ရှင်းလင်းထားတွေ က မမှန်မကန် ပြောဆိုခဲ့သည်ဟု အဖြစ်မှန်ပေါ်မည်။ ဒီတော့ ထောက်လှမ်းရေး သိက္ခာဆယ်ရင်း အပြစ်မဲ့သူတို့ ဘဝပျက်ခဲ့ရသည်။။

ဒီလိုနှင့် ထုသားပေသားကျခဲ့သော ကိုညီညီဦးတယောက် ထောင်လူ့ငရဲ၏ အဆိုးဆုံး နေ့ရက်တွေကို ဖြတ်သန်းရင်း ခံစားချက်တို့ကနေ ခံယူချက် အဖြစ် ပြောင်းလဲတည်ဆောက်နှိုင်ခဲ့သည်။ လောကဓံမီးပြင်းပြင်းသည် နုနယ်ပျိုမျစ် ခြင်းတွေကို လောင်ကျွမ်းဝါးမျိုခဲ့သည်။ ရောဂါဝေဒနာ များစွာကို သူကိုယ်ခန္ဓာပေါ်တွင် ချန်ထားခဲ့သည်။ သို့သော်လည်း သူ၏ယုံကြည်ချက် စိတ်ဓာတ်ကိုတော့ လောကဓံမီးပြင်းက သံမဏိလို ပိုမိုမာကျောစေခဲ့သည်။

သူ့နာရေး သတင်းဖတ်ရင်း သူနဲ့အတူတူ ထောင်ထဲ ထောင်ပြင် ဖြတ်သန်းခဲ့ရသူတို့၏ ကွန်မင့်များ စတေးတတ်များကို ဖတ်ကြည့်မိတော့ သူရုပ်ပုံလွှာက ကိုယ်နှင့်အတူတူ နေခဲ့ရစဉ် မမြင်မိသည်များကိုပါ ပြန်လည်မြင်လာရပြန်သည်။

သူနှင့်အတူ အိပ်ယာချင်းကပ် ထောင်ထဲအတူတူနေခဲ့ရသော ကျောင်းသာခေါင်းဆောင် ကိုမြတ်စံ ရဲ့..
ခက်ခဲကြမ်းတမ်းတဲ့ နရသိန်စခန်း( အင်းစိန် နဲ့ တောင်ငူ ) မှာ ဆယ်စုနှစ် နှစ်စုနီးပါး အတူ လက်တွဲ ရုန်းကန်ခဲ့ရတဲ့ ရဲဖော်ရဲဖက် တစ်ဦးဖြစ်တဲ့ ညီညီဦး ။ကောင်းရာသုဂတိ လားပါစေ။ ဆိုတဲ့ စတေးဒတ် အောက်မှာ လာမန့်ကြတဲ့ ကွန်မန့်တွေက …

“ခင်ညွန့်တို့ လူယုတ်မာ အ ပေါင်းအပါ အတ္တသမား အုပ်စုရေ မင်းတို့အကုသိုလ်တွေက မနည်းဘူးကွ ငရဲ ရိက္ခာတော့ လုံလောက်တယ်သိလား ပျော်နေကြ ပေ တော့ တစ်ဘ၀စံတွေ ရေ။ ဆိုတာ တွေ့ရသလို ကိုခင်ညွန့်ကောင်းမှူတွေပေါ့ဆိုတာက မနဲဘူး။”

ထောင်ဆိုတာက လောကအထဲ လူတွေအတွက် အဆိုးဆုံးနေရာ။ ထိုနေရာမှာ နေထိုင်ရပုံကလည်း ကမ္ဘာ့အဆိုးဆုံးသော ပုံစံ။

“အဓိကကတော့ ကျနော်တို့က ထောင်ထဲမှာ အကြာကြီးနေခဲ့ရတော့ ထောင်ရဲ့ ဒဏ်တွေလို့ ပြောရမှာပဲ။ ဥပမာ ကျနော်တို့ စစ်ကြောရေးကာလမှာ ထောက်လှမ်းရေး နှိပ်စက်တဲ့ ဒဏ်တွေရှိတယ်။ အဲဒီအချိန်က လူငယ်ဆိုတော့ မသိသာဘူးပေါ့ဗျာ။ အဲဒီ ဒဏ်တွေရယ်၊ နောက် ထောင်ထဲမှာ နှစ်ရှည်ကာလများ နေတဲ့အခါကျတော့ ထောင်ထဲက ကြွေးတဲ့ အစားအသောက်တွေရယ်၊ ထောင်ထဲကတိုက်တဲ့ ဆေးဝါးတွေလည်း အဆင့်အတန်း မရှိတာနဲ့ သမံတလင်းမှာလည်း အကြာကြီး နှစ်ရှည်နေရတယ်။ အနည်းဆုံး မအိပ်ရဘူးဆိုရင် ၁၅ နှစ်လောက် သမံတလင်းနဲ့ ဖျာတချပ်နဲ့ အိပ်ခဲ့ရတဲ့နေ့တွေက အများကြီးကို၊ အဲဒီဒဏ်တွေပေါ့ဗျာ …”

ဆိုတဲ့ စကား က ထောင်ကျသူတိုင်းရင်ဆိုင်ရမည့် ခရီးကြမ်း။

” သူ ထောင်ကထွက်လာတုန်းက သူ့အကြောင်းရေးထားတာကို ဖတ်ပြီးမျက်ရည်တောင်ကျမိပါတယ်
ထောင်က ထွက်လာတဲ့အချိန်မှာမိဘဆွေမျိုးသားချင်းတွေ မရှိတော့လို့ နေစရာပါ မရှိတော့တဲ့အကြောင်း ဖတ်ပြီး စိတ်မကောင်းလိုက်တာ … ဒီလိုနှိပ်စက်ခံ ကျောင်းသားတွေ အများကြီးရှိမှာပါဝဋ်ဆိုတာ ဘဝမကူးပါဘူး၊  သူတို့ကိုလည်း စောင့်ကြည့်ပါ။ …”

ဆိုတဲ့စာလေးကလည်း သူ့အတွက်ပိုလို့ကျေကွဲရသည်။

နောက် တောင်ငူထောင်အတွင်း ရောဂါဝေဒနာတွေကို လက်တွဲ အံကြိတ်ခံရင်း အတူတူနေခဲ့သူတဦးဖြစ်သူ ကျောင်းဆရာ ဦးဌေးလှိုင်က ကွန်မင့်တခုမှာ..

“လျပ်စီးတချက်အလင်းတလက်မှာ
ကြယ်တပွင့်ကြွေသွားပြီ။
မအေကမွေးလိုက်တာ မျှော်လင့်ချက်များနဲ့
လောကဓံတဖက်စောင်းက မပြောင်းလေ တော့
စစ်ဖိနပ် အောက် က လူးလွန့်ကာအားယူရုန်းထ
အလင်းတချက်ကပဲ
မင်းအတွက်ကျန်ခဲ့ပေါ့။(လျပ်ပြက်ဘဝ) ”

တကယ်တော့ ကိုညီညီဦးဟာ စစ်ရာဇဝတ်ကောင်တွေရဲ့ မတရားမှူကို ဘဝနဲ့ရင်းပြီး သမိုင်းကို သက်သေခံ ပေးသွားသူ ဖြစ်သည်။ ယုံကြည်ချက်တို့ ခိုင်မာပုံကိုလည်း  ထောင်ထွက်ချင်း ရင်ဘတ်တူသူ မရီရီထွန်းရဲ့ စာမှာ တွေ့နှိုင်ပါသည်။

” ထောင်ထဲမှာ နှစ်ရှည်နေခဲ့ရပြီး အပြင်ရောက်တော့လဲ ဆက်ပြီး လုပ်နိုင်ကိုင်နိုင် နေကြ တာ စိတ်ဆောင်ထားကြလို့ ပါ။ တကယ်က ရောဂါတွေက ကျွမ်းနေကြပြီ။ နောက်ဆုံးအချိန်ကို အချိန်တို အတွင်း အစောဆုံး ဘယ်သူ အရင်ရောက်မလဲပဲ စောင့်နေကြရတယ်။ RIP ကိုညီညီဦး။ …” တဲ့

ကိုညီညီဦးရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်ဝင်ကြည့်မိပြန်တော့ ပိုလို့ကျေကွဲရသည်။  သူ့ရပ်တည်ချက် ယုံကြည်ချက်တွေ ကို  ဘဝနှင့်တသားတည်းထားရင်း အတူတူ လက်တွဲ လုပ်ဆောင်ခဲ့ကြသူတွေ၏ အားကိုးယုံကြည်မှူ လေးစား ချစ်ခင်မှူကို သူယူသယ်ဆောင်သွားနှိုင်ခဲ့သည်ဆိုတာ တွေ့ရပြန်သည်။

ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေ မှားပြီးပဲထောင်ချချ ။သူသာနိုင်ငံရေးဘဝထဲ ခြေမချမိလျှင် ခင်ညွှန့်တို့နှင့် လာပတ်သက် စရာမရှိ။ နိုင်ငံရေးထဲ ဘဝကိုနှစ်မြှုတ်လုပ်ကိုင်ခဲ့ခြင်းကိုက ထောက်လှမ်းရေးတွေ၏ မုန်းတီးခြင်း ခံရမှုဖြစ်နေသည်။ ကိုညီညီဦးတို့ သံလျှင်ရေနံချက်စက်ရုံ ဖောက်ခွဲမှု ပါခြင်း မပါခြင်း ထက် နိုင်ငံရေးထဲပါ လာခြင်းသည် ထောက်လှမ်းရေး အတွက် ပြဿနာဖြစ်သည်။ ဘယ်လို အမှုကိစ္စပေါ်လာပေါ်လာ ဒီလူတွေကို ပထမဦးစားပေး ဖမ်းဆီးမည်။ ဒါတွေသည် ထောင်လှမ်းရေးတို့လုပ်နေကျအလုပ်။ လိုချင်သည့်အဖြေကို မရမက တောင်းမည်။ ဝန်မခံပါက ဝန်ခံအောင် နည်းစုံသုံးမည်။ ဘယ်လိုပင် ဖြစ်စေ ကိုညီညီဦးတို့၏ ဘဝကိုပဲ ထောက်လှမ်းရေးတွေက ဖျက်ဆီးလို့ရခဲ့သည်။ ယုံကြည်ချက်ကိုတော့ စိုးစဉ်းမျှ မဖဲ့ချွေနှိုင်ခဲ့ကြ။

ဘဝရဲ့ သက်တမ်းတဝက်ကိုထောင်ထဲ မှာနေခဲ့ရသည် ထောင်ပြင်ပြန်ရောက်တော့လည်း သူအနားမနေခဲ့။  ဘဝကို ယုံကြည်ချက်အတွက် အသုံးချခဲ့သည်။

ဒီမိုကရေစီ ခရီးကြမ်းမှာ ကိုညီညီဦးတို့ လို အပြစ်မဲ့ သူတွေရဲ့ ရင်နင့်ဖွယ်  အဖြစ်အပျက်များက ဗိုလ်ခင်ညွှန့် နဲ့ ပါးကွက်သား တွေကို ဘယ်လိုလူတွေဖြစ်သည်ဟု  သမိုင်း တရားခံအစစ်အမှန်များအား ကွက်ကွက်ကွင်းကွင်း သိစေမြင်မြင်စေမည့် ဖြစ်ရပ်တွေပင်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts