ကဗျာ ဆောင်းယွန်းလ

အရောင်ခမ်းနေတဲ့ အခန်း

ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၃၊ ၂၀၁၄

 

 

သတ်ပုံသတ်ညွှန်း မှန်မှန်ကန်ကန်
ညွှန်းဆိုထားချက် အလယ်ဗဟို တိတိပပ
ညွှန်းဆိုမှုသက်သက် ထို့ထက်ပိုသော အညွှန်းအရ
လက်သီး ကျစ်ကျစ်လစ်လစ် မေးကြော အပြိုင်းအရိုင်း
မျက်မှောင်ကျုံ့ ရှိသမျှသွေးကြောတွေတုန့်ဆိုင်းထားရတဲ့ အခန်း…

 

အခန်းဟာ
တချိန်တခါရဲ့ တစုံတရာကို လွမ်းနေတတ်တယ်
အကြောင်းညီတဲ့ သွေးလည်ပတ်မှုတွေ ခမ်းတယ်
အရင်လို ပန်းဥယျာဉ်နံဘေး လမ်းကလေးတွေကို လွမ်းနေတတ်တယ်…..

 

အခန်းဟာ
သက်မဲ့ဓာတ်ပုံတွေနဲ့ တနေကုန်အောင် စကားပြောတယ်
သောတကို ဓာတ်ပြားဟောင်းတွေနံဘေး မေးတင်ထားတယ်
စက္ခုကို အပျက်အတုတွေအနီးတ၀ိုက်  ခေါင်းစိုက်ထားတယ်…

 

အခန်းဟာ
သီးခံစောင့်ဆိုင်းရတဲ့ အထီးကျန်ခြင်းအတွက် သီချင်းစပ်နေတတ်တယ်
သောကကို ကျောချဖို့အတွက် ကဗျာရွတ်နေတတ်တယ်
မငြိမ်းချမ်းသေးတဲ့ငြိမ်းချမ်းရေးကို စိမ်းလန်းပေးဖို့ ပန်းချီဆွဲနေတတ်တယ်…..

 

အခန်းဟာ
ပိတ်လှောင်ခံထားရတဲ့ ပြတင်းတံခါးတွေစိတ်နဲ့ အံကြိတ်ထားရတယ်
အိပ်မွေ့ချခံထားရတဲ့ အမှောင်ထုရဲ့ခန္ဒာနဲ့ အသံပြာနေခဲ့ရတယ်
အစားထိုးကုမရတဲ့ စိတ်ကင်ဆာပေါ်မှာ နာတာရှည်ရောဂါသည်ဖြစ်နေခဲ့တယ်….

 

အခန်းထဲက
ပုံပြောကောင်းသူတယောက်ရဲ့ နားထောင်မကောင်းတဲ့ ပုံပြင်တပုဒ်ရယ်
မျက်လှည့်ဆရာတယောက်ရဲ့ ကြည့်မကောင်းတဲ့ ပြကွက်တကွက်နဲ့
ညမထွက်ရအမိန့်ထုတ်တတ်တဲ့ သေနတ်တလက်ဟာ
မတရားမှုတွေပေါ်ကို သူ့နေရာနဲ့သူ မတရားအလံထူထားတယ်….
အမှောင်လွှမ်းပြီး အရိပ်မဲ့နေတဲ့အခန်းမှာ အရောင်တွေခမ်းနေတယ်….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts