ရသဆောင်းပါးစုံ သားကြီးမောင်ဇေယျ

လွတ်လပ်ရေးညစာ

သားကြီး မောင်ဇေယျ
ဇန်န၀ါရီ ၁၃၊ ၂၀၁၄
‘ရှင်ဘယ်ရောက်နေလဲ ၊ ပြန်မလာသေးဘူးလား၊ ည ၉ နာရီထိုးနေပြီ’

 

တယ်လီဖုန်းထဲက မိန်းမရဲ့ အသံက ဒေါသ သံ ပါနေပါတယ်။

 

‘ ငါ လွတ်လပ်ရေးညစာ စားပွဲမှာရောက်နေတာကွ  ပြီးတာနဲ့ပြန်ခဲ့မယ်’

‘ ဒီလိုဆိုလဲ ပြီးရော    မိုးချုပ်နေလို့ မေးတာ’

 

မိန်းမရဲ့ အသံ နည်းနည်းပျော့သွားသည်။

 

စာဖတ်သူများခင်ဗျား ကျနော် လွတ်လပ်ရေး ညစာ စားပွဲ ရောက်နေတယ် ဆိုလို့ သိတ်အထင်မကြီးလိုက်ပါနဲ့ နိုင်ငံတော်က တည်ခင်းတဲ့ ညစာ စားပွဲတော့ မဟုတ်ပါ။ နိုင်ငံတော်အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံတကာ သံတမန်တွေ လည်း ကျနော်တို့ လွတ်လပ်ရေးညစာ စားပွဲ မလာကြပါ။ ဘယ်သတင်းစာ၊ ဘယ်သတင်းဋ္ဌာနတွေ မှ စိတ်ဝင်တစား လာရောက်သတင်းယူ ဖေါ်ပြကြမှာ မဟုတ်ပါ။

 

ကျနော့်မိန်းမ အထင်ကြီးဖို့သက်သက်သာ ကျနော်က လွတ်လပ်ရေးညစာ စားပွဲ ဆိုတဲ့ ခေါင်းစဉ်ကိုတတ်ပြောလိုက်တာပါ။ ဒီခေတ်မှာ ဘာပဲလုပ်လုပ် ခေါင်းစဉ်ကြီးကြီးတတ် နိုင်ဖို့ လိုတယ်မဟုတ်ပါလား။

 

တကယ်တော့ကျနော်တို့ ရဲ့ လွတ်လပ်ရေးညစာ စားပွဲဆိုတာ ရင်းနှီးတဲ့ စာပေမိတ်ဆွေတွေ၊ တက်ကြွလူပ်ရှားသူတွေ၊ လွတ်လပ်ရေး ကိုချစ်သလောက် လွတ်လပ်ရေးနဲ့ ဝေးနေသူတွေ တိုးတိုးတိတ်တိတ် ကျင်းပတဲ့ ပွဲကလေးပါ။

 

ဒီပွဲကလေးဟာ သေးငယ်ပေမယ့် သမိုင်းကြောင်းအရ စိတ်ဝင်စားဖို့ကောင်းပါတယ်။

 

မြန်မာပြည်ကြီး အမှောင်ကျနေချိန်။

 

လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က စာရေးဆရာထက်မြက်၊ မောင်သာမည၊ ဒေါက်တာ တင်စံဦး၊ စတဲ့ လွပ်လပ်ရေး ငတ်နေတဲ့ လူငယ်တစုဟာ ဆရာဒဂုန်တာရာ၊ ဆရာပါရဂူ စတဲ့ လူထုကြည်ညိုလေးစားတဲ့ စာရေးဆရာကြီးတွေ၊ နယ်ချဲ့နဲဖက်စစ်တော်လှန်ရေးမှာ လည်းပါဝင်၊ လူထုဖက်က လည်း ခေတ်အဆက်ဆက်ရပ်တည်ခဲ့တဲ့ ရဲဘော်ဟောင်းကြီးတွေ ကို ဖိတ်ကြားပြီး မလွတ်မလပ် ကျင်းပခဲ့ တဲ့ လွတ်လပ်ရေး ညစာ စားပွဲကလေးတခုရဲ့နောက်ဆက်တွဲကလေးပါ။

 

ခုတော့ အနည်းငယ်ပွင့်လင်းလာပြီမို့ က္ကုကိုင်း က တရုတ် စားသောက်ဆိုင်မှာ အနှောက်အယှက်ကင်းကင်း ၀ိုင်းဖွဲ့ နိုင်ကြပါပြီ။ ဒီပွဲမှာ ဆရာဦးဝင်းတင်၊ ဆရာမောင်မိုးသူ၊ ဆရာဦးအံ့မောင် တို့ကို အမှူးထားကျင်းပခဲ့တာပါ။ တက်ရောက်လာသူတွေကလည်း လွပ်လပ်ရေးငတ်နေကြတဲ့ စာပေမြတ်နိုးသူတွေပါ။

 

ဆရာဦးဝင်းတင်က ရသစာပေ ဖွံဖြိုးရေး နည်းလမ်း သစ်ရှာဖို့တိုက်တွန်းသွားတာကိုနားထောင်ရင်း

 

ကျနော်ငယ်ငယ်က ဆရာရေးတဲ့ အလှရှာတော်ပုံစာအုပ်ကိုပြန်သတိရမိပါတယ်။

 

အဲဒီစာအုပ်ကြောင့်ကျနော်ပန်းချီရေးချင်စိတ်တွေ ၊ ပန်းချီဆရာဖြစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့တာပါ။

 

တက္ကသိုလ်ရောက်တော့ ပန်းချီသင်တန်းတက်၊ ပန်းချီတွေရေး၊ နောက် အလကားရတဲ့ စက္ကူ၊ အလကားရတဲ့ စုတ်တံ၊ အလကားရတဲ့ ဆေး တွေနဲ့ အရေးအခင်းမှာ ပိုစတာတွေရေးမိတော့ ထောင်ကျပါလေရော။

 

ထောင်ထဲမှာ စစ်ကျောရေးအရာရှိတစ်ယောက်က ကျနော်ရေးတဲ့ ခွပ်ဒေါင်းပိုစတာကိုကိုင်ပြီးမေးတယ်။

 

‘ဒီ ကျီးကန်းပုံ ပိုစတာကမင်းရေးတာလား’ တဲ့

 

သေရောဗျာ။

နောက် ကျနော်ရေးတဲ့ ဂျိုးငှက်ပုံကိုထုတ်လာပြီးမေးသေးတယ်။

 

‘မင်းရေးတဲ့ ခိုပုံက ဒီပုံလား’တဲ့

 

ကျနော်ထောင်ထဲရောက်တာလဲစိတ်ဓါတ်မကျ၊ အရိုက်ခံရတာလဲ မမူ့။ ကျနော်ပန်းချီလက်ရာကို အခုလို အားပေးအသိအမှတ်ပြုလိုက်တာတော့ တော်တော် အခံရခက်ပါတယ်။ ရှိပါစေလေ။ သူတို့က အနုပညာနဲ့ဝေးတာကိုးလို့ တွေးပြီး စိတ်ဖြေလိုက်ပါတယ်။

 

ကျနော်ဆိုတဲကောင်က  ထောက်လှမ်းရေးတို့ SB (အက် ဘီ ) တို့နဲ့ တော်တော် အကျိုးပေးတယ်ဗျ။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က သင်္ကြန်တွင်း  အိပ်(ချ) တူး အိုး ဗုံးပေါက် သတင်း သွားယူလို့ အဖမ်းခံရတုန်းကလဲ ဒီလိုပါပဲဗျာ။

 

ကျနော်ကိုစစ်တဲ့ သူက

 

‘ခင်ဗျား အဖေ ရဲ့နိုင်ငံရေးသမား မိတ်ဆွေတွေကိုပြောစမ်း’

 

ကျနော်လဲ ကြောက်ကြောက်နဲ့ပြောရတာပေါ့။

 

‘ကျနော့်ဖေဖေရဲ့ နိုင်ငံရေးမိတ်ဆွေတွေက သခင်သန်းထွန်း၊ ဗိုလ်ဇေယျ၊ ရဲဘော်ဋ္ဌေး တို့ပါ’

 

‘သူတို့ဘယ်မှာနေလဲ ပြောစမ်း ‘

 

‘သူတို့ ပဲခူးရိုးမ မှာနေကြပါတယ်ဗျာ’

 

‘ခင်ဗျား ဒီလို ယောင်ဝါးဝါး ဖြေလို့ ဘယ်ရမလဲ၊ လမ်းနာမည်၊ အိမ်နံပါတ်တိတိကျကျပြော’

 

ကျနော်လည်း လိပ်စာ တိတိကျကျ မပြောနိုင်ပါ။

 

အဲဒီလိုနဲ့ မတရာသင်းဆက်သွယ်မူ အပါအ၀င် ကျနော် မသိတဲ့ ပုဒ်မ တွေနဲ့ ထောင် ဒဏ် ၁၉ နှစ်ကျသွားပါလေရောဗျာ။

 

ဘာပဲဖြစ်ဖြစ် လွပ်လပ်ရေးငတ်နေတဲ့ရဲဘော်တွေ မိတ်ဆွေတွေ အခုလို ကျင်းပတဲ့ လွတ်လပ်ရေး ညစာ စားပွဲကလေးကို လာရတာ ကျနော် ပျော်ပါတယ်။

 

အိမ်ပြန်ရောက်တော့ မိန်းမက

 

‘ရှင် ညစာ စာပွဲမှာ ဘာတွေစားခဲ့လဲ အိမ်မှာ ဘာမှ ချန်မထားဘူး’

‘ ကိစ္စ မရှိပါဘူးကွာ ငါက ဘဲကင်တွေ၊ ကြက်ပေါင်တွေ စားခဲ့ပြီးသားပါ’

 

ပြောသာပြောရတယ် ၊ ကျနော်အပါအ၀င် တက်ရောက်လာတဲ့ သူတွေ အတော်များများဟာ နုပျိုစဉ်က ထောင်ထဲ လုံးတီးနဲ့ ပဲ ကိုသာ ခုံခုံမင်မင်စားခဲ့ရပြီး အခုလို စားကောင်းသောက်ဖွယ်တွေ စားခွင့်ရတဲ့ အခါမှာတော့ သူတို့အားလုံးမှာ သွားတွေမရှိကြတော့ဘူးလေ။

ဒါပေမယ့် သူတို့ အားလုံး လွပ်လပ်ရေးကိုချစ်တဲ့စိတ်၊ လွပ်လပ်ရေးကို ငတ်မွတ်နေတဲ့ ခံစားမူ့တွေကတော့ အခုထက်ထိရှိနေတုန်းပါ။

အခု ကျနော် ဒီစာရေးနေတဲ့ အချိန်မှာ ကျနော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က ပြန်လွတ်တာ နှစ်နှစ်ပြည်ဖို့ တရက် ပဲလိုပါတော့တယ်။

အခု ကျနော်တို့ တကယ်လွတ်လပ်ရေး ရမရတော့ မသိသေးပါ။

 

နောက်တက်လာမယ့် အစိုးရဟာ ဒီမိုကရေစီ အစိုးရသာဖြစ်မယ် ဆိုရင် ကျနော်တို့ထောင်ကျရင်တောင် ဘီကလပ်( B class ) လောက်တော့ မျှော်လင့် နိုင်မှာပါ။

 

ဒါကြောင့် ကျနော်တို့ ဒီမိုကရေစီ အစိုးရပေါ်ထွန်းရေးကို ၀ိုင်းဝန်းကြိုးစား ကြပါစို့ဗျာ။

သားကြီးမောင်ဇေယျ
၁၂-၁-၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts