အင်တာဗျူး

(လမ်းခုလတ် – ၂၀၁၃) ဇာဂနာနဲ့ စကားလက်ဆုံ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

(လမ်းခုလတ် – ၂၀၁၃) ဇာဂနာနဲ့ စကားလက်ဆုံ

မိုးမခ၊ ဇန်န၀ါရီ ၁၁၊ ၂၀၁၄

နိုဝင်ဘာ ၂၆၊ ရန်ကုန်မြို့မှာ ကိုဇာဂနာနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အနုပညာလုပ်ငန်းတွေသာမက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ၂၀၁၁ အောက်တိုဘာ ၁၁ ရက် နိုင်ငံရေးအကျဉ်းသားအဖြစ်က လွတ်မြောက်ချိန်ကစလို့ တောက်လျောက် လုပ်ဆောင်နေတဲ့ ကိုဇာဂနာကို ၂၀၁၃ ခုနှစ်ရဲ့ လမ်းခုလတ်တနေရာမှာ သူ ဘာတွေ လုပ်နေသလဲ၊ ဘယ်အထိ ခရီးရောက်နေပြီလဲ၊ ဘယ်လို ခံစားသိမြင်တာတွေ ရှိသလဲလို့ မေးမြန်းခဲ့ပါတယ်။ သူက ဖြေကြားရာမှာ …

လမ်းခုလတ် လို့ဆိုရင်တော့ လမ်းဆုံးဆိုတာ ရှိရမှာပေါ့နော်။ လမ်းဆုံးကို မြင်ပြီလားလို့ မေးရင် ကျနော်တို့မှာ လမ်းဆုံးကို မမြင်သေးဘူးဗျ။ လမ်းအစကို မြင်သယောင်ရှိပေမယ့် လမ်းအဆုံးကို မမြင်ဘူး။ တချို့က ပြောမယ်၊ တို့က ဗေဒင်ဆရာမှ မဟုတ်တာတို့၊ ရှေ့ဖြစ်ဟောဆရာမှ မဟုတ်တာလို့။ လမ်းဆုံးကို ဘယ်ပြောတတ်မလဲလို့ ပြောမယ်။ ကျနော်ကတော့ အဲသလိုမဟုတ်ဘူး။ ကျနော်ကတော့ လမ်းဆုံးကို အရင်မြင်ချင်တယ်။ လမ်းဆုံးမြင်ရင်တော့ လမ်းခုလတ်က ဘာလဲလို့ ပြောလို့ကောင်းမယ်။ လမ်းဆုံးက ဘယ်လိုဆိုမှလဲ ကျနော်တို့က အဲဒီကို ဘယ်လိုရောက်အောင်သွားမလဲလို့ စဉ်းစားလို့ရမယ်။ ဗုဒ္ဓဘာသာနည်းအရဆိုရင်တော့ လမ်းဆုံးက နိဗ္ဗာန်ဆိုတော့၊ အဲသည်ရောက်ဖို့ လမ်း ၈ လမ်း ရှိတယ်လို့ ပြောလို့ရတာပေါ့။ အခုဟာက လမ်းဆုံးဆိုတာထက် လမ်းခုလတ်ဆိုတဲ့ဆီမှာကလည်း ကျနော်တို့ကိုယ်တိုင်က ဘယ်လမ်းက သွားရမယ်မှန်းတောင် မသိဘူး။ ကျနော်တို့ လျောက်ရမယ့်လမ်းက အတော်ကို ပြသနာရှိတယ်။

နမူနာတခုပြောမယ်။ ရှေ့က နိုင်ငံရေးကစားနေတယ်ပေါ့။ တနေ့က ဘီကလင်တန်လာတော့ အဲသည်လူက ပြောသွားတယ်၊ နိုင်ငံရေးနဲ့ မကစားပါနဲ့ လို့ ပြောသွားတဲ့။ ကျနော်တို့ကိုယ်တိုင်က နိုင်ငံရေးနဲ့ ကစားရအောင် ကျနော်တို့ကိုယ်တိုင်က နိုင်ငံရေးနဲ့ကစားတာ ခံနေရသလို ခံစားရတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းနဲ့ ၂ ယောက် မတည့်ဘူး။ အုပ်ချုပ်ရေးမကဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့ ပြသနာတက်နေတယ်။ အဲသည်အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က အလိုလိုနေရင်းနဲ့ တတိယနေရာရောက်သွားတယ်။ သူတို့ ၂ယောက် ပြသနာဖြစ်ပြနေတာနဲ့ … ဦးသိန်းစိန်က ၁၊ ဦးရွှေမန်းက ၂၊ ဒေါ်အောင်ဆန်းစုကြည်က ၃ ဖြစ်သွားတယ်။ အဲသည်တော့ လူတွေရဲ့ စိတ်ထဲမှာက ကျနော်တို့က ဦးသိန်းစိန်နောက် လိုက်ရမလိုလို၊ ဦးရွှေမန်းနောက်လိုက်ရမလိုလို၊ ဒေါ်အောင်ဆန်းစုကြည်နောက် လိုက်ရမလိုလိုတွေ ဖြစ်ကုန်တယ်။ေ၀၀ါးကုန်တယ်။ ပင်ရင်းဇစ်မြစ်ကို ကြည့်လိုက်ရင်တော့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ ရန်ဖြစ်နေတယ်ဆိုတာ ကျနော်တော့ လက်မခံနိုင်တော့ဘူး။ ရန်ဖြစ်ချင်ယောင် ဆောင်နေတာ။

ဟိုတနေ့က ဇော်ဝင်းကိုရဲ့ ဆောင်းပါးလိုပေါ့။ ကိုကာကိုလာဆောင်းပါး၊ ရှေ့လူက ၂ကိုယ်ခွဲလိုက်တဲ့အခါ နောက်လူက တတိယနေရာရောက်သွားတယ်။ ရခိုင်ပြသနာ ဖော်ပေးလိုက်တယ်။ မိတ္ထိလာ ပြသနာဖော်ပေးလိုက်တယ်။ လားရှိုးပြသနာ ဖော်ပေးလိုက်တယ်။ လက်ပံတောင်းကိစ္စဖော်ပေးလိုက်တယ်။ အဲသည် ပြသနာတွေနောက် အားလုံးလိုက်နေတဲ့အချိန်မှာ ကျောက်ဖြူ ပိုက်လိုင်းကြီးက ပြီးသွားတယ်။ ကျနော်တို့က နိုင်ငံရေးကစားခံနေရတာ။

နောက် ငြိမ်းချမ်းရေးကိစ္စကိုလည်းကြည့်။ လက်နက်ဖျက်ပါ၊ လက်နက်တွေ လျော့ပါ။ ဟုတ်ပြီ။ ကျနော်တို့ လျော့မယ်၊ ကေအိုင်အိုလျော့ပါ။ ပအိုဝ့်လျော့ပါ၊ ကေအင်ယူလျော့ပါ၊ တိုင်းရင်းသားတွေ လျော့ပါ။ ဒါပေမယ့် မြန်မာ့တပ်မတော်ဘက်က တခါမှ လျော့မယ်လို့ မပြောပါလား။ တခါမှ ကျနော်တော့ သူတို့ဘက်က လျော့မယ့်သဘောထား မကြားဖူးဘူး။ သူတို့ဖက်က ငြိမ်းချမ်းရေးသဘောထား၊ အမြင်၊ ကျနော်တို့ တပ်တွေ မလိုဘူး၊ လျော့ပေးမယ်လို့လည်း မပြောဘူး။ လက်နက်တွေ ကျနော်တို့ လျော့ပေးမယ်လို့လည်း မပြောဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လျော့ပါ၊ ဖျက်သိမ်းပါချည်းပဲ ပြောနေတယ်။ ဒါကကော ဟုတ်ကဲ့လား။

အဲလိုပြောနေရင်းနဲ့ မျက်စိလည်လမ်းမှားအောင် လုပ်ထားတဲ့ ပြသနာကလည်း ရှိတယ်။ အရင်အစိုးရလက်ထက်ကတည်းက ပြည်သူ့စစ်တွေ ဖွဲ့ထားတာတွေ ရှိတယ်။ ပြည်သူစစ်ဆိုတာက COUNTER INSURGENCY တဲ့၊ (ပြည်တွင်းသောင်းကျန်းသူ ချေမှုန်းရေး)၊ အမေရိကန်က အာဖဂန်မှာ မြန်မာပြည်ရဲ့ ပြည်သူ့စစ်မိုဒယ်ကို ယူပြီးတော့ လုပ်ရတယ်တဲ့၊ ပြောကြတယ်။ အရမ်းအောင်မြင်တယ်ပေါ့ဗျာ။ ဒီမှာ ကျနော်ပြောချင်တာက မြန်မာပြည်မှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅ ထောင် နဲ့ ၂၃ ဖွဲ့ ရှိတယ်။ အဲသည်ထဲမှာ လက်နက်ကိုင်ထားတဲ့ လူဦးရေက ၁ သိန်းနဲ့ ၈ သောင်းကျော်ရှိတယ်။ မြန်မာတပ်မတော်အင်အားလိုမျိုးတောင် ရှိတယ်။ ဒီလူတွေရဲ့ ရန်ပုံငွေ၊ ဒီလူတွေရဲ့ ဘတ်ဂျက်ကို ဘယ်ပိုက်ဆံနဲ့ သုံးနေတာတုန်း။ ယနေ့ထက်ထိ ကျနော်တို့ ဘယ်သူမှ မပြောကြသေးဘူး။

ကဲ ဟုတ်ပါပြီ။ ကချင်မှာ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ငြိမ်းချမ်းရေး ရပါပြီတဲ့၊ အပစ်အခတ် ရပ်လိုက်ပါပြီတဲ့။ အောက်ခြေမှာ ပစ်ကြပြန်ပြီတဲ့။ အဲဒါ ပြည်သူ့စစ်တွေ။ အဲဒီက လက်နက်တွေ အဲဒီက အင်အားတွေက ကျနော်တို့ ပေးထားတာတွေ မဟုတ်ဘူး။ ဒါတွေက ဘယ်ဘတ်ဂျက်လဲ၊ ဘယ်လက်နက်တွေလဲဆိုရင် ဒါတွေက တပ်မတော်က ပေးထားတာတွေ မဟုတ်လား။ သည်တော့ ကျနော်တို့က ခုချိန်မှာ ကြည့်လို့ရှိရင် နိုင်ငံရေးအရပဲ ကြည့်ကြည့်၊ စစ်ရေးအရပဲ ကြည့်ကြည့် ဘယ်အကြောင်းအရာမှာပဲ ဖြစ်ဖြစ် ကစားခံနေရတာ။

စွမ်းအားရှင်တွေ ဘယ်ပျောက်နေသလဲ။ နောက်တခုက။ သူတို့ကို ဟိုတချိန်တုန်းက UMFCCI (မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်) ကနေ ပိုက်ဆံပေးပြီး ခိုင်းထားတာလို့ပြောတယ်။ ပြီးတော့ ပြည်ထဲရေးကနေ လုပ်ထားတာလို့လဲ ပြောတယ်။ အခု ဘယ်ရောက်နေလဲ။ နောက်ကျရင် ဘယ်အချိန် ဘယ်နေရာကနေ ပြန်ထွက်လာကြဦးမှာလဲ။ သေချာတာ တခုကတော့ စီမံကိန်းတခုခုနဲ့ တနေရာရာမှာ သူတို့ကို ပို့ထားတာ ဖြစ်လိမ့်မယ်။ ဒီလူတွေရဲ့ အန္တရာယ်ကို ဂရုစိုက်ဖို့ လိုမယ် ထင်တယ်။

ဒါကို ကျနော်က ကြောက်လို့ ပြောနေတာ မဟုတ်ဘူး။ ကျနော် ထောက်ပြချင်တာက ဒါတွေဟာ တမင်ဆင်ထားတဲ့ အကွက်တွေလို့ မြင်တယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ချက်စ်ခုံပေါ်မှာ အရွှေ့ခံနေရတဲ့ အကွက်ကလေးတွေ၊ အကောင်လေးတွေပေါ့ဗျာ။ သည်လိုမျိုး ကိုယ့်ကိုယ်ကို မြင်တယ်။ ခံစားရတယ်။ ကျနော်တို့အကုန်လုံး လှလှလေး ကစားခံနေရတယ်။ အဲသည်မှာ ကျနော်တို့ဆီမှာ ဒါကို မမြင်ဘဲနဲ့ ကိုယ့်အချင်းချင်း ပြန်တိုက်နေကြတယ်။ ရှေ့က လူလည်း မမြင်တော့၊ နောက်ကလိုက်ရတဲ့သူလည်း မမြင်တော့ဘူး။ ဘယ် မြင်မလဲဗျာ။ ရှေ့က လူနဲ့ ပိတ်နေတော့ ဘယ်မြင်ရမလဲ။

နောက် အပြောခံနေရတဲ့ ဥပမာတခုကတော့ ကျနော်တို့ကို ပြောတယ်။ ခင်ဗျားတို့ကလည်း သိပ်မပြောပါနဲ့ဗျာ။ အခုအစိုးရက လ ၃၀ ပဲ ရှိသေးတယ်။ ၂ နှစ်ခွဲပဲ ရှိသေးတယ်။ ကလေးလေးပဲ ရှိသေးတယ်။ သန္ဓေသားလေးပဲ ရှိသေးတယ်။ ဒါမျိုး အပြောခံရသေးတယ်။ ပြန်ပြောလိုက်ချင်တာက ဟိုက ကလေးလေးပဲ ရှိသေးတယ်ဆိုပြီး လုပ်ထားလိုက်တဲ့ အကွက်တွေက ကျနော်တို့ ခံစရာရှိတဲ့ အကွက်တွေက တအားများတယ်။

တခုပြောရရင် တလောက ၈၈ ငွေရတုသဘင်ပွဲကြီး လုပ်ကြတယ်။ အရေးတော်ပုံစကားကို ပေးမသုံးဘူး၊ နေရာကို ပေးမသုံးဘူး။ သမ္မတက ပေးသုံးတာကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပေးမသုံးလို့ ဖြစ်နေတယ်။ နောက် ဦးအောင်မင်းတို့ ရောက်လာတော့ ပေးသုံးပါတယ် ဖြစ်သွားရော။ အစကတည်းက ပေးသုံးထားတာပဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကြားထဲမှာ ကန့်လန့်တိုက်ရတာလဲ။ အဲဒါကိုက လူတွေရဲ့ အာရုံမှာ ဘာဖြစ်သွားစေချင်တာလဲ၊ သမ္မတနဲ့ သူတို့လူတွေအချင်းချင်းကြားထဲမှာ တဖွဲ့တည်း မဖြစ်ဘူး၊ တဖွဲ့ချင်းစီ ဖြစ်နေတယ်လို့ ဖြစ်သွားအောင် တမင်ပုံဖော်တာပဲ။

သူတို့တွေမှာ တကယ်ရန်ဖြစ်နေတာ လုံးဝမဟုတ်ဘူးလို့ ကျနော်မြင်တယ်။ တကယ်တန်း ရန်ဖြစ်နေတာက ကျနော်တို့ အချင်းချင်းတွေ ဖြစ်နေတယ်။ ဟိုလူနဲ့ ဒီလူနဲ့ ဖြစ်နေတာ ကျနော်တို့ဆီက လူတွေချည်းပဲ။ ကဲ ရန်ဖြစ်သလား မဖြစ်သလား ကြည့်ချင်ရင် … တွေ့လား၊ ဘယ်လောက် လှသလဲ။ ပြီးခဲ့တဲ့ သီတင်းကျွတ်က ဦးသန်းရွှေသွားကန်တော့ကျတော့ တန်းစီပြီး အားလုံး တအုပ်ကြီး၊ တူတူညီညီ ရယ်ရယ် ပြုံးပြုံး။ သည်တော့ သူတို့တွေ မတည့်ဘူးတို့ ဘာတို့ဆိုတာက အကွက်တွေပါ။ အဲသည်အကွက်တွေကြားထဲမှာ ကျနော်တို့တွေကော၊ မိတ်ဆွေတွေ သူငယ်ချင်းကောပါ မျောပါသွားတယ်။ မျောနေတယ်။ ကျနော်ကိုယ်တိုင်လည်း ပါမသွားစေ့ချင်ဘူး။

မြန်မာပြည်မှာ သူတို့ မသိလိုက်လို့ဆိုတာ မရှိပါဘူး။ သူတို့ အကုန်သိပါတယ်။ တမင်ကို မပေးဘူးကွာ။ ပြီးတော့ ပေးချင်တဲ့အခါကျတော့ ကောက်ပေးလိုက်တယ်။ စနစ်တကျနဲ့ ဒါလေး ဒီလိုလုပ်လိုက်မယ်၊ ဒီလိုလေး ကပ်လိုက်မယ်။ ပြန်ပေးလိုက်မယ် ဆိုတာမျိုး။ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ မပေးဘူးပြောလိုက်၊ ပြီးတော့ ခွင့်ပြုလိုက်တယ်။ ဒါကို ဗိုလ်ချုပ်မင်းအောင်လှိုင်က စေ့စပ်လိုက်လို့ ပေးသလိုလို … မဟုတ်ပါဘူး၊ အစကတည်းက ပေးပြီးသားပါ။ အကွက်တွေ။ အမှတ်လိုချင်လို့ လုပ်ကြတာ။

ဒါက ၂၀၁၃ လမ်းခုလတ်မှာ ဖြစ်နေတဲ့ အဖြစ်တွေလို့ပဲ ဆိုကြပါစို့။ ကဲ … ၂၀၁၅ ကျတော့ကော ဘယ်လိုလဲ။ ၂၀၁၅ မှာ သမ္မတဖြစ်ချင်တဲ့သူ ၃ ယောက် ရှိတယ်။ အဲသည်မှာ စကားတခွန်းထွက်လာတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်က အဲသည်မှာ တပ်ကနားပြီးတော့ သမ္မတလုပ်မယ် ဆိုလား။ ဒါဆိုရင် ကျနော်တို့ တိုင်းပြည်မှာ သမ္မတဖြစ်ချင်တဲ့သူ ၄ ယောက် ဖြစ်သွားပြီ။ သမ္မတဆိုတာ ဘယ်သူဖြစ်ဖြစ် ဖြစ်ခွင့်ရှိတာပဲ။ မဖြစ်နဲ့လို့ မပြောဘူး။ ဒီနေရာမှာ ကျနော် ပြောချင်တာက ဘယ်သူ သမ္မတ ဖြစ်မယ် မဖြစ်ဘူးဆိုတာ ဒုတိယပိုင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်မယ်၊ မပြင်ဘူး ဆိုတာက တတိယပိုင်း။ အရေးကြီးဆုံးအပိုင်းက ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူ နိုင်မယ်၊ မနိုင်ဘူးလဲဆိုတာက ပြောဖို့ လိုလာပြီ။ အများကပြောနေတယ်၊ အစိုးရကိုယ်တိုင်ကလည်း ပြောနေတယ်။ ကြံ့ဖွံ့ မနိုင်ပါဘူး၊ အင်န်အယ်ဒီ Land slide နိုင်မှာပါလို့ ပြောလာတယ်။ သည်နေရာမှာ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားတွေ အားကောင်းလာတယ်။ ရှမ်းပြည်မှာ ဦးခွန်ထွန်းဦးတို့၊ ရခိုင်ပြည်မှာ ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တွေ အားကောင်းလာတယ်။ အဲသည်တိုင်းရင်းသားနယ်မြေတွေမှာ အင်န်အယ်ဒီကော၊ ကြံ့ဖွံ့ကောက အားမကောင်းနိုင်ဘူး။ ပြည်မပဲ ရှိတော့တယ်။ ပြည်မဒေသတွေမှာ အင်န်အယ်ဒီနဲ့ ကြံ့ဖွှံ့နဲ့ ပြိုင်ကြရင် ဟိုဖက်ကလည်း အားကောင်းလာတယ်ဆိုရင် သေချာတာတခုကတော့ ၂၅% သာ မပြင်နိုင်ခဲ့ရင် လွှတ်တော်ထဲမှာ တပ်မတော်သားတွေက မိန့်မိန့်ကြီး ဆက်ထိုင်နေဦးမှာပဲ။ ဘယ်သူအားကောင်းလာမလဲလို့ အတိအကျ ပြောရရင် တပ်မတော် အားကောင်းလာမယ်လို့ ပြောတာ အမှန်ဆုံး သုံးသပ်ချက် ဖြစ်ပါလိမ့်မယ်။

၂၀၁၅ မှာ တပ်မတော်က နေရာဖယ်မယ် မဟုတ်ဘူး။ လွှတ်တော်ထဲမှာ ဘယ်သူ ပြင်ပြင်၊ ဘယ်လောက်ပြင်ပြင်၊ ပြင်ချင်သလောက် ပြင်၊ ပြင်ချင်တိုင်းပြင်၊ အလျော်အစားတွေ လုပ်လုပ်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်ဖြစ်လာနိုင်တယ်။ တပ်မတော် ၂၅% က လျော့သွားဖို့ မလွယ်ဘူး။ သူတို့ဆက်ထိုင်နေရင် စစ်တပ်ရဲ့ အခမ်းကဏ္ဍကို ပြောင်းလို့ မရဘူး။ ဒီလိုဆိုရင် ဒီလိုနဲ့ပဲ ကျနော်တို့ အီလည် အီလည် သွားနေဦးမှာလား။ အရပ်ဖက်ခြမ်းက လူတွေက ကြိုတင် မြင်ပြီး စဉ်းစားပြီးတော့ ပြင်ဆင်ဖို့ မစဉ်းစားကြဘူးလား။ ခနခန ဆွေးနွေးပါတယ်။ ပြောကြ ဆိုကြ တိုင်ပင်ကြပါတယ်။ ဒါပေမယ့် … အဲသည် ဒါပေမယ့် ဆိုတာက ကျနော် မကိုးကားသင့်တဲ့ စကားလုံးပဲ ပြန်သုံးပါ့မယ်။ ဦးနေ၀င်း သုံးသွားတဲ့ စာလုံးပေါ့။ ‘မကျက်တကျက်ပေါင်မုန့်”တွေ သိပ်များတယ်။ ကျနော်တို့တွေထဲမှာ မကျက်တကျက်ပေါင်မုန့်တွေ များတော့ ရှင်းချင်တိုင်း ရှင်းလို့မရဘူး။ အချင်းချင်းမှာ အရမ်းရှုပ်တယ်။

ခုချိန်မှာ ကျနော် အားကိုးတာ၊ အရေးတကြီး ကြည့်နေတာကတော့ အခု ဆီးဂိမ်းပြီးသွားရင် နောက်နှစ်မှာ (၂၀၁၄) အာဆီယံနှစ် အဲသည်တနှစ်အတွင်း တတိယအင်အားစုကြီးတခု အမြန်ပေါ်ရင် ပေါ်မှ။ အဓိကအားဖြင့် မင်းကိုနိုင်တို့ ကိုကိုကြီး တို့ ဦးဆောင်ပြီးတော့ တတိယအင်အားစုကြီး အမြန်ပေါ်ရင် ပေါ်၊ မပေါ်ရင် ၂၀၁၅ဟာ ကျနော်တို့အတွက် Changes ဆိုတာ မဖြစ်နိုင်ပါဘူး။ အစက ကျနော့် Vsion ဟာ ၂၀၂၀ ပါ။ ၂၀၁၅ ကို မပြင်ဆင်ရင် ၂၀၂၀ မှာလည်း ကျနော်တို့ မှီမှာလည်း မဟုတ်တော့ဘူး။ ကျနော့်အမြင်ကတော့ အဲသည်တတိယအင်အားစု ဆိုတာဟာ ကျနော်တို့ တိုင်းပြည်မှာ ပေါ်ကို ပေါ်ဖို့ လိုနေပြီ။ မပေါ်သမျှကာလပတ်လုံးမှာ အင်န်အယ်ဒီ အင်အားတခုတည်းနဲ့လည်း မရင်ဆိုင်နိုင်ဘူး။

ကျနော် မျှော်လင့်တာကတော့ ပေါ်ဦးတို့ ကေကျုတို့ (မင်းကိုနိုင်၊ ကိုကိုကြီး) စုလိုက်ပြီ ဆိုရင်တော့ ၀ိုင်းကြမယ့်လူတွေကလည်း မနည်းဘူးလေ။ ကျနော်တို့တတွေလည်း ၀ိုင်းကြမှာပဲ။ သေချာတာတခုကတော့ သူတို့တွေ စုလိုက်လို့ ၀ိုင်းလာမယ့် အင်အားစုကို လောလောဆယ် အဖြေလို့ ကျနော်ထင်တယ်။ ခုဒီစကားပြောနေတဲ့အချိန်အထိ ကျနော် အဲသလို ယူဆတယ်။ သူတို့တွေမှာ ရပ်တည်မှုရှိတယ်၊ ဖြတ်သန်းမှုရှိတယ်၊ အင်အားတွေ ပရိသတ်တွေ ရှိတယ်။ ဒီအင်အားကို မျှော်မိတယ်။ ဒီအင်အားဖြစ်လာရင်တော့ ၂၀၁၅ မှာ နဲနဲလေးတော့ လှုပ်လာလိမ့်မယ်လို့ ထင်တယ်။ လှုပ်မယ်လို့ပြောတာနော်၊ တထစ်ချ ပြောင်းမယ်လို့တော့ မပြောနိုင်သေးဘူး။ ဒီလောက်ပါပဲ။

 

ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ကိုဇာဂနာ။

 (Photo – Ko Zarganar Facebook, MK )

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “(လမ်းခုလတ် – ၂၀၁၃) ဇာဂနာနဲ့ စကားလက်ဆုံ

Comments are closed.