ဟံသာဝတီ ဦးဝင်းတင် အင်တာဗျူး ဦးဝင်းတင်

Interview with U Win Tin – လူထုထောက်ခံမှုမှသည် ဆန္ဒထုတ်ဖော်မှုဆီသို့နဲ့ အစိုးရတရပ်ရဲ့ ယူရမယ့်တာဝန်များ

 

လူထုထောက်ခံမှုမှသည် ဆန္ဒထုတ်ဖော်မှုဆီသို့နဲ့ အစိုးရတရပ်ရဲ့ ယူရမယ့်တာဝန်များ

ဦးဝင်းတင်နဲ့ မေးခွန်းများ – မိုးမခ၊ ဇွန် ၃၊  ၂၀၁၂

မေး။     ။ ဒေါ်စုရဲ့ ပြည်ပခရီးစဉ်မှာ ပြည်ပရောက်မြန်မာတွေရဲ့ ကြိုဆိုမှုတွေကို ဆရာတို့က ဘယ်လိုမြင်သလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည်ပြည်ပခရီးစဉ်မှာ ဘန်ကောက်အပြင် အခြားမြို့တွေကို သွားတယ်။ ပြည်ပရောက် မြန်မာပြည်သူတွေနဲ့ ဆုံတွေ့တယ်။ ဒေါ်စုကို ကြိုဆိုကြတာာ ရွေးကောက်ပွဲကာလ၊ စည်းရုံးရေးခရီးစဉ်ကာလ မြန်မာပြည်တွင်းက ခရီးစဉ်တွေနဲ့ အလားသဏ္ဍန်သွားတူနေတယ်။ မြန်မာပြည်သူတွေက တခဲနက် အုံးအုံးကြွက်ကြွက်ကို ကြိုကြတာကို တွေ့ရတယ်။ သာမန်အားဖြင့် ဒေါ်စုက စန်းပွင့်နေလို့၊ လူကြိုက်များနေတဲ့ အချိန်မို့လို့ ဒါတွေက တွေ့မြဲပဲလို့ ပြောချင် ပြောနိုင်မယ်၊ မဆန်းဘူးလို့ ပြောချင်ပြောနိုင်မယ်။ သို့သော်လည်း အခုဟာက ပြည်ပရောက်နေတဲ့ မြန်မာပြည်သူတွေ ဖြစ်နေတယ်။ သူတို့တွေက မြန်မာပြည်ကနေ အခြေအနေအမျိုးမျိုးကြောင့် စွန့်ခွာထွက်ပြေးခဲ့ကြသူတွေ ဖြစ်တယ်။ မြန်မာပြည်နဲ့ ကွာကောင်း ကွာနိုင်တယ်။ လူဦးရေကလည်း အပြင်ကနေ သိန်းနဲ့ သောင်းချီတယ် ဘယ်လိုပဲ ပြောပြော၊ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျကြိုဆိုကြလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားဘူး။ အံ့သြစရာကောင်းလောက်အောင်ကို ပြည်ပရောက် မြန်မာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုထောက်ခံမှု ပြကြတာကို တွေ့ရတယ်။

မေး။     ။ အဲဒါက ဘာပြတာလဲ။ ပြည်တွင်းက မြန်မာတွေရဲ့ သဘောထားတွေ ဆန္ဒတွေနဲ့ ပြည်ပက မြန်မာတွေရဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေဟာ တသားတည်း၊ တသဘောတည်း ဖြစ်တယ်လို့ ပြဆိုနေတာလား ဆရာ။

ဖြေ။     ။ အဲဒါက ဘာပြနေသလဲ ဆိုတော့ … ပြည်ပရောက်မြန်မာတွေဟာ မြန်မာပြည်ပကို ရောက်နေတယ်။ ရောက်တဲ့နေရာမှာလည်း ဒုက္ခ သုက္ခတွေကို ခါးစည်းခံနေကြရတယ်။ လူကုန်ကူးခံရသူတွေ ပါမယ်။ မတရားသဖြင့် forced labor သဘောမျိုး ကျေးကျွန်တွေလိုမျိုး ချုပ်နှောင် ခိုင်းစေခံနေရသူတွေ ရှိနေတယ်။ မိသားစုတွေထဲမှာ သေကြ ကျေကြ ကွဲကွာ ပျောက်ဆုံးနေကြရတဲ့ သူတွေပါတယ်။ မြန်မာပြည်ရဲ့ အဝေးမှာ တကွဲတပြားဖြစ်နေကြရတယ်။ အဲဒီလူတွေအားလုံးဟာ သူတို့ဘ၀တလျောက်လုံးမှာ အဆက်ဆက်သော စစ်အစိုးရတွေရဲ့ လစ်လျူရှုခြင်းကို ခံစားခဲ့ရသူတွေ ဖြစ်တယ်။ မြန်မာသံရုံးတွေဆိုတာကလည်း ဒီလူတွေရဲ့ အရေးကိစ္စတွေကို ဘယ်တုံးကမှ ကိုယ်ချင်းစာတရား ဂရုဏာတရား လက်ကိုင်ထားပြီး အကူအညီပေးတာ၊ စောင့်ရှောက်မှုပေးတာတွေ မလုပ်ခဲ့ဘူး။ အဲသည်လို ခံစားနေကြရတဲ့ မြန်မာပြည်သူလူထုတွေဟာ အခုလိုမျိုး နဲနဲလေး ပွင့်လင်းလာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အချိန်မှာ ဒေါ်စုကို တခဲနက် အုံးအုံးကြွက်ကြွက် သောင်းသောင်းဖျဖျ ကြိုဆိုကြတယ် ဆိုတာဟာ ဘာကိုပြသလဲ ဆိုတော့ … ဒီလူတွေဟာ မြန်မာပြည်ကို စိတ်မကုန်ဘူး၊ ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ရောက်နေသော်လည်း မြန်မာပြည်ကို ချစ်တယ်၊ မျှော်လင့်ချက်တွေ ရှိတယ်။ မြန်မာပြည်ကို အားကိုးနေတုံးပဲ။ စေတနာတွေ ထားတုံးပဲ။  ဒါတွေကို ပြသတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့တိုင်းပြည်ခေါင်းဆောင်အဖြစ် အားကိုးတယ်။ ထောက်ခံနေတယ်။ မျှော်လင့်ချက်တွေ ထားတယ် ဆိုတာကို ပြသတာ ဖြစ်တယ်။ မြန်မာပြည်ကို ပြန်လာကြမယ့်သူတွေဖြစ်တယ်ဆိုတာကို ပြတယ်။ မြန်မာပြည်ကို   ကျောခိုင်းသွားတဲ့သူတွေ မဟုတ်ဘူး ဆိုတာကို ပြတယ်။ အဲသည် ပြည်ပရောက်နေတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်နဲ့ မေတ္တာပေါင်းကူးဆိုတဲ့ သဘောထားအမြဲရှိနေတယ်ဆိုတာကို ထုတ်ဖော်တယ်လို့ ပြောချင်ပါတယ်။

မေး။     ။ အဲသည်တော့ လက်ရှိတရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေပြီ၊ ကြားဖြတ်ရွေးကောက်ပွဲကို အောင်နိုင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်တွေမှာ ဘယ်လိုမျိုး တာဝန်တွေ လုပ်စရာတွေ ရှိလာပြီလို့ ယူဆသလဲ ဆရာ။

ဖြေ။     ။ ပြည်ပမှာ မြန်မာမိတ်ဆွေတွေနဲ့ သာမန်အားဖြင့် တွေ့ဆုံတာတင် မဟုတ်ဘူး။ ပြည်ပရောက် မြန်မာလူမျိုးတွေနဲ့ တွေ့ရတာဟာ သူတို့ရဲ့ စားဝတ်နေရေးတွေ၊ ကျန်းမာရေးတွေ၊ လူ့အခွင့်အရေးတွေ၊ သူတို့ အရေးကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီမှာ တာဝန်ရှိတယ်ဆိုတဲ့ သဘောဖြစ်သွားတယ်။ အဲသည်လိုမျိုး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အခုအချိန်မှာ ရယူထားသူတွေမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီမှာတောင် ပြည်သူတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေ ဖြစ်ပေါ်နေတယ်ဆိုရင် အခုလက်ရှိမှာ အချုပ်အခြာအာဏာကို ကိုင်စွဲထားတဲ့ အစိုးရဆိုသူတွေမှာ ဘယ်လောက်တောင် တာဝန်တွေ ရှိနေသလဲ။ ဘယ်လိုထိ တာဝန်သိတဲ့ အသိစိတ်ဓာတ်တွေ ရှိဖို့ကောင်းသလဲလို့ ထောက်ပြစရာ ဖြစ်သွားတယ် လို့ ပြောချင်တယ်။

မေး။     ။ တကယ်တန်းဆိုရင် သမ္မတကြီးဦးသိန်းစိန်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ပခရီးထွက်ပြီးတော့ ပြည်ပရောက် မြန်မာပြည်သူတွေနဲ့ ဆုံတွေ့နိုင်ခဲ့မယ်သာဆိုရင် ဦးသိန်းစိန်တို့လို လက်ရှိမှာ တာဝန်ယူထားတဲ့ အာဏာပိုင်အစိုးရကြီးတွေအတွက်လည်း ထူးခြားတဲ့ အသိစိတ်ဓာတ်တွေ ဖြစ်ပေါ်စေမယ်လို့ ပြောနိုင်မှာပေါ့နော် ဆရာရေ။

ဖြေ။     ။ အဲလိုပဲ ပြောရမယ် ထင်တယ်။ အကယ်၍ သမ္မတကြီးလည်း အခုလိုမျိုးခရီးထွက်ခဲ့ရင် အဲသည်က ပြည်သူတွေက တခဲနက်စုဝေးပြီးတော့ သမ္မတကြီး ကျန်းမာပါစေလို့ အော်မယ့်လူတွေ ရှိပါ့မလားတောင် မေးစရာဖြစ်မယ်။ အဲဒါလည်း သူတို့ သိပုံပေါ်ပါတယ်။ ဒါကြောင့်လည်း အကြောင်းအမျိုးမျိုးပြပြီး ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ ထင်မြင်မိတယ်။ မြန်မာပြည်မှာ အာဏာရှိသူပဲ ဖြစ်ဖြစ်၊ အာဏာမရှိသူပဲဖြစ်ဖြစ် နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံရေးသမားတွေတိုင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက်တာဝန်ရှိတယ်၊ ဘယ်လိုတာဝန်ယူနိုင်ရမယ်ဆိုတာကို ထင်ရှားစေတယ်လို့ ပြောချင်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေပဲဖြစ်ဖြစ်၊ တိုင်းပြည်မငြိမ်းချမ်းလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ၊ တိုင်းရင်းသားတွေအတွက် တာဝန်ယူပြီး ဆောင်ရွက်စရာတွေ၊ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်တောင် ဆက်လုပ်ဆောင်ရဦးမလဲဆိုတာ တွေးကြည့်နိုင်တယ်။

မေး။     ။ အဲသည်တော့ ဒီမိုကရေစီစနစ်ကို ပြည်သူတွေက ဘယ်လောက်တောင် လိုလားတယ်။ အဲသည်ကို မျှော်လင့်ပြီးတော့ ဒေါ်စုနဲ့တကွ အင်န်အယ်ဒီပါတီကိုလည်း ထောက်ခံအားပေးမှုတွေ ပြသကြတယ်။ ဒါ့အပြင် သူတို့ရဲ့ ဆန္ဒသဘောထား ထုတ်ဖော်မှုတွေကိုလည်း ပြည်တွင်းမှာကော ပြည်ပမှာပါ ထင်ထင်ရှားရှား တခဲနက်ကြီးကို ထုတ်ဖော်ပြသနေကြတယ်။ အဲသည်တော့ ဆရာတို့ အင်န်အယ်ဒီ ဆိုတာကလည်း ပြည်သူတွေ မျှော်လင့်တဲ့ နိုင်ငံရေးစနစ်တွေ ဖော်ဆောင်နိုင်ဖို့အတွက် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ထူထောင်နေပြီလား ဆရာ။ ပြောပြပါဦး။

ဖြေ။     ။ အဲသည်အချက်ကိုလည်း တခါတည်း ပြောပြချင်ပါတယ်။ ပါတီညီလာခံတွေ ကျင်းပဖို့ လုပ်နေပြီ။ ရပ်ကွက်ကျေးရွာကနေ ဗဟိုအဆင့်အထိကို ရွေးချယ်တင်မြှောက်ခံရတဲ့ ယန္တယားအဆင့်ဆင့်နဲ့သာ လည်ပတ်မယ်ဆိုတာကို ပြောချင်တယ်။ နှစ်ကုန်ပိုင်းကို ရည်ရွယ်ထားတယ်။ အဲသည်အတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အဆင့် ဖွဲ့ပြီးပြီ၊ ဗဟိုကနေပြီးတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကော်မရှင်ဖွဲ့မယ်။ အဲသည်နေ အဆင့်ဆင့် မြို့နယ်တွေ၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့် ဖွဲ့မယ်။ ဇူလိုင်လထဲလောက်မှာ ရပ်၊ ကျေး ကော်မရှင်တွေကနေ ညီလာခံတွေပေါ်လာမယ် ထင်တယ်။ ဒါက လုပ်ငန်းပိုင်းပေါ့။

မေး။     ။ ဒါပေမယ့် ပါတီတည်ဆောက်ရေးမှာ လုပ်ငန်းပိုင်းက တပိုင်း၊ လက်တွေ့မှာ စစ်အစိုးရအဆက်ဆက် ဖိနှိပ် ချုပ်ချယ် နှိမ်နှင်းခံထားရတဲ့အတွက် ပါတီအင်အား ထူထောင်ရေးမှာ အခက်အခဲတွေ ပြသနာတွေလည်း ရှိနေတယ် မဟုတ်ဘူးလား။ အဲသည်အတွက်ကို ဘယ်လို သဘောထား၊ အခြေခံနဲ့ ရင်ဆိုင်ဖြေရှင်းမှာလဲ ဆရာ။

ဖြေ။     ။ ပါတီဝင်တွေဟာ နှစ်ပေါင်းများစွာ ဖမ်းဆီးခံရတာတွေရှိတယ်။ ဖိနှိပ် ချုပ်ခြယ်ခံရတာတွေ ရှိတယ်။ အခက်အခဲတွေ အများကြီး ရှိတယ်။ ၂၀၁၀ စက်တင်ဘာမှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတယ်။ ၂၀၁၁ တနှစ်လုံးလုံး ဒီအတိုင်း ရုန်းကန်ပြီး ရပ်တည်ခဲ့ရတယ်။ ၂၀၁၂ ဇန်န၀ါရီ နှစ်ဆန်းပိုင်းမှာမှ ပြန်လည် မှတ်ပုံတင်ခွင့်ရတယ်။ မှတ်ပုံတင်ခွင့်ရတော့ ရွေးကောက်ပွဲဝင်ဖို့ လုံးပမ်းရတာနဲ့ ကျနော်တို့မှာ တောက်လျောက်ပဲ။ ဧပြီမှာ ရွေးကောက်ပွဲလုပ်ငန်းတွေ ပြီးလည်း ပြီးရော အခု မေလမှာ ညီလာခံကျင်းပရေးလုပ်ငန်းတွေ လုပ်ရတော့တာပဲ။

အခုလို လုပ်ငန်းစဉ်ပိုင်းဆိုင်ရာတွေ အကောင်အထည်ဖော်နေရတဲ့ နေရာမှာ တကယ်တန်းပြန်ကြည့်လိုက်ရင် အန်အယ်ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုပိုင်းဆိုင်ရာက စီအီးစီအဖွဲ့တခုပဲ တကယ်တန်းက ရှိတယ်။ တိုင်းတွေ၊ ပြည်နယ်တွေ၊ မြို့နယ်တွေ ရပ်ကွက်တွေ အားလုံးမှာ စည်းရုံးရေးကော်မတီတွေ တိတိကျကျမရှိဘူး။ ရွေးကောက်ပွဲဝင်တာတောင်မှ အောင်နိုင်ရေးကော်မရှင်တွေဖွဲ့ပြီး လုံးပမ်းခဲ့ကြရတာဖြစ်တယ်။ စည်းကော်မီတီတွေနဲ့ လုပ်ခဲ့ကြရတာ မဟုတ်ဘူး။

ပါတီကမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရှိတာက အပ အဆင့်ဆင့်မှာ စည်းရုံးရေးကော်မီတီတွေ မရှိတဲ့အတွက်ကြောင့် ပါတီညီလာခံ အဆင့်ဆင့်လုပ်ပြီး ရွေးချယ်တင်မြှောက်မှုတွေ လုပ်မယ်ဆိုရင် ဘယ်သူကနေပြီး ဦးဆောင်မလဲ၊ ဘယ်သူကနေ တာဝန်ယူ ဆောင်ရွက်မှုတွေ လုပ်မလဲဆိုရင်လည်း ဘယ်သူမှ မရှိဘူး။

 ဒီတော့ ပါတီထဲမှာလည်း ပါတီဝင်တွေအနေနဲ့ အများကြီး တိုးပွားလာနေတာတော့ မှန်ပါရဲ့။ အဲသည်မှာလည်း လူသစ်၊ လူဟောင်း ပြသနာတွေကလည်း ပေါ်နေတယ်။ ဒါကြောင့် စည်းကော်မတီတွေလည်း မရှိတော့ ပါတီညီလာခံတွေ လုပ်ဆောင်ဖို့အတွက်လည်း ရွေးကောက်ပွဲတုန်းက လုပ်ခဲ့သလိုမျိုး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင်တွေ အဆင့်ဆင့်ဖွဲ့ပြီး လုပ်ကြရသလိုမျိုး ဗဟိုကနေပြီးတော့ ညီလာခံကျင်းပရေးကော်မရှင်တွေ အဆင့်ဆင့် ပြန်ဖွဲ့ပြီး လုပ်ရတဲ့ သဘောဖြစ်လာတယ်လို့ ပြောချင်တယ်။

မေး။     ။ ပါတီဝင်တွေ အများကြီးတိုးလာတယ် ဆိုတော့ သူတို့တွေအတွက် အဆင့်ဆင့် တာဝန်တွေ၊ လုပ်ငန်းတွေ၊ သဘောထားရေးရာတွေမှာ ဘာမှ ပြင်ဆင်ပေးတာ၊ သတ်မှတ်လုပ်ကိုင်တာတွေ မရှိသေးဘူး ဆိုတဲ့ သဘောလို့ ပြောရမှာလား ဆရာ။

ဖြေ။     ။ ရွေးကောက်ပွဲအကြိုကာလနဲ့ နောက်ပိုင်းမှာ ပါတီဝင်တွေ အများကြီး တိုးတက်လာတယ်။ နိုင်ငံရေးလုပ်ချင်တဲ့သူတွေ ပေါ်လာတယ်။ အင်န်အယ်ဒီနဲ့ လက်တွဲလုပ်ချင်တဲ့သူတွေ ပေါ်လာတယ်။ နောက်ပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ နိုင်ငံရေးမလုပ်ရင်တော့ ကြံ့ဖွှံတွေနဲ့ပဲ ပြီးကုန်တော့မှာပဲဆိုပြီးတော့ နိုင်ငံရေးအလုပ်တွေကို စိတ်ဝင်စားလာတယ်။ အင်န်အယ်ဒီကို ၀င်ရောက်လာတယ်။

တပြိုင်နက်တည်းမှာလည်းပဲ ပါတီထဲမှာ ခေါင်းဆောင်ဟောင်းတွေ ရှိတယ်။ သူတို့တွေထဲမှာ စွန့်လွှတ်စွန့်စား လုပ်ခဲ့ကြသူတွေ ရှိတယ်။ ထောင်ကျ တန်းကျ လုပ်ခဲ့ရသူတွေ ရှိတယ်။ အဲသည်အပြင် အမြင်အယူအဆ မတူလို့၊ ကြောက်လို့ဆိုပြီး ပါတီအနားမကပ်နိုင်တဲ့သူတွေလည်း ရှိတယ်။ အဲသလို ပါတီပြင်ပမှာ ရောက်သွားတဲ့ ပါတီနိုင်ငံရေး အာပတ်သင့်တဲ့သူတွေလည်း ရှိတယ်။ အဲသည်မှာ နိုးကြားလာတဲ့ လူသစ်တွေအများကြီးလည်း ပေါ်လာတယ်။

 အားလုံးက ပါတီထဲမှာ စုပြုံပြီး တိုးနေကြတော့ ဘာတွေ့ရသလဲဆိုတော့ တိကျတဲ့ ခေါင်းဆောင်မှုက မရှိဘူး။ ပါတီဖွဲ့စည်းပုံ အဆင့်ဆင့်မှာ စည်းရုံးရေးကော်မတီတွေ မရှိဘူး၊ ရပ်ကျေးတွေမှာလည်း စည်းကော်မတီတွေ မရှိဘူး။ တိုင်းတွေ ပြည်နယ်တွေ၊ မြို့နယ်တွေမှာလည်း မရှိသေးဘူး။ ဒါကြောင့် ညီလာခံလုပ်မယ်ဆိုတော့ လူဟောင်း လူသစ်တွေ၊ လူကြီး လူငယ်တွေ၊ အချင်းချင်းတွေကြားထဲမှာ သဘောထားချင်းတွေ မတူညီတာတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတယ်။ ကိုယ့်ဖက် သူဖက် ခွဲခြားတာတွေ၊ ကန့်သတ်တာတွေ ဘာတွေ ကွဲပြားတာတွေ ပေါ်လာကြတယ်။

မေး။     ။ အဲသလို ပါတီအင်အားတွေ စုပြုံတိုးနေတာကို အကောင်းဖက်က ကြည့်မလား၊ အဆိုးဖက်က ပြောမလား ဆရာ။

ဖြေ။     ။ ကျနော်ကတော့ အခုလိုမျိုး အများသူငှာ တက်ကြွ နိုးကြားလာတာမျိုးကို အကောင်းဖက်က မြင်ပါတယ်။ ဒါက ဥပုဒ်နေ့တို့ လပြည့်နေ့တို့လို နေ့မျိုးမှာ ဘုရားရင်ပြင်ပေါ်မှာ ဘုရားဖူးတွေ၊ ကောင်းမှုကုသိုလ်ပြုတဲ့သူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတဲ့သဘောမျိုး မြင်ပါတယ်။ အပျော်အပါးအတွက် ဘောလုံးပွဲတို့၊ စတိတ်ရှိုးပွဲတို့မှာ တိုးကြိတ်နေတာမျိုး မဟုတ်ဘူးလို့ မြင်ပါတယ်။ ရန်ဖြစ်ဖို့ ရန်စောင်ဖို့ မာန်ထောင်ဖို့ ၀င်တာမဟုတ်ဘူး၊ သဒ္ဒါကြည်လင်စိတ်နဲ့ ၀င်လာကြတယ် လို့ မြင်ပါတယ။် စိတ်စေတနာတွေက မှန်တဲ့အတွက် ဘယ်လောက်ပဲ အချင်းချင်းတွေ မတူညီတာ၊ ကွဲပြားတာတွေ ပေါ်နေ ပေါ်နေ တကယ်တန်းမှာတော့ အားလုံးက အများသဘောထားနဲ့ ကျော်လွှားနိုင်မှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အတွက် အခုလိုမျိုး ညီလာခံကျင်းပရေးကော်မရှင်တွေ အဆင့်ဆင့်ဖွဲ့စည်းပြီး ရှေ့ကို ဆက်လုပ်သွားရင်နဲ့ပဲ အကျိုးဖြစ်ထွန်းလာမယ်လို့ ပြောချင်ပါတယ်။

မေး။     ။ ဟုတ်ပါပြီ။ ပါတီဝင်တွေကတော့ တပိုင်းပေါ့လေ။ ဒါပေမယ့် လက်ရှိမှာ ပြည်တွင်းမှာ ပါတီဝင်မဟုတ်တဲ့ အခြေခံလူတန်းစားပြည်သူတွေပေါ့။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ လက်လုပ်လက်စားတွေက လက်ရှိမှာကို လတ်တလောမှာကို အခက်အခဲတွေ၊ မတရားမှုတွေ၊ လိုအပ်ချက်တွေကို ဆန္ဒထုတ်ဖော်နေပြီ၊ ဖြေရှင်းပေးဖို့ တရားဥပဒေစိုးမိုးဖို့ကို တောင်းဆိုနေကြပြီ။ လျှပ်စစ်မီးတွေ မလာဘူး၊ ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်တယ်။ အလုပ်သမားလုပ်ခ လစာတွေ တိုးမြှင့်ပေးဖို့လိုတယ်။ လယ်သမားတွေမှာ လယ်ယာမြေတွေကို အကျုးကျော်ခံနေရတယ်။ စသည်ဖြင့်ပေါ့။ အဲဒါတွေကိုကော ဆရာတို့က ဘယ်လိုမျိုး သဘောထားသလဲ။ ဘယ်လိုမျိုး ပြောချင်သလဲ။ ဘယ်လိုရင်ဆိုင်မှာလဲ။

ဖြေ။     ။ ကျနော့်အမြင်ကတော့ အခုနောက်ပိုင်း ပွင့်လင်းလွတ်လပ်မှုတွေ အနည်းငယ် ရှိလာတယ်။ ပါတီတွေ မှတ်ပုံတင်ခွင့်ရတယ်။ ရွေးကောက်ပွဲဝင်ခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်သူဆန္ဒနဲ့အညီ ရွေးကောက် တင်မြှောက်ခံရတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်လာတယ်။ အဲသည်လိုမျိုး ပြည်သူတွေဟာ ဒီမိုကရေစီစနစ်ကို လိုလားတောင့်တကြောင်း ထောက်ခံမှုတွေ ပြသထုတ်ဖော်နိုင်ခဲ့တယ်။ အသိအမှတ်ပြုခြင်း၊ မှတ်ကျောက်တင်ခြင်းကို ခံရတယ်။ အဲသည်အတွက် ပြည်သူလူထုဟာ ပိုမိုပြီး တက်ကြွနိုးကြားလာပြီ ဖြစ်တာကြောင့် လက်ရှိ သူတို့ခါးစည်းပြီး ခံစားနေရတဲ့ မတရားမှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေကို ပြည်သူဆန္ဒအဖြစ် ထုတ်ဖော်ပြီး ပြသလာတဲ့ သဘောပဲလို့  မြင်ပါတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့ ထုတ်ဖော် တောင်းဆိုလာကြတယ်လို့ မြင်ပါတယ်။     

 လူတွေဟာ အဲသလိုမျိုး ဆန္ဒထုတ်ဖော်ဖို့၊ လိုအပ်ချက်တွေနဲ့ အခွင့်အရေးတွေကို တောင်းဆိုလာတယ် ဆိုတာ လူ့တိုင်းရဲ့ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးလိုက်တာပဲ။ နှစ်ပေါင်းများစွာ ကိုယ့်အခွင့်အရေးကို ရပ်တည်တောင်းဆိုခွင့် မရှိရအောင် ဖိနှိပ်ခြင်း ခံထားရတဲ့ ပြည်သူလူထုက အခုအချိန်မှာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးလိုက်တာဖြစ်တယ်လို့ သဘောာထားပါတယ်။ အဲသည်အတွက်  မိမိကိုယ်ပိုင်ဆန္ဒကို ထုတ်ဖော်တာကို မိမိအခွင့်အရေးကို တောင်းဆိုတာကို လက်ရှိအာဏာပိုင်တွေဖက်ကနေပြီး တားမြစ်တာတွေ၊ ဖမ်းဆီး ရိုက်နှက်တာတွေ လုပ်လာတယ်။ နိုင်ငံရေးပါတီတွေကိုလည်း ၀င်ရောက်ရပ်တည်ခြင်း မပြုနိုင်အောင် ကန့်သတ်တာတွေ ခြိမ်းခြောက်တာတွေ လုပ်လာတယ်။ ပါတီတွေ အဖျက်ခံရမယ်ဆိုပြီး ကော်မရှင်ကနေ ခေါ်ယူကြိမ်းမောင်းတာတွေ လုပ်လာတယ်။

တကယ်တမ်းမှာတော့ အခုလိုမျိုး ပြည်သူလူထုကြီးမှာ စားဝတ်နေရေး လူမှုဘ၀တွေမှာ မတရားမှုတွေ ဖိနှိပ်မှုတွေ ခါးစည်းခံနေကြတာဟာ ဘယ်သူတွေလက်သည်လဲလို့ ပြန်မေးရင် အခုလက်ရှိအစိုးရကြောင့် သူတို့ ဒုက္ခရောက်နေကြတာဖြစ်တယ်လို့ ပြောချင်တယ်။ ပြည်သူတွေမှာ အပြစ်မရှိဘူး၊ နိုင်ငံရေးပါတီတွေကနေ သူတို့ကို မတရားလုပ်ထားလို့ မဟုတ်ဘူး။ ဘယ်သူတွေက စက်မှုဇုံတွေ တည်ဆောက်တာလဲ၊ ဘယ်သူတွေက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လာတာလဲ။ လယ်ယာမြေတွေကို စီမံကိန်းတွေ ဆွဲပြီး လုပ်နေတာ ဘယ်သူတွေလဲ။ ဘယ်သူတွေက ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းစာချုပ်တွေ ချုပ်ဆိုခဲ့ကြတာလဲ။ အလုပ်သမားတွေ လယ်သမားတွေအတွက် လုပ်ခ၊ လစာတွေ၊ ခံစားခွင့်တွေကို ဘယ်သူတွေက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ခဲ့ကြတာလဲ။ သည်အစိုးရကပဲ ဒါတွေအကုန်လုံးကို လုပ်ခဲ့တာချည်းပဲ။ ဒီအရေးကိစ္စတွေအားလုံးဟာ အစိုးရပေါ်မှာ တာဝန်ရှိတယ်။ ခရိုနီတွေဆိုတဲ့ အစိုးရရဲ့ စီးပွားရေးဓမြတွေက ပြည်သူတွေကို ကျုးကျော်စော်ကားနေတာတွေဟာလည်း လက်ရှိအစိုးရရဲ့ တာဝန်ပဲဖြစ်တယ်။ ဒါကို သူတို့က ဘယ်လိုဖြေရှင်းမှာလဲ။

အဲဒါကို အစိုးရနဲ့ အကြံပေးတွေကိုယ်တိုင်ကော၊ အစိုးရအဖွဲ့ဝင်တွေ အဆင့်ဆင့်က တာဝန်ယူပြီး ဖြေရှင်းပေးဖို့ လိုတယ်။ လက်လွတ်စပယ် လူတွေကို အပြစ်တင်တာ၊ ဖိနှိပ်တာ၊ သရော်စော်ကား ပြောဆိုတာမျိုး မလုပ်သင့်ဘူး။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးကို စိတ်ဝင်စားလို့ ပြည်သူလူထုဖက်က ရပ်တည်ပေးတာမျိုးကိုလည်း တားမြစ်စရာမလိုဘူး။ ကိုယ့်တာဝန်ကို ကိုယ်ယူပြီး ဖြေရှင်းပေးရမယ်။ အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောချင်တယ်။ ဒါပါပဲ။

မေး။ ။ ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ဆရာပါရဂူ နှစ်ပတ်လည်အခမ်းအနား သွားဖို့ စောင့်ဆိုင်းနေတုန်းမှာ မိုးမခအတွက် အချိန်အနည်းငယ် ပေးပြီး ဖြေကြားခဲ့တဲ့အတွက် ကျနော်တို့က ကျေးဇူးတင်ပါကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “Interview with U Win Tin – လူထုထောက်ခံမှုမှသည် ဆန္ဒထုတ်ဖော်မှုဆီသို့နဲ့ အစိုးရတရပ်ရဲ့ ယူရမယ့်တာဝန်များ
  1. ပြည်သူလူထု လက်ရှိ့ ခါးစည်းပြီး ခံစားနေရတဲ့ မတရားမှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေကိုအစိုးရကပဲ ဒါတွေအကုန်လုံးကို လုပ်ခဲ့တာချည်းပဲ။ ဒီအရေးကိစ္စတွေအားလုံးဟာ အစိုးရပေါ်မှာ တာဝန်ရှိတယ်။ ခရိုနီတွေဆိုတဲ့ အစိုးရရဲ့ စီးပွားရေးဓမြတွေက ပြည်သူတွေကို ကျုးကျော်စော်ကားနေတာတွေဟာလည်း လက်ရှိအစိုးရရဲ့ တာဝန်ပဲဖြစ်တယ်။ ဒါကို သူတို့က ဘယ်လိုဖြေရှင်းမှာလဲ။

    အဲဒါကို အစိုးရနဲ့ အကြံပေးတွေကိုယ်တိုင်ကော၊ အစိုးရအဖွဲ့ဝင်တွေ အဆင့်ဆင့်က တာဝန်ယူပြီး ဖြေရှင်းပေးဖို့ လိုတယ်။ လက်လွတ်စပယ် လူတွေကို အပြစ်တင်တာ၊ ဖိနှိပ်တာ၊ သရော်စော်ကား ပြောဆိုတာမျိုး မလုပ်သင့်ဘူး။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးကို စိတ်ဝင်စားလို့ ပြည်သူလူထုဖက်က ရပ်တည်ပေးတာမျိုးကိုလည်း တားမြစ်စရာမလိုဘူး။ ကိုယ့်တာဝန်ကို ကိုယ်ယူပြီး ဖြေရှင်းပေးရမယ်။ အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောချင်တယ်။

  2. သမ္မတကြီးလည်း အခုလိုမျိုးခရီးထွက်ခဲ့ရင် အဲသည်က ပြည်သူတွေက တခဲနက်စုဝေးပြီးတော့ သမ္မတကြီး ကျန်းမာပါစေလို့ အော်မယ့်လူတွေ ရှိပါ့မလားတောင် မေးစရာဖြစ်မယ်။

Comments are closed.