ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၈)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၈၊ ၂၀၁၃

အပြင်ဘက်ထွက်နေသူများကိုငေးမောရင်း ကြည့်နေမိသည်။ သူတို့အခန်းတံခါးများကို ပြန်ပိတ်သံကြားနေရသည်။ တဖြေးဖြေး လူတွေ အပြင်ဘက်တွင် မရှိသလောက် ဖြစ်သွားသည်။ 

 

“အပြင်ထွက်မယ်

ဆီး မိလ္လာချမယ် ရေချိုးမယ် ၁၅မိနစ်ပဲ အချိန်ရမယ် ပြီးရင်ပြန်ဝင်ရမယ် ”

 

တည ခင်းလုံး အခန်းကျဉ်းထဲ ၊တမနက်ခင်းလုံး အခန်းကျဉ်းထဲ ခုတော့ အပြင်ကို ထွက်ရတော့မည်။  ခုန ကအပြင်တွင် လမ်းလျှောက်နေသူ အားလုံး အခန်းထဲ ရောက်နေကြပြီ။ အခန်အပြင်ဘက်မှာ မိမိတို့ လေးယောက်သာရှိသည်။ အခန်းအပြင်ဘက်ရောက်သည်နှင့် ၁၂ခန်းကလှမ်းခေါ်သည်။ သူတို့အခန်းရှေ့ရောက်တော့ ရေချိုးဖို့ ရေခွက်နဲ့ ဆပ်ပြာခွက်ကိုပေးပြီး ခပ်ခပ်မြန်မြန်လုပ်ဖို့ ပြောသည်။ ကမန်းကတန်းတက်သုတ်ရိုက်ပြီး ရေချိုးဖို့ ပြင်ရသည်။ ဆီး နှင့် မိလ္လာကိုလူငယ်နှစ်ယောက်က တာဝန်ယူ ချလိုက်သည်။ နေရာအသစ်ကိုရင်ဆိုင်ဖို့ သူ့အခင်းအကျင်းကို သိထားဖို့လိုမည်။  အကျဉ်းသားတွေကို ထောင်ကဘယ်လိုဆက်ဆံတယ် ၊ကိုယ့်ဘက်က ဘယ်လို ပြန်လည်ဆက်ဆံရမည် ဆိုတာ ဘာမျှ သေချာမသိသေး။ နေရာအသစ်မှာ သူ၏အထာနှင့်လိုက်လျှောညီအောင် မနေလို့မဖြစ် ။ ဘာတွေဘယ်လိုရှိတယ်ဆိုတာကို လေ့လာထားဖို့ လိုမည်။ ရေချိုးအပြီး တိုက်ခန်းရှေ့ အဖီချအမိုးအောက် လမ်းလျှောက်တော့ အခန်းတိုင်းက လှမ်းပြီးပြုံးပြကြသည် ။ ဦးဇင်းဟု လှမ်းခေါ် လိုက်သံကြောင့်လှမ်းကြည့်လိုက်သည် ။

 

လူရွယ်လေးတစ်ယောက် ။ သူမျက်နှာမှာ ထင်ရှားသော အမှတ်သားကြောင့်မှတ်မိလွယ်သည်ဆိုတာထက် သူ၏ဖော်ရွေသော ဆက်ဆံရေးနှင့် ပျော်ရွှင်တတ်သော အမူအယာက  တစိမ်းသူ တစ်ယောက်နှင့် ခင်မင်မှုကိုချက်ခြင်းတည်ဆောက်နှိုင်ခဲ့သည်။ သူ့နာမည်ကို အားလုံးက ဘိုးဘိုးကြီးဟု ခေါ်ကြသည်။ ခပ်စောစော ဦးဇင်းတို့ အခန်းမဖွင့်ခင် သူတို့တွေသာလမ်းလျှောက်ရချိန်တုန်းက လာရောက်စကားပြောခဲ့သေးသည် ။ လမ်းလျှောက်နေရာမှ သူခေါ်ရာသို့ လှမ်းလာလိုက်သည်။

 

“ညကျရင် ဦးဇင်းတို့ကိုကြိုဆိုပွဲ လုပ်မယ် ”

 

သူပြောသောစကားကြောင့် တအံ့တသြ သူ့ကိုကြည့်လိုက်သည်။ ညတန်းပိတ်ပြီးတာနှင့် ကိုယ်အခန်းကိုယ်ဝင် ။ ခုကြိုဆိုပွဲတဲ့ ။ ဘယ်လိုများ ကြိုဆိုမလို့ပါလဲ ။

 

“ဘယ်လို ကြိုဆိုမှာလဲ”

 

“ဒီလိုဦးဇင်းရဲ့ ညနေတန်းပိတ်လို့ခနနေရင် စမယ် အားလုံးသီချင်းဆိုကြမယ် လူသစ်တွေကိုကြိုဆိုမှာ အဲ့ဒီအခါကျရင် ဦးဇင်းတို့ကလဲ ပြန်ဆိုပေါ့ သူတို့တွေက တပည့်တော်တို့ကို သောကတွေ ရောက်စေချင်ကြတာ ကိုယ်တွေက သူတို့ဖြစ်စေချင်သလို ထောင်ထဲရောက်လို့ ဘုံးလုံးလဲနေတာမဟုတ်ဘူးဆိုတာ ဒင်းတို့တွေ့ရင် ကျနော်တို့ကိုသေအောင်သတ်ပေးမယ့် ကျနော်တို့က ပိုတောင် ရှင်သန်နေတာကိုပြမလို့ ”

 

ကိုယ့်အရင် ရောက်နှင့်သူတွေ၏ စိတ်ဓာတ်ကိုလှမ်း မြင်လိုက်ရသလိုရှိသည်။ မီးပြင်းပြင်းအတိုက်ခံ ၊အထုအထောင်းများများခံရလေ ပိုပို မာ လာလေဆိုသောစကားက အမှန်ဖြစ်နေပြီကို။ သူတို့တွေ လူသစ် ကိုယ့်ရဲဘော်တွေကို ကြိုဆိုကြပုံက မနေ့ည ဒီမနက် နှစ်ချိန်ထဲနှင့်ပင် ကြည်နူးရသည်။ ကျေနပ်ရသည်။ ထောင်ထဲရောက်နှင့်နေသူတွေက သူတို့စိတ်ထဲကို ပျော်ရွှင်ခြင်းတွေနှင့် အပြည့်ထည့်ပြီး သောကကို နှင်ထုတ်ထားကြသည်။ တွေ့ရသူလူတိုင်းမှာ ထောင်ကျနေလို့စိတ်ဓာတ်ကျနေတာကိုမမြင်မိ။ အားလုံး လူသစ်ကို လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး  ရှိကြပုံက ရောက်စလူတွေကိုပါ သောကမှဝေးရာသို့ခေါ်ဆောင်နှိုင်ခဲ့သည်။အခု ညရောက်လျှင် သူတို့ရဲ့စိတ်ထဲ တိုက်ပွဲဝင်ဖေါ်တွေသည် သူတို့နှင့်တသား တည်းဆိုတာကို ပြဖို့ပြင်ဆင်နေကြသည်။  ကိုယ်တွေကိုလည်း သူတို့နှင့် အတူ လိုက်ပါစီးမျှောဖို့ အခု ဖိတ်ခေါ်နေပြီ။

 

“ငါက သီချင်းမဆိုတတ်ဘူးလေကွာ ဘယ်လိုလုပ်ရမလဲ”

 

သူက သူနှင့်ပြောနေသူ ဘဝ ခရီး တွင် ဂီတ နှင့်ဝေးရာတွင်ရှိသည် ဆိုတာတွက်ပြီးသားဖြစ်ပုံရသည်။

 

“ဦးဇင်းကဆိုစရာ မလိုပါဘူး စကားလေးဘာလေးပြောပေါ့ ရပါတယ် ”

 

သူနှင့်စကားပြောတုန်း အတွေးတစ်ခု၊ စိတ်ကူးတစ်ခုက စိတ်ထဲပေါ်လာသည်။ သူတို့နှင့်အတူ စီးမျှောဖို့ ဖြစ်နှိုင်မည့်နည်းလမ်းတခု ။ဒီအရပ်ဒေသ ရဲ့ ရောက်နှင့်သူတွေ ထိမ်းသိမ်းထားသော အလေ့အကျင့် တစ်ခု ။ ရှေးရှေးက လူတွေ၏ ကောင်းသောလုပ်ရပ်တွေကို ဆက်ထိမ်းထားမည်မှာ နောက်လူတိုင်း၏ တာဝန်။

 

“ငါကဗျာရွတ်လို့ရမလား ”

 

“ဟာကောင်းတာပေါ့ ရှယ်ပဲ  တပည့်တော်အကုန်ပြောလိုက်တော့မယ် နော် ”

 

ကိုယ်က ခေါင်းငြိမ့်ပြီး သဘောတူကြောင်းပြလိုက်တော့

 

“ဟေး ဦးဇင်းက ညကျရင်  ကဗျာရွတ်မယ်ဟေ့ ”

 

“ဒီး ဒီး ဒီး”

 

အခန်းအတွင်းမှ ဒီးဒီး ဟူသော အသံထွက် လာသည်။ ကိုယ်က အခုအော်လိုက်သော ဒီးဒီ ဆိုတာကိုနားမလည်။ ဒီတော့ ဟေ့ ဒီး ဆိုတာဘာလဲဟုမေးရသည်။ တစ်ချို့ အခန်းတွေက

 

“ကောင်းဗျို့ကောင်းဗျို့ ”ဟု တဆက်တည်း အော်သံများထွက်လာကြပြန်သည်။ အတူတူပဲ ဖြစ်မည်ဟု ခန့်မှန်းလို့ရသည်။ တနေရာဆီက တစ်ချိန်ဆီ ရောက်လာကြသော်လည်း ရည်ရွယ်ချက်အတူ အလုပ်တူသူတွေ၏ ပေါင်းစည်းမှုက မြန်ဆန်လှသည်။ ကိုယ့်အလုပ်အပေါ် တန်ဖိုးထား ကြသူချင်း နောင်တ ဆိုတာ ဘယ်သူ့ထံမှာမှ မမြင်မိ။ ကန္တာရ တွင်တွေ့ရသော စိမ့်စမ်းလို့ပင်ပြောရမလိုဖြစ်နေသည်။ သာမန် ရာဇဝတ်မှု ဖြင့်ရောက်လာသူတို့ ရင်ဆိုင်ရသော ထောင်ဖြတ်သန်းမှုတို့ တခုမှမရှိဟုဆိုသည် ။အခြားသော ထောင်ကျများသည် ထောင်ထဲရောက်ရောက်ချင်း ပညာပေးတာမျိုးစုံကို ဖြတ်သန်းရသည်ဟု ဆိုကြသည် ။ကိုယ်နှင့်စကားလာပြောသူတိုင်း၏ ထောင်မကြီးအဆောင်နေသာမန်အကျဉ်းသားတို့ ရင်ဆိုင်ရသော မတရားမှုတို့ကိုကြားနေရသည်။ကိုယ်တွေလို နိုင်ငံရေးသမားများ ထိုပညာပေးခံရမှုတော့ ဝေးသည်ဟုပြောရမည် ။ အကျဉ်းအကျပ် ကြားထဲမှာပင် တစ်ဦးနှင့်တစ်ဦး နွေးနွေးထွေးထွေး ထားနှိုင်မှုက ရင်ထဲချမ်းမြေ့မှုကို စိုက်ပျိုးပြီးဖြစ်စေသည်။

 

တစ်ဦးတစ်ယောက်ကိုမျှ ရင်နှီးမှု မရှိဘူးခဲ့။သာမန်အားဖြင့် ဆိုရသော် လူစိမ်းတွေဟုပင်ပြောလို့ရမည်ထင်သည်။ ခုတော့ မိသားစုဝင်တွေ ရောက်လာလို့ ကြိုဆိုသလိုမျိုး သူတို့အားလုံး ကြိုဆိုကြသည်။

 

“ထောင်ထဲ နေနည်းထိုင်နည်းတွေ ရှောင်ရန်ဆောင်ရန် တွေကိုပြောပြထားဦး ငါတို့ထောင်အထာ ဘာမှမသိသေးဘူး”

 

ကိုယ့်စိတ်ထဲ ရှိနေသော စိုးရိမ်စိတ်က မေးခွန်းတစ်ခုကို မေးလိုက်မိသည်။ ဘာမှစိုးရိမ်စရမလိုကြောင်းသူကပြောပြသည်။သူတို့ပုံစံမှာလည်း  ဘာမှ စိုးရိမ်မည့်ပုံမပေါ်။ နေ့ရက်တွေကို ဘယ်လို ဖြတ်သန်းသည်ကို သိချင်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေသည် နိုင်ငံရေးလှုပ်ရှားမှု တစ်ခုခု ကိုလုပ်ခဲ့ကြသူတွေချည်း။ သူ့တို့လိုပင် ကိုယ့်စိတ်ထဲတွင်လည်း လုပ်ခဲ့မိသော အလုပ်ကို မှားသည်ဟုမထင်မိ။ လုပ်သင့်သည်ကို လုပ်ခဲ့ရသည်ဟုပင် ကျေနပ်နေသည်မဟုတ်လား ။

 

“မင်းတို့တွေ နှစ်ဘယ်လောက် ကျတာလဲ”

 

သူတို့ အမှုတွဲတွေလိုလိုချည်းတွေ့နေရသည် ။ဒါကြောင့်မင်းတို့တွေဟုမေးလိုက်သည်။

 

“တပည့်တော်တို့ တချို့ အနှစ်၂၀ တချို့က၁၀နှစ်  ၉၃ ခုနှစ်စတုန်းက အမျိုးသားညီလာခံ လုပ်ခါနီးမှာပေးလိုက်တဲ့ ကြေငြာချက်နဲ့ ၁၀နှစ်တွေလျှော့ကုန်တော့ ၁၀နှစ်ပေါ့ ပြီးခဲ့ ရက်တွေ ကိုပြန်တွေးလိုက်တော့ မနေ့ကလိုပဲ ”

 

ထိုစဉ်သူ ခပ်လှမ်းလှမ်းရှိ အဆောင်တစ်ခုကို ညွှန်းပြရင်

“တွေ့လားဦးဇင်း ဟိုမှာ အဲ့ဒါဦင်္းအောင်ကြီး  သူနေတာက ဆေးရုံဆောင်မှာ ”

 

သတင်းတွေထဲမှာ ကြားသိခဲ့ရ ဘူးသည်။ သူတို့တွေ မြိတ်ဘက်တွင်ငှက်သိုက် ကိစ္စဖြင့် အရေးယူခံထားရသည့်ကိစ္စ။ စစ်တပ်ကိုစိတ်နဲ့တောင်မပစ်မှားနဲ့ လို့ဆိုခဲ့သူကြီး အခုတော့ စစ်တပ်ကို စိတ်နှင့်ပစ်မှားလိုက်ပုံရသည်။ ဒါကြောင့် မနက်က တွေ့ရှိလိုက်သူတွေ ကိုယ့အခန်းရှေ့က ညဖြတ်သွားသူတွေထဲ တွေ့ဘူးသလို ရှိသော မျက်နှာတခုက ယုတ်တရက်ပေါ်လာသည်။

 

“သူ့အမှုတွဲတွေကကော ”

 

ကိုယ်ကသိချင်စိတ်ကြောင့်မေးလိုက်တော့

 

“သူတို့ အခန်း(၃) မှာလေ”

 

“ငါလူသိတဲ့လူတစ်ယောက်နဲ့ တောတော်ဆင်တဲ့သူကိုတွေ့မိလို့ ဟုတ်မဟုတ် သွားမေးလိုက်ဦးမယ် ”

 

ဘိုးဘိုးကြီးကိုနှု တ်ဆက်ပြီး အခန်း (၃) ရှိရာသို့ လျှောက်လာလိုက်သည်။ တတန်းတည်း ရှိနေသော အခန်းများရှေ့ဖြတ်သွားခိုက် လူတိုင်းက ပြုံးပြုံးရွှင်ရွှင် မိတ်ဟောင်းဆွေဟောင်းကိုတွေ့သလိုမျိုး ချည်း။ အခန်း(၃)ရှေ့ရောက်တော့ သူကစတင်ပြုံးပြသည် ။ တဆက်တည်းသူက

 

“အဆင်ပြေလား ဘာလိုသေးလဲ ”

 

သူက ပဋိသန္ထာရ အမှုကိုပြုသည်။ အဆင်ပြေကြောင်း ခေါင်းငြိမ့်ပြီး။ နေကောင်းကြလား ဟု အပြန်အလှန် ဆလာကဝတ်ကိုပြုလိုက်သည်။ ပြီးမှ

 

“ဒကာ ကြီး ဦးမောင်မောင်နဲ့ ဘာတော်လဲ ”

 

ချက်ခြင်းပဲ သူအံ့သြ ဟန် ဖြင့်

 

“တပည့်တော် မောင်မောင်ပါ ဒါကြောင့်တပည့်တော် အရှင်ဘုရားကိုတွေ့ဘူးသလို ရှိနေပါတယ်လို့ထင်နေတာ ”

 

သူနဲ့ ဆုံတွေ့ခဲ့သောနေ့ရက်များကိုသူက ကောင်းကောင်းမှတ်မိနေသည်။ သူ့အခန်းဖော်ကို သေချာပြောပြနေပြန်သည်။

 

“ဦးဇင်းရေ အထဲမှာ ကျန်းမာရေးက အဓိကကျတယ် ကျန်းမာအောင်ဂရုစိုက် တပည့်တော်ကတော့ နေ့တိုင်းအခန်းထဲမှာ လေ့ကျင့်ခန်းလုပ်တယ် ဦးဇင်းလိုတာကိုလဲပြော”

 

သူ နေ့စဉ် ထောင်မဖွင့်မှီ ကာယလေ့ကျင့်ခန်း လုပ်ပုံများကို လုပ်ဟန်များနှင့်ပါ ရှင်းပြနေသည်။

 

“ဦးဇင်းညကျ ကဗျာရွတ်မယ်ဆို ကောင်းတယ် ”

 

စိတ်ထဲကနေ ညရောက်လျှင် ရွတ်ဆိုရမည့်ကဗျာစာမျက်နှာကို ဖွင့်ပြီးသားဖြစ်နေတော့သည်။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts