News Suu L Linn

ဆူးအယ်လ်လင်း – HIV နှင့် နေထိုင်သူ၏ ၂၅၅မြို့တကိုယ်တော်စက်ဘီးခရီး တနှစ်ခန့် ကြာမည်

ဆူးအယ်လ်လင်း
နိုဝင်ဘာ ၄၊  ၂၀၁၃


HIV ဝေဒနာရှင် ဦးစရကိုက  မြို့နယ်ပေါင်း ၂၅၅ မြို့သို့ တစ်ကိုယ်တော်စက်ဘီးစီးနင်း သွားရောက်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဝေဒနာရှင်များသက်တမ်းစေ့နေနိုင်ရေးအတွက် အကြံပြုဆွေးနွေးချက်များ ပြုလုပ် သွားမည်ဟုသိရသည်။
စနေနေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကျင်းပသည့်ခရီးစဉ်မိတ်ဆက်ပွဲ၌ ကိုးနှစ်ကြာ HIV နှင့် နေထိုင်ခဲ့သည့် ဦးစရကိုကပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီရောဂါဟာ တကယ်တမ်းလူတွေထင်သလို ကုရာနတ္ထိဆေးမရှိ ဆိုတဲ့ဟာကကျနော်တို့ ဟိုးတုန်းက သိလိုက်တဲ့အသိကစွဲသွားလို့ဗျ။တကယ်တမ်းကျနော်တို့ပိုးကိုဘဲသေအောင်သတ်လို့မရသေးတာ။ဝင်လာတဲ့ရောဂါမှန်သမျှကို ကျနော်တို့ ပျောက်အောင်ကုလို့ရတယ်။အဲဒီလိုအချက်လေးတွေကျနော်ပြန်ပြီးတော့ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ကြောက်လန့်မှုမရှိအောင်  ဘေးကနေပြီးတော့ ၀ိုင်းဝန်းကူညီပေးတဲ့၊
အားပေးတဲ့ဟာ မျိုး အဲလိုမျိုးလေးတွေရှိလာအောင် ကျနော်စကားဝိုင်းလေးတွေလုပ်သွားမယ်” ဟု ဦးစရကိုက ဆိုသည်။
မြန်မာတနိုင်ငံလုံးသို့ စက်ဘီးစီးနင်း၍ အားပေးဟောပြောမည့်အစီအစဉ်ကို  ဒီဇင်ဘာ၊ ၁ ရက်နေ့ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့တွင် ရန်ကုန်မှခရီးစတင်မည်ဖြစ်ပြီး မည့်သည့်အခက်ခဲမဆို ရင်ဆိုင်ဖြတ်သန်းသွားမည်ဖြစ်သည်။
ကျန်းမာရေးချို့တဲ့မှု တစုံတရာရှိခဲ့ပါက ရောက်ရာနေရာတွင်ဆေးကုသမှုခံယူမည်ဖြစ်ပြီး ခရီးစဉ်ကို လုံးဝ နောက်ဆုတ်မည် မဟုတ်ကြောင်း၊
ခရီးစဉ်သည် (၁)နှစ် ကြာမည့် ခန့်မှန်းထားကြောင်း၊ ယခုခရီးစဉ်အတွက်ငွေကျပ် ဆယ်သိန်းတန်စက်ဘီးကို နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူကကူညီပေးထားကြောင်း၊  NLD မင်္ဂလာတောင်ညွန့်မြိုနယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက လိုအပ်သည့် ဆေးတစ်နှစ်စာထောက်ပံ့ပေးထားကြောင်း သူက ဆက်လက် ပြောကြားသည်။
 ခရီးစဉ်တလျှောက်လုံခြုံရေးအတွက် အထူးစီစဉ်ထားခြင်း မရှိကြောင်း သူက ရှင်းပြသည်။

 “ကျနော်က ကျန်းမာရေးအတွက်သွားမှာပေါ့နော်။  ကျန်းမာရေးမှာအဖွဲ့အစည်းမရှိဘူး၊  လုံခြုံရေး မရှိဘူး၊  ဘာသာခြားမရှိဘူး၊လူမျိုးမရှိဘူး” ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts