ကဗျာ မင်းညွှန့်လှိုင်

အတိတ်ရဲ့ နှင်းမှုန်များထဲမှာ

မင်းညွှန့်လှိုင်
ဇန်န၀ါရီ ၃၊ ၂၀၁၄

 

 

မီးဖိုကြီးရဲ့ပတ်ချာလည်
ငါတို့မောင်နှမတတွေ
ပတ်လုံးလေးတွေစီချထားပုံနှယ်
အနွေးဓာတ်ကိုနို့စို့သလို
ခွေးသားအုပ်ပမာတိုးဝှေ့ကာရယ်
ရေဒီယိုတွေ
တပြိုင်နက်တည်းဖွင့်ထားရော့သလား
ကြွက်ကြွက်ကိုညံရောကွယ်
ဆောင်းလေမတိုးတဲ့တံတိုင်းထဲမယ် ။

 

မိသားစုခြင်ထောင်ကြီးထဲမလည်း
အမေ့ရင်ခွင် အလုအယက်တိုးဝင်တယ်
အမေ့မျက်နှာ သူ့ဘက်ကိုယ့်ဘက်ဆွဲလှည့်တယ်
အမေ့ကိုယ်သင်းနံ့ အလွတ်မခံစုပ်ယူတယ်
ဆောင်းဟာ
ခြင်ထောင်အပြင်မှာကျန်ရစ်တယ် ။

 

အမေရယ်
အကိုတွေ အမတွေရယ်
မိုးမလင်းခင်နိုးထကြ
စောင်တွေတစ်ထပ်ပြီးတစ်ထပ်ခြုံပေးသွားကြတယ်
အချစ်တွေတစ်ထပ်ပြီးတစ်ထပ်လွှမ်းပေးသွားကြတယ်
ငယ်ငယ်တုန်းက
နွေးထွေးလှတဲ့ဆောင်းရက်တွေရယ် ။       ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts