လူများ၊ ရုပ်ပုံလွှာများ ဇော်အောင် (မုံရွာ)

ဦးမြင့်

ဇော်အောင် (မုံရွာ)
ဇန်န၀ါရီ ၃၊ ၂၀၁၄
(Dr. U Myint) born 1938

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးပညာရှင်များရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့နေရာမှာရှိပါတယ်။ အခုခေတ်ဟာ စစ်ရေးနဲ့နယ်ပယ်ချဲ့ခြင်းမလုပ်တော့ပဲ စီးပွားရေးအင်ပါယာကြီးကျယ်အောင် နယ်ချဲ့တဲ့ ခေတ်ဖြစ်ပါတယ်။ စစ်အင်အားအရေးကြီးပေမဲ့ စစ်ခေါင်း ဆောင်များဟာ နိုင်ငံရေးခေါင်းဆောင်နောက်ကို လိုက်နေတဲ့ခေတ်ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကို မြန်မာနိုင်ငံ တတ်သိပညာရှင်များရဲ့ မျက်စိ၊နားဖွင့်ပေးသူ တစ်ယောက်အဖြစ် မှတ်တမ်းတင်ပါတယ်။ အခုခေတ်မှာ အနောက်နိုင်ငံပညာဆည်းပူးခဲ့သူများ အလွန်အသက်ကြီးရင့်နေပြီဖြစ်ပါတယ်။ ဦးမြင့် ၁၉၃၈နှစ်ဖွား၊ အသက်၇၅နှစ်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိသမ္မတဦးသိန်းစိန် စီးပွားအကြံပေးဖြစ်ပြီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူဖြစ်ပါတယ်။ အင်အယ်ဒီပါတီရဲ့ တဆင့်ပွား အင်ဒီအက်ဖ် ပါတီမှတဆင့် မြန်မာအစိုးရကို အကြံပေး၊ စာတန်းများ တင်ပြခဲ့ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရသစ်မှာ သမ္မတ၏စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်ခြင်း ခံရပြီး၊ အစိုးရသစ်ရဲ့ အသိမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ အတိုက်အခံ ပါတီဖက်က ဖြစ်တဲ့အတွက် အစိုးရလုပ်ဆောင်ချက်များမှာ ကိုယ်တိုင်မပါဝင်နိုင်ပေမဲ့ သူ့ရဲ့ စာတန်းများဟာ မြန်မာပြည်အတွက် အလွန်အကျိုးရှိကြောင်း မငြင်းနိုင်ပါ။

 

သူ့ရဲ့မိဘများဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများဖြစ်ပြီး၊ နိုင်ငံခြားမှာ အလုပ်လုပ်ရစဉ် သူကတော့ ရန်ကုန်တက္ကသိုလ်မှာ ဝိဇ္ဖာဘွဲ (စီးပွားရေးပညာ) ဆည်းပူးခဲ့ပါတယ်။ နောက်ပိုင်း အမေရိကန်နိုင်ငံမှာ မာစတာဘွဲ့၊ ပါရဂူဘွဲ့များရရှိခဲ့ပါတယ်။ Cornell University (M.A), University of California, Berkeley (Ph.D)။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အာရှဖစိဖိတ်စီးပွားရေး၊လူမှုရေးဌာန United Nations Economic and Social Commission for Asia and the Pacific မှာ ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပညာရှင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲချိန်မှာ ရန်ကုန်အခြေပြု Tun Foundation Bank မှာ ဒါရိုက်တာအဖြစ် လုပ်ကိုင်ရင်း မြန်မာ့ပြုပြင်ပြောင်းလဲရေး စာတန်းများရေးပါတယ်။ အလုပ်ရုံဆွေးနွေးမှုများလုပ်ရင်း သမ္မတအကြံပေးအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ စီးပွားရေးပညာရှင်ကို သမ္မတအကြံပေးအဖြစ် ဧပြီ၂၀၁၁ မှာ စတင်ခန့်အပ်ခြင်းကို မြန်မာနိုင်ငံလေ့လာသူ အနောက်နိုင်ငံသားများ အံ့သြစေခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးသိန်းစိန်အစိုးရမှာ ပြုပြင်ပြောင်းလဲမှုများစွာကို ကမ္ဘာ့အဖွဲ့အစည်းများ၊ နိုင်ငံကြီးများ အားလုံးနဲ့ ဆွေးနွေးတိုင်ပင်ပြီး အခုလက်ရှိ မြန်မာနိုင်ငံအခြေအနေ၊ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီနိုင်ငံသစ်အဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။

 

ဦးမြင့်တင်ပြခဲ့ပြီး၊ ပြည်သူလူထုကို မီဒီယာများမှ ဖေါ်ပြခဲ့တဲ့ စာတန်းများဟာ မြန်မာ့ပြုပြင်ပြောင်းလဲမှုအတွက် တတ်သိပညာရှင်များ၊ ပြည်သူလူထုနဲ့စစ်မှုထမ်း အားလုံးတို့ကို ပညာတိုးပွားစေပါတယ်။ ဦးမြင့်စာတန်းများကို မှတ်တမ်းတင်ထားပါတယ်။ မီဒီယာ သတင်းစာ၊ ဂျာနယ်များကလည်း အထူးတလည် ဖေါ်ပြ၊ ထောက်ခံခဲ့ပါတယ်။ နာမည်ကျော် စာတန်းအချို့ကတော့ * Reducing Poverty in Myanmar , *Kyat valuation paper , *Anti-corruption paper, *FDI Paper ..etc . စသည်တို့ဖြစ်ပါတယ်။ 2012 မှာ ရန်ကုန်တက္ကသိုလ်ပြန်လည်တည်ဆောက်ဖို့ ပြည်သူလူထုထံ အကူညီတောင်း၊ Open Letter ရေးသားချိန်မှာလည်း မီဒီယာများမှ တစ်ခဲနက်ထောက်ခံခဲ့ပါတယ်။

 

စာတန်းများ မှတ်တမ်းလင့်ခ်

http://www.scribd.com/search?query=%22U+Myint%22

 

ဦးမြင့်ရဲ့ စာတန်းများ အားလုံးဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားခြင်းဖြစ်ပြီး၊ ဘာသာပြန်ကျွမ်းကျင်သူများက မြန်မာဘာသာပြန်ပြီး မြန်မာပြည်သူအားလုံး ပိုပြီးရှင်းလင်းအောင် သတင်းစာ၊ စာနယ်ဇင်းနဲ့ အင်တာနက်တွေမှာ ထုတ်ဝေတင်ပြခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုယ် ပြုပြင်ပြောင်းလဲရေး ပြည်သူ့ထံတင်ပြချက် စာတန်းကို သမ္မတဝက်ဆိုဒ်မှာ တင်ပြထားသလို၊ အစိုးရရဲ့ မြန်မာ့အလင်းသတင်းစာမှာလည်း ဖေါ်ပြခံရပါတယ်။ ဧရာဝတီကို ရှင်သန်စေတဲ့ လှုပ်ရှားမှုကြီးလို မြန်မာနိုင်ငံသားအားလုံး ရန်ကုန်တက္ကသိုလ် အာရှထိပ်တန်းဖြစ်ခဲ့ပုံများ၊ လိုအပ်ချက်များကို မီဒီယာ၊ စာစောင်များမှာ များများရေးသား၊ လွှင့်ထုတ်ကြဖို့ လှို့ဆော်ထားပါတယ်။ ဦးမြင့်ရဲ့ မူရင်းအင်္ဂလိပ်စာတန်းကို စီးပွားလူမှုတိုးတက်ရေးအဖွဲ့ (CESD) ဦးတင်မောင်သန်းမှ ဘာသာပြန်ပေးပြီး၊ The Wave editor ကျော်ဝင်းမှ တည်းဖြတ် ထုတ်ဝေခြင်းဖြစ်ပါတယ်။

 

● အဂတိလိုက်စားမှုအကြံပေးချက်များ

Anti-Corruption Paper’s Remedial measures

သူရေးသား၊ လှို့ဆော်ခဲ့တဲ့ အဂတိလိုက်စားမှု Anti-Corruption Paper ကို လက်တွေ့အကောင်ထည်ဖေါ်ဖို့ အလွန်ခက်ပါတယ်။ စာမျက်နှာ၂၀ရှိတဲ့ စာတန်းဟာ မြန်မာများအတွက်တော့ ကိုးကား၊ ကျမ်းငယ်တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာပါ။ အစိုးရဝန်ထမ်းများ အဂတိလိုက်စားမှု နည်းပါးစေဖို့ အကြံပြုချက်များကတော့..

 

အပိုဒ်၇၂

၁။ နိုင်ငံခေါင်းဆောင်ကိုယ်တိုင် လပ်စားမှုကင်းရပါမယ်။ သူ့အောက်က အစိုးရခေါင်းဆောင်များ လပ်မစားရန် ကာကွယ်ရပါမယ်။

၂။ ယုံကြည်၊စိတ်ချမှုပြရန်အတွက် စံပြအပြစ်ပေးခြင်း တစ်ခုကို လုပ်ရပါမည်။ ငါးကြီးကြီးတစ်ကောင်ကို ကြော်စားပစ်ရပါမည်။

၃။ နိုင်ငံသားများ သတိပြု၊ ပါဝင်လာအောင် Campaign များလုပ်ရပါမည်။

၅။ လွတ်လပ်သော “လပ်စားမှု စောင့်ကြည့်သောအဖွဲ့အစည်းများ” လိုအပ်ခြင်း။

၆။ အဖွဲ့အစည်းများ အားကောင်း၊ ခိုင်မာလာစေခြင်း ..တို့ဖြစ်ပါတယ်။

 

● အဂတိ စာတန်းရဲ့အဆုံးသပ်နိဂုံးမှာတော့

အပိုဒ်၇၅။ ။ ခေါင်းဆောင်နှင့်အဖွဲ့အစည်းများမှာ အားနည်းချက်ရှိပါသည်။ သို့သော် စီးပွားရေးနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြင့် လပ်စားမှုနည်းပါးသော၊ဖွံ့ဖြိုးတိုးတက်နိုင်ငံအဖြစ် ရောက်ပါမည် ..လို့ ရေးသားပါတယ်။  (မှတ်ချက်။ ၂၀၁၃ အထိ မြန်မာ့ Corruption တိုက်ဖြက်ရေးတွေကို လေ့လာကြည့်ရင် အခွန်ကောက်၊ အခွန်ဆောင် လုပ်ငန်းများမှာ ပွင့်လင်းမြင်သာအောင် လုပ်နေတာကိုတွေ့ရပေမဲ့ အလွန်ခက်ခဲ့တာကို တွေ့ရပါတယ်။ အစိုးရက မိုက်ကရိုပုံစံလုပ်ချင်ပေမဲ့၊ ဦးမြင့်က မက်ကရိုပုံစံနဲ့လုပ်ဆောင်ဖို့ အကြံပေးခဲ့တယ် ဆိုပါတယ်။ ဒါကြောင့် ထိပ်တန်းအရာရှိကြီးများကို အရေးယူ၊ ထောင်ချခြင်းများ မတွေ့ရခြင်းဖြစ်ပါတယ်။)

 

● လက်ရှိ မြန်မာပြုပြင်ပြောင်းလဲမှုအခြေအနေ ၂၀၁၃

မြန်မာလက်ရှိအစိုးရမှာ ပါဝင်နေတဲ့ Clean Leaders များ ဖယ်ရှားခံရမည်ကို စိုးရိမ်ရပေမဲ့..အများစု သန့်ရှင်းသူအစိုးရလူကြီးများဟာ ဆက်လက်ရပ်တည်နေဆဲဖြစ်လို့ ဦးမြင့်ရဲ့ စာတန်းများဟာ မြန်မာအစိုးရပြုပြင်ပြောင်းလဲမှုများမှ အကျိုးသက်ရောက်နေဆဲ ဖြစ်ပါတယ်။ နှောင့်နှေးမှုများ၊ လစ်လျူမှုများ ရှိသောလည်း ဦးမြင့်နဲ့အတူ၊ မြင့်မြတ်စိတ်ထားရှိတဲ့ မြန်မာခေါင်းဆောင်များ ဆက်လက်ရပ်တည်နေဖို့ မျှော်လင့်ပါတယ်။

 

ဦးမြင့်ဟာ လူမှုရေးများမှာလည်း တက်ကြွစွာပါဝင်သူဖြစ်ပါတယ်။ AIDS လူမှုရေးလှုပ်ရှားမှုတစ်ခုမှာ ဦးမြင့် ဂီတာတီး၊ သီချင်းဆိုခဲ့တဲ့ ဓါတ်ပုံကို အင်တာနက်မှာတွေ့ရပါတယ်။ သမ္မတဦးသိန်းစိန် အကြံပေးဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးစပ်ပြီး၊ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ ပွင့်လင်းမြင်သာစွာ ပါဝင်ဆောင်ရွက်သူ ဦးမြင့်စာတန်းများကို ကျွန်ုပ်တို့ ဖတ်ရှုရုံမက၊ လက်တွေ့အကောင်ထည်ဖေါ်ဖို့ အဆက်မပြတ်ကြိုးစားရပါမယ်။ စိတ်ဓါတ်မြင့်မြတ်သူတစ်ဦးအဖြစ် မှတ်တမ်းတင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts