ဓာတ်ပုံသတင်း သတင်းပဒေသာ ကျော်ဟုန်း

(၅) ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော် Kentucky မှာ ကျင်းပ

ကျော်ဟုန်း
ဇန်န၀ါရီ ၃၊ ၂၀၁၄

ယခုနှစ် ကရင့်သက္ကရာဇ် ၂၇၅၃ ခုနှစ်၊ ပြာသို လဆန်း(၁)ရက်နေ့ ဟာ ကရင်လူမျိုးတို့ ရဲ့ နှစ်သစ်ကူးသော မင်္ဂလာနေ့ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ်အရဆိုရင် (ဂျန်န၀ါရီ၊ ၁၊ ၂၀၁၄) မှာကျရောက်တာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စု ၊ ကင့်တက်ကီ ပြည်နယ်ရောက် ကရင်လူမျိုးများဟာရိုးရာ ကရင် နှစ်ကူးပွဲတော်ကို (၁၊၁၊၂၀၁၄)နေ့ မှာ Louisville မြို့ ရှိ Crescent Hill Baptist Church မှာ ကျင်းပခဲ့ကြကြောင်း သိရပါတယ်။

 

အစီအစဉ်ကို မနက် (၉)နာရီမှာ စတင်ပါတယ်။ ပထမဆုံး ကရင်အလံတော်ကို အလေးပြုခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ ထို့ နောက်မှာ အနယ်အနယ် အရပ်ရပ်ရှိ ကရင့်အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များထံမှ ပေးပို့ လာတဲ့ သ၀ဏ်လွှာများကို ဖတ်ကြားပေးပါတယ်။ သည့်နောက်မှာ ကြွရောက်လာကြတဲ့ ဧည့်ပိရိသတ်များကို ကရင်သမိုင်းကြောင်းဖြစ်ပေါ်လာပုံများကို ရှင်းလင်းပြောကြားခြင်းနဲ့ ကရင်နှစ်သစ်ကူးနေ့ ပေါ်ပေါက်လာပုံတို့ ကို ပြောကြားပါတယ်။

 

ကရင်လူငယ်မောင်မယ်များကလဲ အဖွဲ့ လိုက် မင်္ဂလာဆုတောင်းသီချင်းများသီဆိုခြင်း၊ တဦးချင်းအလိုက် ကရင်သီချင်းများသီဆိုခြင်းများနဲ့  ပိရိသတ်ကို ဧည့်ခံဖြေဖျော်တဲ့အပြင် ကရင့်ရိုးရာအစားအသောက်များကိုလဲ အလျှံအပယ်ကျွေးမွေးပြုစုခဲ့ကြောင်း အခမ်းအနားတက်ရောက် လာသူတဦးဖြစ်သူ စောဌေးအောင်းမှ ပြောကြားခဲ့ပါတယ်။

 

ဒီနှစ်သစ်ကူးပွဲတော်မှာ ထူးခြားမှုတခုကတော့ အမိမြေနဲ့ ဝေးကွာနေရတဲ့ ကရင်လူမျိုးတွေအတွက် အမှတ်တရလက်ဆောင် ကရင့်ရိုးရာ အ၀တ်အထည်များ၊ ရိုးရာ အသုံးအဆောင်များကို ရောင်းချပေးနေတာ မြင်ရခြင်းပါပဲ။ အိမ်ဝေး အလွမ်းပြေစရာအစီအစဉ် တခုပါ။

 

ကင့်တက်ကီပြည်နယ်မှာ အခုလို ကရင်နှစ်သစ်ကူးပွဲတော်ကို ပြုလုပ်ကျင်းပနိုင်ခဲ့တာ (၅)ကြိမ်မြောက်ဖြစ်ကြောင်းနဲ့  Louisville မြို့ ရောက် က၇င်လူမျိုးများရဲ့ စည်းလုံးမှု၊ ရိုးရာကိုထိန်းသိမ်းလိုစိတ်၊ ချစ်မြတ်နိုးစိတ်ရှိမှုတို့ ကြောင့် အခုလို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာဖြစ်ကြောင်း ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး အမှုဆောင်တဦးဖြစ်သူ စောဂျိုလီပေါလ် က ဆိုပါတယ်။

 

ဒီ ကရင်နှစ်သစ်ကူးပွဲကို ညနေ(၂)နာရီ အထိ ကျင်းပခဲ့ပြီး ဒေသခံအမေရိကန်များ၊ ကရင်လူမျိုးများ စုစုပေါင်း ၄၀၀ နီးပါးခန့်  ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရပါတယ်။

(ပွဲတော်ရဲ့ လှုပ်ရှားမှုဓာတ်ပုံများကို စောဌေးအောင်မှ ပေးပို့ပါတယ်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts