“ဦးဇင်းတို့ အန်ကယ်တို့ ခနနေရင် ဂန်ဖလားတွေချဖို့ဖွင့်ပေးမှာပါ အချုပ်ဆိုတော့ဒီလိုပဲ အပြင်ထွက်ချိန်နဲသေးတယ်”
သူ ရည်ရွယ်လိုက်သော စကားနှင့်အမူအယာ အရ ရှေ့တွင် စီတန်းချထားသော ဆီးခွက်နှင့်မိလ္လာခွက်တို့ကို ဂန်ဖလားဟု သုံးနှုံးလိုက်မှန်း သိလိုက်ရသည် ။ လူတွေသွားလာလှုပ်ရှားနေသည်ကိုငေးမောရင်း အတွေးပေါင်းစုံတွေးနေမိသည်။ ဒီလူတွေ အားလုံး ထောင်ကျနေကြပြီ။ ကိုယ့်လို အမိန့် မချရသေးသူကတစ်ဦးသာရှိသည်။ သူတို့တွေ ထောင်ကျနေကြသော်လည်း အမူအယာက လန်းဆန်းနေသည်။ သူတို့ရင်တွင်း ခိုင်မာသော စိတ်ဓာတ်တခုက ဒီလိုအမူအယာ ဖြစ်စေသည်ဟု တွေးနေမိသည်။ စိတ်က ရုပ်ကိုဖြစ်စေသည်ဆိုလျှင် ထိုဖြစ်စေသော စိတ်သည် ပြတ်ပြတ်သားသားကို ခိုင်မာနေ၍ ဖြစ်မည်။ မကြာမီက မှ ဖတ်ခဲ့ရသော သတင်းတစ်ခုက ခေါင်းထဲ ရောက်လာသည်။ ဒါနဲ့ “ဒီမှာ ဒေါက်တာအောင်ခင်ဆင့်တို့က ဘယ်မှာလဲ”
သိလိုသော မေးခွန်းတစ်ခုကို မေးလိုက်မိသည်။ သူတို့သတင်းက မကြာသေးမီကမှ သတင်းစာထဲတွင်ဖတ်ခဲ့သည်မဟုတ်လား။ အမျိုးသားညီလာခံ အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စနှင့် ပတ်သက်နေသော ကိစ္စ။ သူတို့ အဖွဲ့ကဝေငှသော စာရွက်များပင် ကျောင်ကို ရောက်လာ ခဲ့သေးသည်။ အခုတော့ သတင်းစာထဲပါသူနှင့် သတင်းဖတ်ရသူတို့ တနေရာတည်းတွင် ဆုံစည်းရတော့မည်။ သူတို့သတင်းကို အမှတ်ရမိ၍ မေးလိုက်မိတော့
“ကျနော်တို့နေနေတဲ့ တိုက်က သီးသန့်(၂)ဆောင် အခုသီသန့်ဆောင်ရဲ့အနောက်ဖက်ခြမ်းမှာ ဒေါက်တာအောင်ခင်ဆင့်ရှိတယ်သူတို့အမှုတွဲတွေက ဟိုဘက်(၁)ဆောင်မှာကော ဟိုးဘက်က ကျွန်းတိုက်မှာကောရှိသေးတယ်”
“ဦးဇင်းသိထားတာက သတင်းစာထဲပါတာနှစ်ယောက်ထဲအခု ခင်ဗျားပြောပုံအရ အများကြီးပဲနော်”
ကိုယ်က ကိုယ်ဖတ်ခဲ့၍ သိခဲ့ရသည့်အတိုင်းသာ ထင်ပြီး မေးလိုက်မိသည်။ ဒီတော့ သူကသေချာ ရှင်းပြလိုသော ဟန်ဖြင့် သံတိုင်အပြင်က လှေခါးခုံတွင် ဖိနပ်ကိုခု၍ ထိုင်လိုက်သည်။
“ဒီလိုရှိတယ် သတင်းစာထဲက သတင်းက စာဖတ်သူတွေ ယုံအောင် သေချာ အကွက်ဆင်ပြီးရေးရတာ သတင်းစာထဲပါတာကော သတင်းစာရှင်းလင်းပွဲမှာ ပြောတာကောနောက်ပြီးအမှုတွဲကိုရုံးတင်တာကောက ယုတ္တိ ရှိရှိ ဇာတ်လမ်းဆင်ရတယ် ဦးတို့မကြာခင် သိရလိမ့်မယ် သာမန်ပြည်သူကတော့ ဘယ်သိပါ့မလဲ သူတို့သတင်းစာက ပြောတဲ့အတိုင်းထင်မှတ်တာပေါ့ ဒါတွေက ကျနော်တို့ကိုယ်တိုင်ကြုံရတာတွေလေ ဒါတွေကိုလူတွေကတော့ဘယ်သိပါ့မလဲ တချို့ဆို ရယ်စရာတောင်ကောင်းသေးတယ် သူတို့ဆင်ထားတဲ့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ဖြစ်လို့ တကယ်က ဘာမှပါခဲ့တာမဟုတ်ဘူးသူတို့ပြောသလိုမဟုတ်တာတွေကောအများကြီးတွေ့ရလိမ့်မယ်”
ဒီတော့မှ ကိုယ်နှင့် တခန်းတည်း ရောက်နေသော လူငယ်လေး ဇော်ဟန်ကို လှမ်းကြည့်လိုက်မိသည်။ သူ့ကို ကျန်သုံးယောက် မြင်လည်း မမြင်ဘူးခဲ့။ သိလည်းသိဘူးတာမရှိခဲ့။ သတင်းစာထဲပါလာလျှင်၊နောက် အမှုတွဲ ရုံးတင်လာလျှင် ဘယ်လို ဘယ်လို အတူတကွ ပူပေါင်း ပါဝင်ပြီးအပြစ် ကျူးလွန်ခဲ့သည်ဟု ပြောလာ တင်လာဦးမည်ကိုတွေးနေမိသည်။ တတ်လည်းတတ်နှိုင်သည့်နှိုင်သည့်အစိုးရ။ ဘာတွေ ဘယ်လို အကွက်ဆင်ဦး မည်မသိ။ အခု ကိုယ် အမှုနှင့်ပတ်သက်သူ အားလုံးစုစုပေါင်း (၁၆)ယောက် သိသူတွေပါလာသလို မဆက်စပ်မိသူတွေလည်းပါနေသည်။
“ပြောပြလို့ ရရင် ပြောပြပါလား အန်ကယ်တို့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာအကြံပေးလို့ရမလဲသိရအောင်ပါ”
ရှေ့မှာလာ ထိုင်နေသူ ခပ်ရွယ်ရွယ် လူတစ်ယောက်က မေးလာသည်။ ဒီတော့ ကိုယ်ကြုံခဲ့သမျှကို ပြောပြဖို့ ဟန်ပြင်ရတော့သည်။
“၈၈ တုန်းကတော့တစ်မျိုးမျိုးနဲ့ပါခဲ့ ကြတာပါပဲ နောက်ပိုင်းလဲ မပြီးပြတ်သေးတဲ့ ကိစ္စဆိုပြီးမရပ်မနား လုပ်ခဲ့ကြတာပေါ့ အခု ငါတို့အမှုတွဲ ထဲပါတဲ့ သူတစ်ယောက်ကတော့ အတူတူအဖမ်းခံရတဲ့လူတွေ အကုန်လုံးကတော့သိမှာမဟုတ်ဘူး အခု ထောင်ဗူးဝရောက်မှ ထောင်က အရေးတယူ လာပြီး ပြောပြမှ သူနာမည်ကြားဘူးတာ ကိုယ်နဲ့ သာအတူတူ ထောင်ထဲရောက်တယ် သူဘာလဲဆိုတာကျကျနနကိုမသိသေးဘူး သူ့ကို လာခေါ်တဲ့ ထောင်မှူးနဲ့ပြောစကားအရ သူဟာ ထောင်တစ်ခုကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူဆိုတာလောက်တော့သိရတယ် နောက် သူ့အမှု တွဲဖိုင်ကို ရုပ်ရှင်တောင်ရိုက်ထားတယ်ဆိုပဲဘာတဲ့ ”
ရှေ့တွင် ရှင်းပြနေသော ဦးဝင်းကြည်က နောက်ဖက်လှည့်ပြီးမေးလိုက်မှ အတူတူ အခန်းထဲရောက်နေသူ လူငယ်လေး ဇော်ဟန်က
“ကျနော့်ဝေစု အမေ့ပေးပါ”
သူမှတ်မိသော နာမည်ကို ပြောပြသည်။ ဒီတော့မှ ထွန်းထွန်းဦက သူသိထားတာတွေနဲ့ စကားကိုရှေ့ဆက်ရန်ပြင်သည်။
“သူက ထောင်က ထွက်ပြေးလွတ်မြောက်ပြီး တောထဲက အေဘီ အဖွဲ့ဆီရောက်တယ် အေဘီ ရောက်တော့ သူဖေါက်ခွဲရေးသင်တန်းတွေ တက်ခဲ့ရတယ် ဒီသင်တန်းတွေအပြီးမှာသူအထဲကိုပြန်ဝင်လာတယ်။ သူက သူ့ဆွေမျိုးတွေရှိတဲ့ ဒိုက်ဦးက အသိဘုန်းကြီးကျောင်းမှာ ဘုန်းကြီဝတ်ပြီးနေနေတယ် ဒီမှာပဲ အခု ကျနော်နဲ့ကျောင်းမှာဆုံတယ် သူပါလာတာက ယမ်းပျော့ရယ် တစ်တိုနီတာ ရယ်ပါလာတယ် ဒီပစ္စည်းတွေရယ်ကို သံဖြူဆိုင်မှာလုပ်တဲ့သံဗူးထဲထည့်ပြီ မီးသွေးတွေနဲ့ ရောချက်ထားတဲ့ ပစ္စည်းတွေနဲ့ စမ်းသပ်တယ် အောင်မြင်လာတော့သူ ပထမဦးဆုံးစမ်းသပ်တာက တရုတ် သံရုံးပဲ အဲ့ဒီမှာ သူဖေါက်ခွဲတယ် အဲ့ဒီတုန်းကတော့ သူဘာသာ တစ်ယောက်ထဲ ရန်ကုန်တက်တက်လာပြီလုပ်တာ နောက်မှ ကျနော် နဲ့တွဲ မိလာတော့ သူကျနော့်ကိုအဖော်ခေါ်လာတယ် ဆဲဗင်းဇူလိုင်လို အရေးကြီးတဲ့နေ့တွေကျမှ သူက လာလာလုပ်တာ အဲ့ဒီ ဆဲဗင်းဇူလိုင်တုန်းကတော့ကျနော်တို့ဘာသာလုပ်ပြီးနေ့ချင်ပြန်သွားကြတာ ဘယ်သူမှမသိလိုက်ကြဘူးအခု နောက်ဆုံးအဖမ်းခံရတဲ့ အခေါက်ကတော့အရေးကြီးတယ်လေ (၈)ရက်နေ့ဆိုတော့ (၈)ရက် (၈)လ ကသူ့လုပ်ဆောင်ချက် ကိုပီပီပြင်ပြင်ဖြစ်စေချင်တာပါတယ် ဒီတော့ လုပ်တာကို မှတ်တမ်းပြဖို့ လိုမယ် အဓိက ကတော့ဓာတ်ပုံ လိုချင်တယ် ဒီတော့ ကင်မရာ ပေးနှိုင်မည့်သူကို သူတို့ ရှာလိုက်တာ ခုနအကိုတို့ကို ပြောပြနေတဲ့ ဘိုဘို ကို ကျနော်က ပြေးမြင်မိတယ် ဘိုဘိုကို ကျနော်တို့ချိတ်ဆက်ပြီး ချိန်းတော့ အခုရွှေပြည်သာက ဒီဆရာတော်ကျောင်းကိုချိန်းလိုက်ကြတယ် ဒီကနေကျနော်တို့ မြို့ထဲ သွားရာကနေ မောင်ဘိုဘိုက အကိုကြီးတို့ကို ဂုဏ်ပြုချင်တယ် လိုက်ခဲ့ပါဦးကျနော် ပြုစုပါရစေဆိုပြီး တနေရာကိုခေါ်သွားတယ် သူခေါ်သွားတာကတော့ ပြည်သူ့ရင်ပြင် ကသစ်လုံးအိမ် ကစားသောက်ဆိုင်ကိုပဲ ”
“အဲ့ဒီလူနာမည်ကဘယ်သူလဲ”
ဦးဇင်းကတော့ သူ့ကို ကျောင်းလာတုန်းကခနသာမြင်ဘူးလိုက်သည်။ နာမည်ကိုမသိ။ ဒီတော့ ကြားဖြတ်ပြောပြနေသော ထွန်းထွန်းဦးက
“တိုက်ယဉ်”
ဖြေလိုက်သော စကားကြားရတော့ နားထောင်နေသူက စိတ်ဝင်တစား ပိုလာသည့်ဟန်ပေါ်လာသည်။သူသိထားတာကိုပြောဖို့ ဟန်ပြင်သည်။
“သူနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းက ကျနော်တို့ထောင်ထဲမှာသိထားတာတွေရှိနေတယ် သူနာမည် တိုက်ယဉ်နော် သေချာတာကသူဟာ နာမည်ကျော် တဲ့ထောင်ထဲကဇာတ်လမ်းတွေကိုလုပ်ခဲ့တဲ့သူ ထောင်ထဲမှာ သူ့အကြောင်းက တဆင့်စကားနဲ့ပြောပြနေကြတာတွေကို ကျနော်တို့သိထားတာတွေရှိတယ် သူကဘိုကလေးဘက်ကမဟုတ်လား သူထောင်ပြောင်းတုန်းက လုပ်သွားတာတွေက တကယ့် ရုပ်ရှင်ထဲက ဇာတ်လမ်းမျိုး သူထောင်ပြောင်းတော့ သူ့မိန်းမကို စားစရာ လာပို့ပေးဖို့မှာတယ် ရဲတွေကောစားဖို့ယူလာခိုင်းတယ် ရဲဆိုတာက သိတဲ့အတိုင်း တရားခံဆိုတာကသူတို့ကိုထမင်းရှာကျွေးသူ ရသမျှ သွားဖြဲနားဖြဲစားမယ်လေ ဒီပျော့ကွက်ကို သိထားတဲ့ တိုက်ယဉ်က တခုခုစီမံခိုင်းလိုက်တယ် ဒါကတော့ စာစရာထဲ အိပ်ဆေးတွေကျိတ်ထည့်လာပေးဖို့ပဲ ရဲတွေ ကိုတိုက်ယဉ် မိန်းမယူလာပေးတဲ့ စားစရာတွေစားပြီးချက်ခြင်းကိုစက်တော်ခေါ်တော့တာပဲ ဒီမှာပဲ ကိုတိုက်ယဉ် လုပ်ငန်းစတယ် ရဲတွေဆီက လက်နက်တွေကိုယူတယ် ပြီးတော့ရဲတွေကို သူတို့လက်နက်နဲ့ပဲ ရှင်းပစ်တယ် နောက် သင်္ဘောကို အပိုင်းစီးလိုက်တယ် ဒါတွေက ပြောပြရင် ရုပ်ရှင်လို့ ထင်ကြမယ်သင်္ဘောကမ်းကပ်ပြီး တိုက်ပွဲတွေဖြစ်သေးတယ် သူတို့ကိုပြန်ဖမ်းမိသွားတယ် ရဲတွေကသူ့ကိုတော်တော်မကျေမနပ်ဖြစ်နေတာ”
ထောင်ဗူးဝမှာ တုန်းက ထောင်မှူးနဲ့ ပြောစကား ကိုပြန်အမှတ်ရလိုက်သည်။
“ကျနော်ကို ရဲက ဖမ်းမှာ စိုးရိမ်နေတာ တော်သေးတယ် ထောက်လှမ်းရေးကဦးသွားလို့”
ဒီတုန်းက ဘာလို့ သူဒီလိုပြောနေတာလဲလို့ သဘောမပေါက်မိ။ အခုတော့ သူက ရဲတွေကိုသတ်ခဲ့သူ ရဲတွေမိရင် သူကိုသေအောင် မလုပ်တာတောင် သေလုနီးပါး ကျွေးလိမ့်မည်။ သူကတော့ ကံကောင်းတယ်လို့တောင် သူ့ကိုယ်သူကျေနပ်နေသည်။ ထောင်ထဲရောက်တာကို သူကျေနပ်နေသည်။
“သူ့ကိုဖမ်းမိပြီး တဲ့နောက် သူ မအူပင်ထောင်ထင်တယ် အဲ့ဒီထောင်ထဲကိုထည့်ထားတယ်နောက်သူ အဲ့ဒီထောင်ကနေ ထောင်ကိုကျော်ပြီး လွတ်သွားတယ် အဲ့ဒီကနေ အေဘီကိုရောက်သွားတာဖြစ်မယ်”
ထောင်ဗူးဝ တွင် အကြာကြီး ထိုင်နေရတုန်းထောင်မှူးကလာစကားပြောသည်ကိုပြန်မြင်ယောင်လာသည်။ သူ ထွက်ပြေးတုန်းက အဖြစ်အပျက်တွေကို လိုက်မေးနေသည်။ သူကလည်း သူ အေဘီကို ရောက်ခဲ့တာ လမ်းမှာ ကြုံခဲ့တာတွေကို ပြောပြနေသည်။ သူ့ဟန်ပန်က တက်တက်ကြွကြွ ပိုရှိလာသည့်ဟန်။
“မင်းနဲ့ ကွာ ကိုယ့်ဘာသာ လူဆိုးလုပ်နေ ပြီးရဲ့သားနဲ့ ကျောင်းသားတွေထဲသွားပြီးဝင်ရှုပ်ရတယ်လို့”
ထောင်မှူးက နောက်သလိုလို ပြောလိုက်သော်လည်း သူဟန်ပန်ကပိုတည်ကြည်သွားသည်။ နောက်သူက ဘယ်သူ့ကိုမှမကြည့်ပဲ စကားကိုဖြေးဖြေးလေး ပြောနေသည်။
“ကျနော့်မှာ လုပ်ခဲ့တဲ့ အမှားတွေကို ဆေးကြောချင်တယ် ကျနော်ဆေးကြောဖို့ အကောင်းဆုံးရွေးလိုက်တာကတော့ ကျောင်းသားတွေရဲ့ တော်လှန်ရေးကို ကိုယ်နိုင်သလောက် ဝင်ကူဖို့ပဲ ”
သူပြောပြစဉ် ကတည်းက ရင်ထဲ ကျန်ရစ်ခဲ့သော စကားနဲ့အတူ စာပေဟောပြောပွဲ တခုမှာ စာရေးဆရာကြီးတစ်ယောက် ဟောပြောသော ဇာတ်လမ်းတစ်ခုက နားထဲသို့ တိုးဝင်လာသည်။ဇာတ်လမ်းက ဒီလိုလူတွေအတွက် အရေးတကြီး လိုအပ်နေသော ဆေးဝါးတစ်မျိုး ကိုစမ်းသပ်ရန် ထောင်ထဲက လူတွေကို အကျိုးအကြောင်း ရှင်းပြပြီး အကူအညီ တောင်းသည်။ ဒီဆေးကိုအရေးပေါ်စမ်းသပ် ရန်လိုနေသည် ။ စမ်းသပ်လို့ အောင်မြင်လျှင် လူတွေအများကြီးကိုကယ်တင်နှိုင်မည် ။ ဆေးကို စမ်းသပ်၍ မအောင်မြင်ပါက ဆေးအစမ်းသပ်ခံပုဂ္ဂိုလ် သေးဆုံးနှိုင်သည်။ ဒီတော့ ထောင်ထဲက လူတွေကူညီပါဝင်နှိုင်မည်ဆိုပါက အကူအညီ လိုချင်ကြောင်း ပြောပြပြီ ဘယ်သူထွက်လာမလဲ စောင့်နေသည်။ ထိုအချိန်မှာ ထောင်တသက်လွတ်ရက်မရှိတဲ့ အဆိုးဆုံး လူဆိုးကြီးက အားရဝမ်းသာထွက်လာသည် ။ မအောင်မြင် လျှင်သူအသေခံမည်တဲ့။ ဒီတော့  မင်းဘာလို့ည ဒီလိုဆုံဒဖြတ်ရတာလဲလို့ ဝိုင်းမေးကြသည်။ သူပြန်ဖြေတာကတော့ ကျနော့် ဘဝ မှာ ကောင်းမှုကုသိုလ် တခုလုပ်ဖူးတယ်ဆိုတာရှိချင်လို့တဲ့။ကဲအင်မတန် မည်းညစ် နေ တဲ့ တိမ်တိုက်မှာတောင် ငွေရောင်အနားကွပ်ဆိုတာရှိနေတာမဟုတ်လား ။ လူကောင်းတိုင်းဟာလည်း ဆိုးကွက် တခုခုရှိတတ်သလို ၊ လူဆိုးတိုင်းမှာလဲ ကောင်းကွက်တစ်ခုခု ရှိနေတာကတော့ အသေချာပါပဲ ။ ။