ရသဆောင်းပါးစုံ

အတင်းအကျပ် ဥခံလိုက်ရသည့် ၂၀၁၃

သက်ခိုင်
ဇန်န၀ါရီ ၁၊ ၂၀၁၄
၂၀၁၃ထဲမှာ ပြောပြစရာလေးတွေအထဲက တခုကိုရေးမယ်ရေးမယ်နဲ့ ခုမှပဲရေးဖြစ်တော့တယ်၊ လွန်ခဲ့တဲ့ မေလလောက် ကတည်းက ကျနော့်အခန်းနောက်က လွတ်နေတဲ့ အခန်း၂ခန်းကို လူသစ်တွေ ပြောင်းလာကြတယ်၊ ဆိုတော့ အရင်က ဗီဇာမလို၊ လခမပေးဘဲ နေနေကြတဲ့ ခိုမိသားစုတွေ နေစရာမဲ့သွားကော၊ အဲဒီတော့ ညာတာပါတေးနဲ့ ဌက်အမလေးကအရင် ကျနော့်အခန်းနောက်ဘက် ၀ရန်တာက၊ လေအေးစက်အောက်မှာ မျက်လုံး ကလယ်ကလယ်နဲ့ စပြီးဝပ်ပါလေရော၊ (ဒါအရင်က ရေးခဲ့ဖူးတယ်) ကိုယ်ကလည်း တိရိစ္ဆာန်လေးတွေကို ညှာတာ တတ်တော့(စားမရလို့) အော်ဌက်ကလေး လာနေတယ်ပေါ့၊ ၀မ်းတောင်သာသေး အသာတကြည်ပဲ ခွင့်ပြုခဲ့တယ်၊ ရှိပစေပေါ့။

 

အောင်မယ်နောက်ကြတော့ ဥကလေးနှစ်လုံး ဥ ပါလေရော၊ ၁၅ ရက်လောက်တော့ကြာမယ်ထင်တယ် အကောင် ပေါက်လာတယ်၊ အ၀ါရောင်လေးတွေ အသည်းယားစရာလေးတွေ၊ မျက်စိလည်းမမြင် ညိမ်ညိမ်လေးပဲနေနေကြတာ၊ သူတို့ကို သွားချောင်းချောင်း ကြည့်ရတာလည်းအမော မည်သို့မည်ပုံ ဆက်လက်ဖြစ်ပေါ်လာမည် မသိပေါ့။

 

အထီးလုပ်တဲ့ကောင်ကလည်း ဟိုနားပျံလိုက် ဒီနားပျံလိုက်၊ ကွက်ကြည့်ကွက်ကြည့်နဲ့ ကိုယ်ကပဲသူ့မိသားစုကိုများ အနှောက်အယှက်ပေး မလားပေါ့၊ “ဟေ့ကောင် ငါအရူးမဟုတ်ဘူး မောင်းမထုတ်ဘူး ကြီးအောင်မြန်မြန်လုပ်၊ အစာများများကျွေး ပြီးရင် အပျံမြန်မြန်သင်၊ အိုကေ ပေါ့” အဲဒီလို ပြောရသေးတယ်။ လူတွေ မကြားအောင် ပြောရတာ တော်ကြာဘေးခန်းတွေကြားသွားလို့ ဟာဒီလူတော့ သွားပြီဆို မှတ်က ရော။

 

ဒီကောင်က ဇွဲတော့ တော်တော်ရှိသား မိုးလင်းကတည်းက ပျံသွားလိုက် ပျံလာလိုက်နဲ့ အလုပ်ကိုရှုပ်နေတာ ဘာများလဲလို့၊ ဘယ်ဟုတ်မလဲ သေချာကြည့်မှ သကောင့်သားက အစာတွေသွားရှာလာ အာလုတ်ထဲထည့်လာ ပြီးတော့ ဌက်မလေးကို နုတ်သီးချင်းတေ့ပြီး အန်အန်ကျွေးတာကိုး၊ ဘုရားဘုရား လန့်သွားတယ် မိန်းမယူဖို့ ကလေးမွေးဖို့ ကိစ္စအတော်မလွယ်ပါလားပေါ့။

 

ဌက်သားပေါက်လေးတွေက အကောင်လေးတွေ ကြီးလာကော ပါးစပ်ကလည်း ပကျိပကျိ (ဖေကြီး၊ မေကြီး အော်တာ ထင်ပါတယ်) အော်တတ်လာကော၊ အရောင်ကလည်းပြောင်းလာတယ် မွဲခြောက်ခြောက်နဲ့ အမွှေးကမစုံတော့ အတော်ကို ကြည့်ရဆိုးတာ(ပြောသာ ပြောရတာ animal discrimination တို့ abuse တို့ အပြောခံနေရဦးမယ်)၊ ဘာပုံမှကို ပုံမလာတာ ပြောင်စပ်စပ်နဲ့၊ ဟာဒီကောင်တွေရုပ်ကလည်း ဌက်လို့တောင် ဘုရားစူးပြောရမယ်၊ ချီးပါ သေးပေါက်ကလည်း ပိုးစိုးပက်စက် မြင်မြင်နေရတယ်။

 

ဒါပေမယ့် တခုထူးခြားလာတာက ဒီကောင်တွေ အော်သံကျယ်ကျယ်လာတယ် ဘာများလည်းပေါ့ ကိုယ်ကသွား သွားချောင်းတယ်၊ ဟာ အဲဒီကြမှ သတိရတယ် ဟုတ်တာပဲ ဒီကောင်တွေက နို့စို့တာမှ မဟုတ်တာ ဒါဆိုအစာ ဘယ်လိုစားလဲ စားတာလည်း မတွေ့ဘူးပေါ့၊ အဲဒီမှ သတိထားမိတော့တာ ဟိုသူတော်ကောင်းကြီးက သူတို့လေးတွေ ကိုလည်း အန်အန်ကျွေးရတာကိုးဗျ၊ သူတို့က ကလေးတွေဆိုတော့ အရည်တရွှဲရွှဲနဲ့ (ဦးချိန်တီ မဆောင်ရအောင် နေမယ်) တဂွီးဂွီးနဲ့ အန်ကျွေးတာ သူ့ရင်ဘတ်မှာလည်း စို၊ ဟိုကောင်လေးတွေမှာလည်းစို၊ အော် ဒီလိုကိုးဆိုတာ ကိုယ်လည်း သဘော ပေါက်သွားတယ်။

 

ငှက်ပေါက်လေးတွေ အကောင်ကြီးလာတော့ အမကလည်း လွပ်လပ်ရေး ရသွားပုံပေါ်တယ် သူကအစာရှာကျွေးတာ တခါမှ မတွေ့ဘူး ဒါကအထီးကောင် အလုပ်လို့ အလုပ်ခွဲခြမ်း လုပ်ကိုင်နေလားမသိ၊ တခါတလေ တနေ့လုံး ပေါ်မလာဘူး။ အထီးကောင်ကတော့ ခဏခဏ လာပြီး တဂွီးဂွီး လုပ်နေတာပဲ။

 

ဒီလိုနဲ့ ဒီငနဲပေါက်လေးတွေက တဖျပ်ဖျပ် တဖျပ်နဲ့ အတောင်တွေ ခပ်ခပ်လာတယ်၊ ဟာဒီကောင်တွေ စ အပျံ သင်တော့မယ်ပေါ့ အိုကေပြီ၊ မိသားစုတစု အောင်မြင်တော့မယ်ပေါ့၊ အောင်မယ် အမကလည်း တဖျပ်ဖျပ် လုပ်လုပ် ပြနေပြန်ကော အော်အတော် အတွဲညီတဲ့ မိသားစုပေါ့၊ ဌက်အမကလည်း ၀ပ်ကျင်းထဲ ပြန်ပြန်လာပြီး ကလေးတွေနဲ့ နွေးနွေးထွေးထွေးပေါ့လေ၊ ကိုယ်ကလည်း ကြိတ်ပြီး ၀မ်းသာနေတာ။

 

အဲဒီမှာ တက်တက်စင်လွဲကော ဒီဌက်အမနဲ့အထီးက ဌက်ကလေးတွေကို မြန်မြန်ပျံကြပေါ့၊ မင်းတို့ဌက်လားမြောက်ပြီ ဘာညာ သင်ပေးနေကြတယ်မှတ်တာ၊ ဘယ်ဟုတ်မလဲ ဟိုအကောင်လေးတွေ မပျံသေးဘူး ဘုရားရေ ထပ် ဥ ပါပကော ဟာအဲဒီလို မလုပ်နဲ့ ငါကနင်တို့ ခဏလာနေတာ မှတ်တာ ဘာညာ၊ ဘာမှပြောမရဘူး၊ အတင်းကို ဥ တော့တာပဲ၊ သွားပြီ ငါတော့ ခံလိုက်ရပြီ သဘောကောင်းမိတာ၊ ဘယ့်နှယ် ကလေးတွေတောင် ဌက်လား မမြောက်သေး ဒင်းက လုပ်ချလိုက်ပြီ၊ ကဲရှိပစေတော့ပေါ့ နောက်တခေါက်ဆိုရင်တော့ မဥ ခိုင်းတော့ဘူး တခြားသွားဝပ်ကြပေါ့။ ဌက်ကလေးတွေလည်း ၃-၄ရက်နေတော့ ဒိုးသွားကော ပြန်လာလည်လား ဘာလားတော့ မသိ။

 

အဲဒီလိုနဲ့ နောက်တခေါက် ထပ်အကောင်ပေါက်၊ ဌက်ကလေးတွေကြီးလာ၊ ပကျိပကျိ (ဒီကောင်တွေကြတော့ Daddy၊ Mummy လည်းဖြစ်နိုင်တယ်၊ မဲ့(အမေ) ဖော့(အဖေ) လည်းဖြစ်နိုင်တယ်၊ ထိုင်းလိုမျိုး) အသံထွက်လာ၊ ဟိုသူတော် ကောင်းကြီးကလည်း တဂွီးဂွီးနဲ့ ရှာကျွေး၊ ဌက်အမကလည်း လွပ်လပ်ရေးရ၊ အကောင်လေးတွေ တဖျပ်ဖျပ် အတောင်ခတ်၊ လူကလည်းချောင်းနေတာ ဒီတခါတော့ ဒိုးခိုင်းမယ်ပေါ့ bird flu ဘာညာကလည်း ကြောက်မှ ကြောက်ပေါ့၊ ဘယ်လိုမှ စောင့်ချိန်မရလိုက်ဘူး ဌက်အမက ထပ် ဥ သွားပြန်ကော၊ လူလည်းသေချင်စော်နံ သွားတယ် ထပ်ပြီး အ ဥ ခံလိုက်ရတယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုမျိုး အဆင်ပြေပြေ သွားခဲ့ရပါလိမ့်ပေါ့၊ တွေ့တွေ့ နေခဲ့တာ ကတော့ ဟိုသူတောင်းစား တဂွီးဂွီး အော်ပြီး အန်အန်နေတာပဲ တွေ့ခဲ့ရတာ။

 

အဲဒီလိုနဲ့ လူလည်း အတင်းအဓမ္မ အဥ ဥခံခဲ့ရတာ သားဆက်(၄)ဆက် ရှိသွားပေါ့၊ ဒါကြောင့်ပြောပါတယ် ၂၀၁၃ဟာ အောင်ဖေတို့ ဥ ခံလိုက်ရပါတယ်လို့။

သက်ခိုင်
(2:50 pm)
31.12.2013

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts