ကဗျာ ဆောင်းယွန်းလ

နားနားပြီး မှားကြရအောင်

ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၊ ၂၀၁၄

ကမ္ဘာကြီး လုံးတယ်လို့တော့ ပြောကြတာပဲ

တခုခုတော့ မှားနေတယ်…

 

ကမ္ဘာကြီး ပြားသွားပြီလို့ ပြောကြတာပဲ

တခုခုတော့ မှားနေတယ်….

 

ဖတ်လစ ရေးနေဆဲ အခန်းဆက်ဘ၀တွေလည်း

လုံးလိုက် ပြားလိုက် မဲလိုက် ပြာလိုက်နဲ့

တခုခုတော့ မှားနေတယ်….

 

မလုံးမပြား (လေးထောင့် သုံးမြှောင့် အဖြောင့် အချွန်)

သို့တည်းမဟုတ်တဲ့ တခြားတခုခုမှာလည်း

တခုခုတော့ မှားနေတယ်…..

 

ငါးစာချရာ ငါးပွက်လိုက် ငါးပွက်ရာ ငါးစာချလိုက်

မီးလောင်ရာ လေပင့်လိုက် လေပင့်ခိုက် မီးလောင်လိုက်နဲ့

တခုခုတော့ မှားနေတယ်…..

 

နှစ်တနှစ်ကူးခါနီးတိုင်း

လူချင်းနီးအောင် လမ်းချင်းမီးညှိနေကြပေမယ့်လည်း

စိတ်တွေကို မီးမကူးပြန်ဘူး

တခုခုတော့ မှားနေတယ်….

 

မထူးခြင်း မခြားခြင်း မနားခြင်း

မထူးမခြားမနား (ထူးမခြားနားခြင်းမှာ)

နားနားပြီး မှားကြရရင်မကောင်းဘူးလား……။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts