သတင်းစာစောင်၊ လုံးချင်းစာအုပ်တွေ မထုတ်ခင်မှာ ကြိုပြီး စာပေစိစစ်ရေး ကိုတင်ပြရတဲ့ စနစ်ကို အရင်နှစ် သြဂုတ်လက ရုပ်သိမ်းပြီးနောက် ပုံနှိပ်မီဒီယာမှာ အတော်လေး လွတ်လွတ်လပ်လပ် ရေးခွင့်ရှိလာခဲ့ရာက ၂၀၁၃ ခုနှစ်မှာတော့ အရှိန်မြင့်တက်လာတယ်လို့ ဆိုရမှာပါ။
၂၀၁၂ခု သြဂုတ်လ မှာ ပြန်ကြားရေး ၀န်ကြီးလည်းအပြောင်းအလဲဖြစ်ခဲ့သလို စာနယ်ဇင်းကောင်စီ (ယာယီ) ကိုလည်းဖွဲ့ပေးခဲ့ပြီး သတင်းမီဒီယာ ဥပဒေကြမ်း ရေးဆွဲခွင့်ပေးခဲ့တဲ့နောက် ၂၀၁၃ ခုနှစ်ထဲမှာ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနတို့ အကြား သဘောကွဲလွဲမှုတွေ နဲ့ အတိုက်အခံ ပြောဆိုရတဲ့ အဖြစ်အပျက်အများပြား သတင်းမီဒီယာမှာ ဖေါ်ပြခဲ့တာတွေ့ခဲ့ရပါတယ်။
စာနယ်ဇင်းကောင်စီ (ယာယီ) က သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ရပ်တည်ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဋ္ဌာနအနေနဲ့ကတော့ မီဒီယာလွတ်လပ်ခွင့်ကို သူတို့ပေးချင်တဲ့ အတိုင်းအတာတခုထိပဲ ပေးဖို့ရည်ရွယ်ထားပုံရပါတယ်။ လူမှုတာဝန်သိသော မီဒီယာဆိုတဲ့ အယူအဆနဲ့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက မီဒီယာ ထိန်းချုပ်မယ့် လုပ်ဆောင်မှု ဥပဒေတွေကို အဆိုပြု ပြဋ္ဌာန်းဖို့ကြိုးစားခဲ့သလို စာနယ်ဇင်းကောင်စီ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း၊ မြန်မာသတင်းစာဆရာသမဂ္ဂတို့က ၀ိုင်းပြီး ကန့်ကွက် ပြောဆိုကြတဲ့ အဖြစ်အပျက်တွေက ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာပါ။
ပြန်ကြားရေး ၀န်ကြီးအဖြစ် ဦးအောင်ကြည် တာဝန်ယူပြီးနောက်မှာ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း လို့ခေါ်ဝေါ်တဲ့ ၁၉ ၆၂ ခုနှစ် ပုံနှိပ်ဥပဒေကို ပြန်လည်မွမ်းမံထားတဲ့ ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ မီဒီယာဥပဒေ အဆင်သင့်မဖြစ်မီ ဖေဖေါ်ဝါရီလ ၂၈ ရက်မှာ လွှတ်တော်တင်ထားကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီလို အနေအထားကြောင့် စာနယ်ဇင်းလောက က ကန့်ကွက်မှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် သတင်းသမား အဖွဲ့အစည်းတွေက ၀ိုင်းဝန်းကန့်ကွက်ကြပါတယ်။
ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ထည့်မတွက်ထားတဲ့ အချက်က မြန်မာ့သတင်းမီဒီယာ လောကဟာ အရင်ကအခြေအနေနဲ့မတူတော့ဘူး ဆိုတာပဲဖြစ်ပါတယ်။
သတင်းစာဆရာ အသင်းတွေ အဖွဲ့တွေ ပေါ်ထွက်နေပြီး အဖွဲ့အစည်းအလိုက်လှုပ်ရှားမှု ရှိလာတာက ထူးခြားချက်ဖြစ်ပါတယ်။
အခွင့်အရေးကို တောင်းဆိုရာမှာဖြစ်ဖြစ်၊ လှုပ်ရှားမှုလုပ်ရာမှာဖြစ်ဖြစ် အဖွဲ့အလိုက်လုပ်ဆောင်ကြတဲ့အတွက် အစိုးရအနေနဲ့ မျက်ကွယ်ပြုရခက်ခဲတဲ့ အနေအထားလည်းဖြစ်ပါတယ်။ နိုင်ငံတကာကလည်း အသင်းအဖွဲ့တွေက ပြောဆိုဝေဘန်တာကို ဂရုပြုစောင့်ကြည့်နေကြတာမို့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနအနေနဲ့ အရင်လို လုပ်ချင်ရာလုပ်လို့ မရတော့တဲ့ သဘောလည်းဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ မီဒီယာနယ်ပယ်က ပြောင်းလဲမှု တွေထဲက တခုကတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ တိုင်းရင်းသား ဘာသာစကားနဲ့ဖေါ်ပြမှုကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးလိုက်တဲ့ အချက်ပါ။
ယခင်က စာပေစိစစ်ရေးမှာ တိုင်းရင်းသားဘာသာစကားကို ဖတ်ရှုစစ်ဆေးဖို့ ၀န်ထမ်းမရှိဘူးဆိုတဲ့ ဆင်ခြေနဲ့ ပိတ်ပင်ထားရာကနေ စာပေစိစစ်ရေး ရုပ်သိမ်းပြီးနောက် လအနည်းငယ်အကြာမှာ တိုင်းရင်းသား ဘာသာစကားနဲ့ သတင်းစာစောင်၊ မဂ္ဂဇင်းတွေ ထုတ်ဝေခွင့် ပေးခဲ့ပါတယ်။
အလားတူ နယ်စပ်အခြေစိုက် တိုင်းရင်းမီဒီယာ အများစုလည်း ပြည်တွင်းမှာ တရားဝင် ထုတ်ဝေဖြန့်ချိ ဖို့ အခွင့်အရေး ရရှိလာတာကြောင့် တိုင်းရင်းသားဒေသတွေမှာ မိခင်ဘာသာနဲ့သော်လည်းကောင်း မြန်မာဘာသာနဲ့ သော်လည်းကောင်း စာစောင်အသစ်တွေ ထုတ်ဝေလာကြတာေ တွ့ရပါတယ်။
၂၀၁၃ ခုနှစ်ထဲ မီဒီယာလောက အတွက် အထူးခြားဆုံး ဖြစ်ရပ်တခုကတော့ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ယခုနှစ် ဧပြီလ ၁ ရက်နေ့က စပြီး ထုတ်ဝေခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ၄၈ နှစ်ကျော်ကြာတဲ့ စာပေစိစစ်ရေးတင်ပြီးမှ ဖြန့်ချိရတဲ့ ကန့်သတ်မှုကြောင့် နေ့စဉ် ထုတ်သတင်းစာတွေ ထုတ်ဝေဖို့မဖြစ်နိုင်ပဲ ရှိခဲ့ရာကနေ ၂၀၁၂ ခုနှစ် သြဂုတ်လ စိစစ်ရေးရုပ်သိမ်းအပြီး ၈ လ၀န်းကျင်အကြာမှာ ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုခဲ့တာပါ။
ဧပြီလ ၁ ရက်နေ့မှာ ပုဂ္ဂလိက သတင်းစာ ၄ စောင်စတင်ထွက်ရှိခဲ့ပြီး ယခုနှစ်ကုန်ခါနီးမှာတော့ ၉ စောင်ထွက်ရှိနေပါတယ်။ ပုဂ္ဂလိက သတင်းစာတွေထွက်ရှိပြီး ၈ လကျော်အကြာမှာ သတင်းစာတွေရဲ့ အခြေအနေကို လေ့လာကြည့်တဲ့အခါ ပုဂ္ဂလိက သတင်းစာတိုင်း ငွေကြေးအားဖြင့် အရှုံးခံနေရဆဲ ဖြစ်ပြီး ဖြန့်ချိရေး အခက်အခဲ၊ ကြော်ငြာရတာနည်းပါးအခြေအနေတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒါတွေရဲ့ အကြောင်းရင်းကဘာလဲလို့ သတ္တုချကြည့်တဲ့အခါ အကြောင်းရင်းတွေအများအပြား ရှိတဲ့အထဲ အစိုးရပိုင် သတင်းစာက အစိုးရဘတ်ဂျက်နဲ့ အရှုံးခံ ထုတ်ဝေနေခြင်းက အဓိက အကြောင်း တချက်ဖြစ်တယ်လို့ ပုဂ္ဂလိကသတင်းစာထုတ်ဝေသူတွေက ပြောကြပါတယ်။
၂၀၁၃ ခုနှစ်ရဲ့ မြန်မာ့မီဒီယာ တိုးတက်မှုကို ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင် မြန်မာသတင်းမီဒီယာ လောကအနေနဲ့ ပုံနှိပ်မီဒီယာမှာ လွတ်လပ်စွာရေးသားခွင့် အတော်များများ ရနေပြီလို့ ဆိုနိုင်ပေမယ့် ပုဂ္ဂလိသို့မဟုတ် လူမှု အသိုက်အ၀န်း community ရုပ်သံနဲ့ ရေဒီယိုတွေကို လုပ်ဆောင်ခွင့်မရသေးပါဘူး၊ ရုပ်သံနဲ့ရေဒီယိုဥပဒေ ဆွေးနွေးတည်မပြုရသေး ခင်မှာ လုပ်ပိုင်ခွင့် မပေးသေးတဲ့သဘောပါ။
နောက်တချက်ကတော့ သတင်းအချက်အလက် ရယူခွင့်မှာ အတားအဆီး တွေရှိနေဆဲပါ။ ဥပဒေကြောင်းအရ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းအရ တားမြစ်ချက်တွေ ရှိနေတာပါ။
နှစ်မကုန်မီမှာ အမျိုးသမီး သတင်းထောက် တဦးကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် တရားရုံးက ထောင် ၃ လချမှတ်လိုက်တဲ့ အဖြစ်အပျက်က မြန်မာ့သတင်းမီဒီယာမှာ ခြိမ်းခြောက်မှုနဲ့အတားအဆီးတွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာ ပြသခဲ့တာပါ။
===========================================
၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့
နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။
တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။