Uncategorized

လီကွမ်းယုရဲ့ နားဝင်မချိုတဲ့ အမှန်တရားများ စာအုပ်

 
 လီကွမ်းယုရဲ့ နားဝင်မချိုတဲ့ အမှန်တရားများ စာအုပ်
ဇော်အောင် (မုံရွာ)၊ နိုဝင်ဘာ ၅၊ ၂၀၁၃

ကမ္ဘာ့ထိပ်တန်း လာဘ်မစားဆုံးနိုင်ငံ စင်ကာပူ တည်ထောင်ခဲ့သူ လီကွမ်းယူရဲ HARD TRUTHS to keep Singapore going စာအုပ်ကို မြန်မာမှုပြုထားတဲ့ နားဝင်မချိုတဲ့အမှန်တရား စာအုပ်ထွက်လာပါတယ်။ The Straits Times နဲ့ Lee Kuan Yew တို့ကို ခွင့်ပြုချက်တောင်းပြီး၊ ထုတ်ဝေတဲ့စာအုပ်၊ အထူးသဖြင့် လူငယ်ဂျာနယ်လစ်များရဲ့ အမေးအဖြေပုံစံနဲ့ မူရင်းအင်္ဂလိပ်စာအုပ်ကို မြန်မာဘာသာပြန် ၂၆၉ စာမျက်နှာဖြစ်ပါတယ်။ ရန်ကုန်က စင်ကာပူအလယ်လာရောက်သူ မိတ်ဆွေတစ်ဦးကတော့  အကျည်းတန်အမှန်တရား လို့နာမည်ပြောင်းလိုက်ချင်တယ် ပြောပါတယ်။ ဘာသာပြန်သူ ဇင်ဝေသော် စင်ကာပူမှာနေထိုင်သူတစ်ဦးဖြစ်တော့ စင်ကာပူရဲ့ နမူနာယူစရာများကို မြန်မာပြုပြင်ပြောင်းလဲမှုများမှာ လိုတာထုတ်သုံးနိုင်တဲ့စေတနာနဲ့ အားပေးသူများရှိတာကြောင့် ထုတ်ဝေခဲ့ပါတယ်။

 မြန်မာသမ္မတကြီးက ရန်ကုန်ကိုစင်ကာပူလိုလုပ်ချင်ကြောင်း စကားများပေါ်ထွက်လာစဉ်က စင်ကာပူမှာ အနှစ်၂၀ကျော် နေထိုင်၊အလုပ်လုပ်သူတစ်ဦးအနေနဲ့ မဖြစ်နိုင်တာ..လို့တွေးမိပါတယ်။ ဧရာဝတီကျော်မြင့်ရဲ့ ဝမရှိပဲဝိလုပ်တဲ့လူကြီး လီကွမ်းယူ ဆောင်းပါ့း http://murann.com/attitude.htm ပေါ်ထွက်လာချိန်မှာ လီကွမ်းယူနိုင်ငံတည်ထောင်ရာမှာ နံပါတ်(၁) လာဘ်မစားရေးနဲ့ စတင်ခဲ့ကြောင်း ရယ်ရွယ်ဖွယ်ဖြစ်ရပ်မှန်ကို သိခဲ့ရပါတယ်။ ရန်ကုန်ကိုစင်ကာပူလို လုပ်လိုတာကတော့ လက်တွေ့မဖြစ်နိုင်သေးပေမဲ့ လီကွမ်းယူရဲ့အတွေးအခေါ်များကို လက်တွေ့ အနှစ်၅၀ကျော် အာဏာရှင်တစ်ယောက်အနေနဲ့ လုပ်ဆောင်သွားတဲ့ ရလဒ်ကတော့ စင်ကာပူဆိုတဲ့ မြို့ပြနိုင်ငံလေးတစ်ခု အခိုင်အမာပေါ်ပေါက်လာခြင်းပါ။ လီကွမ်းယူဟာ မလေးရှားနိုင်ငံက ပေါက်ဖွားလာတဲ့ တရုပ်လူမျိုး (ဟာခအနွယ်) အင်္ဂလိပ်ပညာတတ်ဖြစ်လို့ တရုပ်ပြည်မကြီး စိတ်ဓါတ်မရှိသူဖြစ်ပါတယ်။ ငွေကြေးအားဖြင့် ပူပန်မှုမရှိတဲ့ မိဘ၊ယောက္ခမ ကြွယ်ဝချမ်းသာသူမိသားစုက ပေါက်ဖွားလာသူ  ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာရရှိပြီးတော့ သူ့သေကိုယ်သေတိုက်မဲ့အတိုက်ခံများကို ပါတီတွင်း၊ ပါတီပြင်ပ နာလံမထူအောင် ငွေကြေးချွတ်ခြုံကျစေတဲ့နည်းနဲ့ နိုင်ငံရေးလောကမှာ ပြုလုပ်ပါတယ်။ မြို့ပြနိုင်ငံလေးဖြစ်လို့ သူနည်းဟန်များက အထူးအောင်မြင်ပါတယ်။ သူသဘောအကျဆုံးခေါင်းဆောင်များမှာ တရုပ်ပြည် တိန်ရှောင်ဖိန့်…စသဖြင့်..။

ဒီစာအုပ်ကို Straits Times သတင်းစာမှာရေးသားချက်များဖြစ်ပေမဲ့ လီကွမ်းယူက ပွင့်လင်းစွာဖြေကြားထားပါတယ်။ အထူးသဖြင့် သူ့နေရာဆက်ခံနိုင်စွမ်းရှိတဲ့ အတိုက်အခံ ၂ဦး J.B Jeyaretnam & Dr. Chee တို့ကို နာလံမထူအောင် လုပ်ရကြောင်း အမှန်အတိုင်းဖြေထားပါတယ်။

အမေးအဖြေကဏ္ဍများနဲ့မှာ
၁။ စင်္ကာပူ(သို့) ရွှံ့ မြေပေါ်ဆောက်တဲ့အထပ်(၈၀) တိုက်တစ်လုံး
၂။ ပီအေပီ PAP အာဏာရပါတီ
၃။ ရေပေါ်ဆီ (Leadership, အုပ်ချုပ်သူလူတန်းစားအကြောင်း၊ နေရာခန့်ခွဲချထားမှု)
၎။ စီးပွားရေးပဉ္စလက်  (SME အသေးစား၊အလတ်စားမှ အကြီးစား MNC အထိ၊ နိုင်ငံခြားရင်းနှီးမှု FDI များကို အမေရိကန်နှင့် ကမ္ဘာအနှံ့လေ့လာ၊ လုပ်ဆောင်ခြင်း)
၅။ မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေးချစ်စိတ်
၆။ လူမျိုး၊ ဘာသာစကားနဲ့ဘာသာတရား (မူဆလင်၊ ဗုဒ္ဓဘာသာများကြားမှ ခရစ်ယာန်အတွေးခေါ်များ၊ လီကွမ်းယူမောင်နှံ၏ Respect All ဘာသာတရား)
၇။ လူစိမ်းမှ လူရင်းသို့ (နိုင်ငံခြားသားများလက်ခံခြင်း၊ Workers, Professional, PR, Citizen..issue)
၈။ စူပါများ အကြား ရပ်တည်ခြင်း (မူဆလင်၂နိုင်ငံ မလေးရှား၊အင်ဒိုနီရှားအကြား၊ အမေရိကန် စစ်အင်အားဖြင့် ရပ်တည်ခြင်း၊ တရုပ်၊ အမေရိကန်၊ ရုရှား)
၉။ ရှင်းသန့်စိမ်းလဲ့ကျွန်း (ကမ္ဘာမြို့ကြီးများ ဥယျာဉ်၊ သစ်ပင်များဖန်တီးခြင်း)
၁၀။ ရွက်ကြမ်းရေကျို အဆိုးမဟုတ် (ယောင်္ကျားရှာ၊ မိန်းမရှာများနှင့် လီကွမ်းယူအမြင်)
၁၁။ ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ  (ကိုယ်ရေးကိုယ်တာ မိသားစုအရေးများ)

မေးကြသူများဟာ လူငယ်ဂျာနယ်လစ်များ ဖြစ်ပါတယ်။ အသက်၂၅ – ၃၀ အရွယ်များဖြစ်လို့ မင်း၊ငါ You,I  ကို ဘာသာပြန်ပါတယ်။ မြန်မာစကားမှာတော့ ခင်ဗျား၊ ကျွန်တော်၊ ညီအစ်ကို၊အစ်မ၊ ဦးလေး၊အဒေါ်၊ အဘ၊ အမေ စသဖြင့် စုံလင်ကြွယ်ဝတော့ ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့က လူငယ်ကလေးများကို မင်း၊ ငါ ဆက်ဆံမလား၊ ရှင်၊ ကျမ၊ ခင်ဗျား၊ကျွန်တော် ဆက်ဆံ၊ပြောဆိုမလားဆိုတာ ကာလဒေသ၊ အခြေအနေပေါ် မူတည်မယ် ဖြစ်ပါတယ်။ မြန်မာလူငယ်လေးများကလည်း အသက်၈၀ကျော် အဘိုးကြီးက မင်း/ငါ ပြောဆိုမှ ပိုသဘောကျမယ်လို့ ထင်ပါတယ်။ 

ဥပမာ.. p288  တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဗိုလ်ကျချင်ကြတာကို အခြေခံဥပဒေနဲ့ ထိမ်းသိမ်းလို့ရမလား မေးခွန်းကို လီကွမ်းယူကဖြေပါတယ်။ မင်းအသက်ဘယ်လောက်လဲ ..၂၆နှစ်၊ အေး.. မင်းအသက်၄၆နှစ်ဆို ဒီမေးခွန်းကို မင်းမှာလဲ ဟုတ်တိပတ်တိ မလေ့လာရသေးပါလား..လို့ ပြောရလိမ့်မယ်..ဟု အစချီပြီး ဖြေသွားပါတယ်။

လူငယ်များရဲ့ မေးခွန်းဖြစ်လို့ ပေါ့ပေါ့တန်တန် သဘောမထားနိုင်ပါ။ ဒီအရွယ်လေးတွေကို အားကိုးပြီး နိုင်ငံထူထောင်ရခြင်းဖြစ်ပါတယ်။ သိပ္ပံပညာရှင်များလည်း အသက်၃၀အောက်မှာ အလွန်ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုများကို ရရှိလေ့ရှိပါတယ်။ အိုင်စတိုင်း ရီလေးတီဗီတီ အတွေးအခေါ်ကို ၂၆နှစ်အရွယ်မှာ ရရှိသလို၊ အိုင်ဇက်နယူတန်၊ ဟိုက်ဇင်းဘတ်၊ နီးဘိုးလ်၊ ဂျေဂျေသော်မဆင်၊ အခုနောက်ဆုံးပေါ် အနုပညာသမား၊ ရုပ်ရှင်သရုပ်ဆောင်၊ ဂီတပညာရှင်၊ စာပေသမား၊ နိုင်ငံရေးသမား၊ သိပ္ပံပညာရှင်အများစုဟာလည်း အသက်၃၀အောက်အချိန်မှာ ကျော်ကြားတဲ့ တွေ့ရှိမှုများ ရရှိကြပါတယ်။ ဗုဒ္ဓဘုရင်မှတောထွက်ခြင်း၊ ခရစ်ယာန်ယေရှုကားတိုင်ပေါ်အသေခံခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းမြန်မာ့လွတ်လပ်ရေးကြိုးပမ်းခြင်း၊ ဂရိအလက်ဇဒြားဘုရင်၊ မွန်ဂိုဂျင်ဂျစ်ခန် ..စတဲ့လူ့သမိုင်းကို သြဇာကြီးသူများဟာ အသက် ၃၀ ပတ်ဝန်းကျင်တွေပဲ ဖြစ်ပါတယ်။

စင်ကာပူနေသူ အခြားမိတ်ဆွေတစ်ဦး ဤကမ္ဘာကိုတရုပ်တို့ကြီးစိုးသောအခါဝယ် Martin Jacques စာအုပ်ကိုဘာသာပြန်စဉ်ကလည်း မြန်မာပြည်က ပုံနှိပ်ပေးသူများအဖွဲ့က စာအုပ်ခေါင်းစဉ်ကိုပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ လူတွေက သူများကိုပြင်ဖို့ကြိုးစားလေ့ရှိတယ်။ ဦးနေဝင်း စစ်အာဏာသိမ်းစဉ်က ပထမဆုံးအမိန့်စာက အမဲသားပေါ်ခွင့်ရှိသည် ဆိုတာပဲဖြစ်တယ်။ နောက် ဦးနု ရွေးကောက်ပွဲနိုင်ပြီး ဝန်ကြီးချုပ်ဖြစ်လာတော့ ဦးနုအစိုးရရဲ့ ပထမဆုံးအမိန့်စာက အမဲသားပေါ်ခွင့်မပြု ..လို့ ကွယ်လွန်သူကြေးမုံဦးသောင်းရဲ့ ဗိုလ်နေဝင်းစာအုပ်မှာ ဖတ်မှတ်ဖူးပါတယ်။ သူများကို ပြုပြင်ပြောင်းလဲချင်စိတ်၊ သူများကို အပြစ်တင်ချင်စိတ် Blame Other ဆိုတာ လူတိုင်းရဲ့ ဇာတိ Flesh လူ့သဘောသဘာဝဖြစ်လို့ သဘာဝကြပါတယ်။ ပြသနာတစ်ခုဖြစ်လာရင် Not Me … မိမိကိုယ်ကိုကာကွယ်ရေး လုပ်ကြရာမှာ အကောင်းဆုံးဖြေရှင်းနည်းက Find Fault, Blame Other ဖြစ်ပါတယ်။
 မြန်မာနိုင်ငံမှာနေထိုင်၊ အုပ်ချုပ်သူလူတန်းစား အားလုံးနီးပါးကတော့ ပြသနာအကောင်းဆုံးဖြေရှင်းနည်းဟာ အခြေတင်ဆွေးနွေးနည်းနဲ့ Look Forward ရှေ့ကိုဘယ်လိုဖြေရှင်မလဲ …အပြုသဘောဆွေးနွေးမယ်ဆိုတာ သိကြပါတယ်။ လက်တွေ့ပဲလိုပါတယ်။

လီကွမ်းယူရဲ့ စာအုပ်ဟာ စင်ကာပူမှာ နှစ်ပေါင်းများစွာနေထိုင်တဲ့မြန်မာတစ်ဦးအတွက် ငါသိပြီးသားတွေပဲ ဟုပြောနိုင်ပါတယ်။ မြန်မာပြည်က ခေါင်းဆောင်များလည်း တိတ်တိတ်ကလေး ဖတ်ရမဲ့ စာအုပ်ဖြစ်ပါတယ်။ စင်ကာပူကို နမူနာယူမဲ့အစား အမေရိကန်၊ဥရောပ၊ဂျပန်တွေ အားလုံးကို နမူနာယူနေတယ်ကွာ..ဟု အပေါ်စီးကဖြေကြားမဲ့ မြန်မာခေါင်းဆောင်များကို မြင်ယောင်ပါတယ်။ ကျနော်အနေနဲ့ ဘာကြောင့်စင်ကာပူကို နမူနာယူချင်သလဲ .. ဆိုတော့ လာဘ်စားမှု နည်းပါးအောင် နိုင်ငံခေါင်းဆောင်များကို မြင့်မြတ်စိတ်ထားရှိဖို့ လီကွမ်းယူ စတင်ကြိုးစားပါတယ်။ အနည်းဆုံး အစိုးရဝန်ထမ်းများရဲ့ စားဝတ်နေရေးတင်မက၊ တတ်သိပညာများတိုးပွားအောင် လုပ်ပေးပါတယ်။ ဦးဘုန်း(ဓါတု) စာပေဟောပြောသွားသလို စာဖတ်ကြဖို့၊ အထူးသဖြင့် ခြေထောက်ဖြင့်စာဖတ်ခြင်း (နိုင်ငံတကာခရီးများ သွားဖို့) တိုက်တွန်းပါတယ်။  လက်ရှိ မြန်မာအစိုးရနဲ့လူထုခေါင်းဆောင်များကတော့ ဂျပန်၊ အမေရိကန်၊ တောင်ကိုးရီးယားတွေကို သွားပါတယ်။ မြန်မာများစွာ နေထိုင်တဲ့နိုင်ငံဖြစ်တော့ ပိုလေ့လာလို့ကောင်းပါတယ်။ စင်ကာပူဟာ စိတ်ကူးယဉ်ထဲက လမ်းစဉ်ပါတီရဲ့ အညမညသဘောတရားလို့ မဟုတ်သလို၊ န.အ.ဖ အစိုးရရဲ့ ဒို့အရေးတာဝန်သုံးပါး၊ ပြည်သူ့သဘောထား နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၄)ရပ်လို လက်တွေ့မဖြစ်နိုင်တာတဲ့ လှလှပပစာလုံးများမဟုတ်ပါ။ စင်ကာပူလို လိုက်လုပ်နေလဲ မြန်မာပြည်နဲ့ ဘာမှအဆင်ပြေမှာမဟုတ်ပါဘူး။

ကျနော်စိတ်ကူးပါတယ်။ မြန်မာပြည်ကမိတ်ဆွေများက ၁၀နှစ်လောက် စောင့်ရဦးမယ်ပြောပါတယ်။ စောင့်နိုင်ပါတယ်။ စင်ကာပူဟာ လက်တွေ အနှစ်၅၀အတွင်း နိုင်ငံခေါင်းဆောင်များ အကျင့်ကောင်းမွန်ရေး (No Corruption)၊ တတ်သိနားလည်ရေး (Education) ၂ခုကို ဦးတည်ပြီး မြင့်မြတ်စိတ်ဓါတ်ကို ဖေါ်ဆောင်သွားတဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း၊ စာသင်ကျောင်းများကနေ ဒီလိုစိတ်ဓါတ်မျိုးကို လီကွမ်းယူက စတင်ခဲ့ကြောင်း… စာအုပ်အမြည်း အဖြစ် ရေးသားလိုက်ပါတယ်။

To read some pages (Link)
http://murann.com/ebooks/leekuanyew.HARD.TRUTHS.pdf


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts