သောင်းပြောင်းထွေလာ

မေကြီး အတွက် Rap သီချင်း တစ်ပုဒ် – Po Htet


မေကြီး အတွက် Rap သီချင်း တစ်ပုဒ်
ဖိုးထက်၊ နိုဝင်ဘာ ၅၊ ၂၀၁၃
တလောက ဟာသ တစ်ပုဒ် ဖတ်လိုက်ရတယ်။ ဟာသက…
သား။           ”အဖေ လူတွေ ဘယ်က လာသလဲ”
အဖေ။           ” အာဒမ်နဲ့ ဧ၀ ကနေပေါ့သားရယ်။ သူတို့ကနေ ကလေးလေး တွေမွေး။ အဲဒီကနေမှ နောက် ထပ်၊ နောက်ထပ် ကလေးလေးတွေကမှတဆင့် အဖေတို့ လူတွေ ဖြစ်လာတာပေါ့ကွ”
သားဖြစ်သူက မကျေနပ်ဘူး။ သူ့အမေဆီကို မေးပြန်တယ်။
သား။            ”မေမေ..လူက ဘယ်က လာသလဲ”
အမေ။           “လူဆိုတာ မျောက်က ဆင်းသက်လာတာ သားရဲ့။ မျောက်ကနေမှ တဆင့်ပြီး တစ်ဆင့် တိုးတက်ရင်းနဲ့ လူဖြစ်လာတာ ငါ့သားရဲ့”
သားဖြစ်သူက အဖေဖြစ်သူဆီကို ပြန်ပြေးလာပြီး စောဒက တက်တော့တာပေါ့။
“အဖေလိမ်တယ်။ မေမေက ပြောတယ်။ လူဆိုတာ မျောက်က ဆင်းသက်လာတာပါတဲ့။”
ဒီမှာ အဖေဖြစ်သူ ပြန်ပြောလိုက်တာက…
“ဟ..အဲဒါကတော့ မင်း အမေက သူ့အမျိုးဘက်ကို သူပြောတာပါ” တဲ့။
ဒီဟာသလေးကို ဖတ်ပြီး သဘောကျရင်း ကျွန်တော့် အမေ့ အမေ အမေကြီး ကို သတိရသွားတယ်။
ကျွန်တော့် အမေကြီးက ဒေါ်ကြည်အောင်တဲ့။ အတန်းပညာက မူလတန်းတောင် မလွန်ရှာပါဘူး။ မုဆိုးမ ဆေးလိပ်သမဘ၀နဲ့ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး ကျွန်တော်တို့ အမေကို ဆေးလိပ် လိပ် ကျောင်းထားပြီး ဘွဲ့ရအောင် ပညာသင်ပေးခဲ့တယ်။ အမေက အဖေနဲ့ အိမ်ထောင်ကျတော့ အိမ်ထောင်ရေးက သိပ်အဆင်မပြေလှဘူးပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသူတွေ ပီပီ ငယ်လင် ငယ်မယားဆိုပေမယ့်လဲ မာန်မာနလေးတွေ ကိုယ်စီနဲ့ အိမ်ထောင်ရေးမှာ အဖုအထုံးတွေ ရှိတာပေါ့။ ဒီတော့ မေကြီးက သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးဘက်ကနေ သိပ်နာတယ်။ သမက်ကို လုံးဝကြည့်မရဘူး။ လူပေါ့။ အလကား ကောင်။ တန်ဖိုးမရှိဘူး။ အို..စုံစီနဖာ နှစ်ပြားမတန်အောင် ကွယ်ရာလဲ ပြော။ ပေါ်တင်လဲ ပြောပေါ့။ အဖေကတော့ မေကြီးရဲ့ မဟုတ်မခံ၊ ရိုးသားတဲ့ စိတ်သဘောကို သိလို့ ခံပြီးတော့မပြောပါဘူး။ သို့သော်လဲ အမေနဲ့ကတော့ တချိန်းချိန်းဘဲ။
          မေကြီးက သူ့မြေးတွေ ပြောမရ ဆိုမရ သူ့စကားနားမထောင်၊ သူ့သမီး စကားနားမထောင်တာတွေ မြင်ရ၊ တွေ့ရ၊ ကြားရရင် ပြောနေကြ စကားတစ်ခွန်း ရှိတယ်။ “အမျိုး တစ်ခြမ်းယုတ်တွေ” တဲ့။ ကျွန်တော်တို့က သိသားဘဲ။ ဘယ် အခြမ်းကိုယုတ်တယ် လို့ ပြောချင်တယ်ဆိုတာ။ သူ့သမက်ကိုတွယ်တာလေ။ဒါပေသိ ကျွန်တော်တို့ မောင်နှမတွေက သူ့ကို စချင်လာပြီဆိုရင် “မေကြီး..ဘယ် ဘက် အခြမ်းကို ပြောတာလဲ” လို့ ပြန်မေးတတ်တယ်။ အဲဒီလို အမေးခံရပြီဆိုရင် မေကြီးက “ဟေ့..ကြည်အောင်တို့ အမျိုးက ပညာမတတ်ဘူး။ အေး ဒါပေမယ့်…ဆေးလိပ်သမဘ၀နဲ့ သမီးကို ပညာတတ်အောင် သင်ပေးလာတာ။ ဘယ်သူ့ ပိုက်ဆံ တစ်ပြား တစ်ချပ်မှ ခိုးမစား၊ ၀ှက်မစားဘူး။ နင့်အဖေဘက်သာ အမျိုးယုတ်” ဘာဖြစ်တယ်..ညာဖြစ်တယ်ဆိုပြီး သူ့ခမည်း ခမက်ဘက်က ငယ်ကျိုး ငယ်နာတွေ ဖော်၊ တွေ့ကရာနဲ့ လိုက်ထုတတ်လို့ ကျွန်တော်တို့က တဟား ဟား အော်ရယ်ရင်း ပြေးရတယ်။
          ကျွန်တော် လူမှန်း သိတတ်စ အရွယ်မှာ မေကြီးက ကိုယ်တစ်ခြမ်း လေဖြတ်ပြီး တောင်ဝှေးကြီးနဲ့ သွားနေရပြီ။ မေကြီးက အတန်းပညာသာ ဘာမှ မတတ်ရှာသာ။ ငယ်ငယ်က ကျွန်တော့်ကို ပုံပြင်ပြောပြသူဆိုလို့ သူဘဲ ရှိတယ်။ အမေက ကျောင်းဆရာမဘ၀နဲ့ သားသမီးတွေနဲ့ ဘ၀ကို ရုန်းရ ကန်ရဆိုတော့ ပုံပြင်ပြောဖို့ ဘယ်မှာ စိတ်ရှည်ပါ့မလဲ။ တစ်နေကုန် မြေဖြူမှုန့်တွေ တစ်ခေါင်းလုံး ဖွေးအောင် စာသင်၊ ညနေကြတော့ ကျူရှင်လေး ဘာလေးပြနဲ့ ဆိုတော့ အိမ်ပြန်ရောက်တာနဲ့ လူက ဖလက်ပြနေပြီလေ။ မေကြီးကတော့ တောင်ဝှေးကြီး တစ်ဖက်နဲ့ ထမင်းဟင်း ချက်ပြီး သူ့သမီးကို ကူညီရှာတယ်။ ညရောက်ရင်လဲ ကျွန်တော့်ကို သူ့ချွေးနံ့၊ ဂျီးနံ့တွေ မွှန်ထူနေတဲ့ ခြင်ထောင်ထဲ ခေါ်သိပ်တာဘဲ။ ငယ်ငယ်ကဆို သူ့ချွေးနံ့၊ ချိုင်း လက်ပါတ်နံ့ မရရင် ကျွန်တော် မအိပ်တတ်ဘူး။
          တစ်ခါတစ်ရံ ကျွန်တော်က ပူဆာလွန်း မက ပူဆာရင် အမေက ပုံပြင် ပြောပြတတ်တယ်။ ပြောတဲ့ ပုံပြင်ကလဲ ကြည့်အုံးလေ။ စပါးတွေ အများကြီး ပါတဲ့ ရထားတွဲကြီး မှောက်သွားကြောင်း။ အဲဒီရထားတွဲကြီးကို စာကလေး အုပ်ကြီးက တွေ့ပြီး စပါးစေ့တွေကို သူတို့ အသိုက်ရှိရာကို ချီကြကြောင်း။ စာကလေး ဆိုတော့ တစ်စေ့ထက်လဲ ပိုမချီနိုင်ကြောင်း။ ဒီလိုနဲ့ တစ်စေ့ ချီလိုက်..တစ်စေ့ချီလိုက်နဲ့ …ကျွန်တော်သာ စိတ်မရှည်ဘဲ အိပ်ပျော်သွားတယ်။ အမေကတော့ သူ့ရထားတွဲထဲက စပါးတွေက နောက်ရက်အထိကို မကုန်နိုင်ဘူး။
          မေကြီးကတော့ ..”ဖိုးထက်ရေ စာမြန်မြန်ကျက်ဟေ့။ ဒီနေ့ ပုံပြင် အသစ်ပြောပြမယ်” လို့ သူ့ခြင်ထောင် ၀ါညစ်ညစ်ကြီးထဲက လှမ်းအော်လိုက်ရင် အီးလေးဆွဲပြီး စာကျက်နေတဲ့ ကျွန်တော်က စာကို ဆယ်မိနစ်အတွင်း အရကျက်။ အမေ ဒါမှ မဟုတ် အမေအာဏာလွှဲထားတဲ့ အမတွေဆီ စာပြန်ပြီး သူ့ခြင်ထောင်ထဲ သွားတော့တာဘဲ။
          မေကြီးက သူ့ခြင်ထောင်ထဲ ရောက်တာနဲ့ “ကိုင်း ငါ့မြေး ဒီနေ့ ဘာနားထောင်ချင်သလဲ။ တေ၊ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန္ဒာ၊ ၀ိ၊ ဝေ ဇာတ်ကြီး ဆယ်ဖွဲ့ထဲက ဘယ်ဟာ နားထောင်ချင်သလဲလို့” လုပ်တတ်တယ်။ ကျွန်တော်က နေမိမင်းကြီး ဇာတ်လမ်း သိပ်ကြိုက်တာ။ အရှင်လတ်လတ် နတ်ပြည်၊ ငရဲပြည် ရောက်ရတယ်ဆိုတယ်ဆိုတာ စိတ်ကူးထဲမှာ လိုက်မြောရတာ တွေးမဆုံးဘူး။ မေကြီးကတော့ သူ့ဇာတ်ကြီး ဆယ်ဖွဲ့ ဘောင်ထဲက လွတ်ထွက်မသွားပေမယ့် ကိန္ဒရီ ကိန္ဒရာ ခွဲရလို့ ငိုရတယ်ဆိုရင်လဲ ကျွန်တော့်မှာ မေကြီးရဲ့ ချိုချို ပြင်းတွဲတွဲကြီးတွေ အပေါ် ခေါင်းအုံးရင်း မျက်ရည်က လွယ်ပြီလေ။ သိကြားမင်းရဲ့ ဗန္ဓုကဗ္ဗလာ ကျောက်ဖြာကြီး သုဝဏ္ဏသာမ မြှားထိတော့ သူ့ဆိုဖာကြီးက အလိုလိုမာလာတယ် ဆိုတော့လဲ ဘယ်လိုမာတာလဲ၊ ဘယ်လောက်ကြီးသလဲ မေးလွန်းတော့ “၀င်းမြင့်ရေ..နင့်သား ဒီနေ့ နင်နဲ့ ခေါ်သိပ်။ ရှုပ်သာ ကောင်လေးက”လို့ အမေ့ဆီကို ငေါက်လွှတ်တတ်တယ်။
          မေကြီးရဲ့ ပုံပြင်တွေ အခု အသက်လေး ရတော့ ပြန်စဉ်းစားတော့မှ ကျွန်တော့်ကို မေကြီး ဘတ်ကီး ရိုက်သွားတာတွေ အများကြီးပါလားလို့ သတိထားမိတယ်။ ကျန်စစ်သားမင်းက သံပရာသီးကို သူ့လှံနဲ့ ထိုးလိုက်တော့ ချိုသွားတာကနေ ဟိုး…ဗျဝွိ၊ ဗျတ္တ ကို မရရအောင် ဆက်စပ် ပြောသွားတာ။ ဇာလီ၊ ကဏှာကို စူဇကာ ပုဏ္ဏား နှိပ်စက်တာကနေ ပန်းပဲ မောင်တင့်တယ်က ၀င်ကယ်တယ်လဲ ဖြစ်ချင် ဖြစ်သွားတတ်တယ်။ သူ့ဘာသာ ဘယ်ရောက်ရောက်၊ ဘယ်ပေါက်ပေါက် မေကြီး ပုံပြင်တွေထဲမှာ စိတ်ကောင်းထားဖို့၊ သူတစ်ဖက်သားကို မဟုတ်တာ မလုပ်ဖို့ ဒီသဘောတွေ အများကြီး ပါနေတာ အခုတော့ သတိထားမိလာတယ်။
တစ်ခါတစ်ရံ မေကြီးက ပုံပြောရင်း သရဏဂုဏ် သုံးပါး ဘုရားရှစ်ခိုး မအိပ်တာနဲ့ ဘီလူး၊ သရဲ ဆွဲတတ်တယ်လုပ်ရင်း ဘီလူး၊ သရဲတွေ အကြောင်း ပိုပိုသာသာ ပြောလာတတ်တယ်။ အဲဒီလို ညတွေ ကျွန်တော် အိပ်ပျော်သွားပြီး ညနက်သန်းခေါင် အသံနက်ကြီးနဲ့ ထထ လန့်အော်ရင် အမေက သူ့အမေကို ရန်တွေ့တယ်။ “တော်ပြီ..နောက်ဆို အမေအဲဒီလိုသာ မဟုတ်တွေ လျှောက်ပြောမယ်ဆို ဖိုးထက်ကို ခေါ်မအိပ်နဲ့” လို့  ပြောတယ်။
မေကြီးက “ဟဲ့ နင့်သား အမျိုးတစ်ခြမ်းယုတ်သွေးက ကြောက်ချီးပါတာတော့ ငါ ဘာတတ်နိုင်မလဲ” လို့ ပြန်ပြောရင်း သားအမိ နှစ်ယောက်စကားတွေ များတတ်တာ ကျွန်တော် သတိတရ ရှိလှတယ်။ အခုတော့ မေကြီး ဆုံးတာလဲ နှစ်ပေါင်း နှစ်ဆယ်ပြည့်တော့မယ်လေ။ သူ့မြေး ကျွန်တော်တို့လဲ အတောင်အလက်စုံလို့ လောကလမ်းပေါ်မှာ ဘယ်သူ့ အကူအညီမှ မယူဘဲ လျှောက်လှမ်းနိုင်ပြီဘဲပေါ့။
မေကြီး ခြေမျက်စိက ဆေးလိပ်လိပ်ရင်း တင်ပ္ပလင်ခွေအထိုင်များတော့ အသားမာတွေ တက်ပြီး ဆုံးသည်အထိ အထဲက အရိုးကြီး ပေါ်အောင် ဝေဒနာခံစားသွားရရှာတယ်။ အိပ်ရာထဲမှာ ရောဂါနဲ့ လဲနေတော့ အမေက အလုပ်တစ်ဖက်။ သားသမီးတွေက ကျောင်းတစ်ဖက်နဲ့ ဆိုတော့ သူ့ကိုယ်သူ အားငယ်ရှာမှာပေါ့။ “ဒုက္ခမပေးချင်တော့ဘူး ၀င်းမြင့်ရယ်” လို့ ညည်းရှာတယ်။ နောက်တော့ သွေးကျဆေးတွေ အများကြီးသောက်၊ သတိလစ်ရာကနေ ဘ၀ကူးသွားရှာခဲ့တယ်။
မေကြီးအကြောင်း ကျွန်တော် စဉ်းစားမိရင် ဆရာဦးအောင်သင်း ပြောနေကြ စကားတစ်ခွန်းကို သွားသွားပြီး သတိရတယ်။ ဆရာကြီးက “လူဆိုတာ ကိုယ့်အမျိုးကိုယ် မြှင့်ရတယ်ကွ။ ဆရာက ကိုယ့်ထက် လက်ဝါးစောင်းထက်တဲ့ တပည့်ကို သင်ရမယ်။ မိဘက ကိုယ့်ထက် မြင့်မြတ်တဲ့ သားသမီးကို မွေးမြူရမယ်။ အဲဒီလိုမှ မဟုတ်ဘဲ တစ်ဆင့်ပြီး တစ်ဆင့် နိမ့်  နိမ့် သွားရင် ဘာကောင်းတော့ မလဲကွ” (အတိအကျ မမှတ်မိတော့ပေမယ့် အဲဒီ သဘောပါဘဲ) လို့ ခဏ ခဏ ပြောတတ်၊ ရေးတတ်၊ ဟောတတ်တယ်။ မေကြီး ဒေါ်ကြည်အောင်ကတော့ ဇာတ်ကြီး ဆယ်ဖွဲ့ကလွဲလို့ သတင်းစာတောင် ကောင်းကောင်း မဖတ်တတ်ရှာပါဘူး။ ဦးအောင်သင်းဆိုတာ ဘယ်သူလဲဆိုတာတောင် သိရှာမယ် မထင်ဘူး။ အမျိုး မြှင့်ရမယ်တွေ ဘာတွေ စတဲ့ သဘောတရားတွေလဲ သိမယ် မထင်ပါဘူး။ သိခြင်း မသိခြင်းထက် သူ့ ဘ၀၊ သူ့တာဝန်တော့ ကျေသွားတယ်လို့ ကျွန်တော်တို့ မောင်နှမတွေက အသက်ကြီးလာလေ သိလေပေါ့။
မေကြီး အကြောင်း စဉ်းစားရင် စိတ်ထဲမှာ မေကြီးကို လွမ်းလွန်းလှတာနဲ့ စိတ်အေး လက်အေးလေး ရှိစေဖို့ အာရုံပြောင်းဖို့ ကြိုးစားရင်း စာပေဟောပြောပွဲနားထောင်ဖို့ လိုက်ရှာတော့ ဆရာညီပုလေးရဲ့ စာပေဟောပြောပွဲ တစ်ခုကိုသွားတွေ့တယ်။ ဆရာက သူ့အမေ မေကြီး လူထု ဒေါ်အမာရဲ့ ရုပ်ရည်နဲ့ ဟာသတွေ စွက်ပြီး ပြောသွားတာမှာ ကျွန်တော်က တစ်နေရာမှာ အလွန်သဘောကျသွားတယ်။ ဆရာပြောသွားတာက…
တစ်ခါက ရွာတစ်ရွာမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ၀န်ကြီးဌာနက လူတွေက စပါးစိုက်ခင်းတွေဘေးမှာ ဆိုင်းဘုတ်တွေ လာထောင်ကြတယ်တဲ့။ ဗွီနိုင်း ပိုစတာ ဆိုင်းဘုတ်ကြီးတွေ အကြီးကြီးတွေပေါ့။ ဆိုင်းဘုတ်မှာ..
“တစ်ဧက စပါး တင်းတစ်ရာ ထွက်ရမည်။” 
အဲဒီ ဆိုင်းဘုတ်ကြီးကို တကယ့် တောင်သူ ဦးကြီး တစ်ယောက်က ကျောပြောင်ကြီးနဲ့ ဆေးငုံ ဖတ်ရင်း ခေါင်း တစ်ငြိမ့်ငြိမ့် ပြုံးပြုံး ပြုံးပြုံး လုပ်နေသတဲ့။ လယ်စိုက်ရှင်း ညွှန်မှုးက ဟုတ်ပြီပေါ့လေ။ သူတို့ ဆိုင်းဘုတ်ကို သဘောကျတယ်လို့ ထင်တာပေါ့။ ဒါနဲ့ အဲဒီ တောင်သူကြီး နား ကပ်လာပြီး “ဘယ်လိုလဲ ဦးလေးကြီး ဆိုင်းဘုတ်က စာသားတွေ သဘောကျ လက်ခံတယ် ထင်တယ်” လို့ မေးတယ်။ အဲဒီမှာ ဦးလေးကြီးက “အေးကွ။ မောင်ရင်တို့ ဆိုင်း ဘုတ်က မပြည့်စုံသေးဘူး။ ရှေ့မှာ တစ်လုံး ထည့်ဖို့ လိုတယ်။ ဥုံ..တစ်ဧက စပါး တင်း တစ်ရာ ထွက်ရမည်။” လို့ ဆိုသတဲ့။
ကျွန်တော့်မှာ သဘောကျလိုက်တာလေ။ ဟုတ်သားဘဲ။ ဓာတ်မြေသြဇာမပြည့်မစုံ။ ရေက မရတစ်ချက် ရတစ်ချက်။ နွားနဲ့ ဖက်ရုန်းနေရတဲ့ လူတွေကို ဘာမှ သောက်လိုက်ကမ်းဆိုးမသိ ဆိုင်းဘုတ်သွားထောင်တာနဲ့ တင်း တစ်ရာထွက်ကရောလားဗျာ။ ဒီတော့ ဟိုက ဘဲ့တိုက်ပြီး နင့်ဟာ ဥုံခံရွတ်မှ ရမယ်လို့ ရွဲ့သွားတာ။
လူ ဘယ်က ဖြစ်သလဲ ဆိုတဲ့ ဟာသ။ အမျိုးတစ်ခြမ်းယုတ်ဆိုတဲ့ ဒေါ်ကြည်အောင်ရဲ့ မူပိုင် ဆဲနည်း။ တောင်သူဦးကြီးရဲ့ ဥုံခံ ရွတ်ဖတ်နည်း။ ဒီသုံးနည်းကို ပေါင်းပြီး ဂျောက်ဂျက်တို့ဆီကို သီချင်း ပြောင်းပေးဖို့ ပို့ပေးရမလား ကျွန်တော် ဆက်ပြီး စဉ်းစားမိတယ်။ ကျွန်တော် ရေးမယ့် သီချင်းက ဒီလို..ဒီလို…
“ဥုံ နောင်သုံးနှစ် အတွင်း စင်္ကာပူကို မှီရမယ်”
“ အမျိုး တစ်ခြမ်းယုတ်တွေ…”
”ဥုံ နိုင်ငံရေး အကျဉ်းသား မရှိပါဘူး။”
”အမျိုး တစ်ခြမ်းယုတ်တွေ”
”ဥုံ လျှပ်စစ်မီးတွေ အလျှံပါယ်ပြီ”
”အို ရို့..ရို့..အမျိုး တစ်ခြမ်းယုတ်တွေ”
”ဥုံ တယ်လီဖုန်းတွေ အလွန်ပေါပြီ”
”ဟယ်..အမျိုးတစ်ခြမ်းယုတ်တွေ”
”ဥုံ တိုင်းပြည်ကြီးကို ကယ်တင်မည်”
“Come on အမျိုးတစ်ခြမ်းယုတ်တွေ”
ကိုင်း…Chorus အပိုဒ်တော့ ရပြီပေါ့ဗျာ။ ညီလေး ဂျောက်ဂျက်တို့၊ ကြက်ဖတို့တွေကို သီချင်း စာကိုယ်တွေ ရဖို့ တိုက်တွန်းရမှာဘဲ။
ဥုံခံရွတ်…အမျိုးတစ်ခြမ်းယုတ်နေကြရင်ဖြင့် ဘယ်အမျိုးမှ မြင့်မလာဘူးဆိုတာ ပညာမတတ်တဲ့ ကျွန်တော့်မေကြီး ဒေါ်ကြည်အောင်ကို ရောက်ရာဘုံဘ၀မှာ လိုက်ပြောရင်း သူ့ရဲ့ မူပိုင် ဇာတ်ကြီးဆယ်ဖွဲ့ကို နားထောင်ချင်စမ်းပါရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts