တောင်ပိုင်းမီး… တောင်ပိုင်းမီး… တောင်ပိုင်းမီးဟေ့ တောင်ပိုင်းမီး
မောင်မောင်လတ် (ရွှေအင်းလေးစာပေ)၊ နိုဝင်ဘာ ၅၊ ၂၀၁၃
တမြန်တနေ့ က မဆက်သွယ်တာ ကြာပြီဖြစ်တဲ့ မိတ်ဆွေတယောက်ကိုဖုံးဆက်ဖြစ် တယ်။ ကံအားလျှော်စွာ အိမ်ပြန်ဖို့ ပစ္စည်းထုတ်ပိုး သိမ်းဆည်းနေတဲ့ အဖြစ်နဲ့ ကြုံရတော့၊ ၁၅နှစ်ကျော် ကမျောကသော ထွက်ပြေးလာသူ တယောက် အခွင့်အခါကြုံ ပြန်ခွင့်ရလို့ သူ့ရဲ့ အပျော်တွေ ရင်ခုန်တာတွေ ကူးစက်ခံလာခဲ့ ရတယ်။ စပ်မိစပ်ရာ ပြောရင်းနဲ့  မိတ်ဆွေမှ “တန်ဆောင်တိုင် အမီလေဗျာ…” လို့  ဆိုလိုက်တော့ …
” အော် … တန်ဆောင်တိုင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကြီးပေါ့ လေ…”
ဘယ်နေရာ ဒေသရောက်ရောက် …နှစ်တွေဘယ်လောက်ဘဲကြာကြာ၊ ရိုးရာလို ဓလေ့ ထုံးတမ်းစဉ်လာလို ဗမာပြည်မှာ ခိုင်ခိုင်မာမာ ရပ်တည်ကျာ်ကြားနေတဲ့  တောင်ကြီး တန်ဆောင်တိုင်ပွဲကြီးဟာ ဒေသခံ နယ်သူနယ်သား အားလုံးရဲ့  ရင်ထဲ အသဲထဲ သွေးသားထဲ စီးဝင်နေဆဲ ..အမြစ်တွယ်နေဆဲပါလား။ ဒီအချိန်အခါ ရောက်ရင် မဖြစ် ဖြစ်တဲ့နည်းနဲ့  အပြေးရောက်လာစေမယ့်ပွဲ။ ဒီနှစ်မကြုံ နောက်နှစ်မှာကြုံအောင် အားခဲ စိတ်ကူးယဉ်စေခဲ့တဲ့ ပွဲ။
ရင်ခုန်စွာ ပြန်သွားတဲ့ မိတ်ဆွေအတွက် အားရဝမ်းသာ ခံစားပေးရင်း… ။
နှစ်စဉ် တန်ဆောင်တိုင်မရောက်ခင် လေးငါးလ ကတည်းက… စည်းဝေးတိုင်ပင်.. ငွေကြေးကိစ္စဆွေးနွေး၊ အဖွဲ့ဖွဲ့ ပြီး အမာခံလူငယ် အယောက် ၃၀၊ ၄၀ နဲ့  စလုပ်လာခဲ့တဲ့ ပြင်ဆင်လာခဲ့တဲ့ လူငယ်တွေရဲ့ ဇွဲ၊ အားမာန်၊ ဝိရိယတွေက အောင်ပွဲခံဖို့ အတွက် စည်းလုံးစေခဲ့ အရှိန်မြင့်စေခဲ့ပါတယ်။ သိန်းပေါင်း ဆယ်ချီမက ကုန်ကျငွေအတွက် ရပ်ကွက်အတွင်းက လုပ်ငန်းရှင်တွေ၊ တတ်နိုင်သူတွေက မငြူစူ၊ ကြည်ဖြူစွာ အားတက်သရော ပံ့ပိုးပေးတာတွေလဲ ရပ်ကွက်တွင်း တသသ ပြောမဆုံ။ အားလုံးရဲ့ ရင်ထဲ ရူးသွပ်နေပြီပဲလေ။ ဘယ်လောက်ကုန်ကုန် အိုကေ…၊ ရတယ်ပေါ့…။
တနယ်လုံးမက တနိုင်ငံလုံးကပါ စွဲလန်းအားပေးခဲ့တဲ့ မီးပုံးပျံတလုံးအတွက် ပေးဆပ်ခဲ့တဲ့လုပ်အားတွေ အချိန်ကာလ အပိုင်းအခြားတွေ၊ ရိုးရာဓလေ့နဲ့ ခေတ်သစ်နည်းပညာ ပေါင်းစပ်တီထွင်ထားတဲ့ ပညာရပ်တွေ။ တနှစ်ထက် တနှစ် များများလာတဲ့  ကုန်ကျစရိတ်တွေဟာ မနည်းမနော။ တန်ဖိုးကြီးမားလွန်းလှပါတယ် ဆို တာ မငြင်းနိုင်။
မီးပုံးပျံ ဦးဆောင်လုပ်သူရဲ့  ယမ်းစပ်နည်းပညာဟာလဲ အံမခန်းလှို့ ဝှက်ပုံသေနည်း။ ယမ်းထောင်းသူရဲ့  အသက်အန္တရာယ်ကလည်း သေမင်းနဲ့ လက်တကမ်း။ ရောင်စုံ အရပ် ရှစ်မျက်နှာဖြာထွက်အောင်
မီးကျည် မီးပန်းတပ်ဆင် ချိတ်ဆွဲ မှုတွေကလဲ အနုစိတ်လွန်းလှပေ။ အဓိက မီးပုံးပျံလုပ်မဲ့ဝါး အတွက် သတ်မှတ်စံချိန်မှီ ဝါးအမျိုးအစားရှာဖွေရ၊ ခွဲခြမ်းစိတ်ဖြာရတာလဲ အခြေခံပညာရပ်တခု။ အသုံးပြုမယ့် မိုင်းကိုင်ရှမ်းစက္ကူရဲ့ အထူအပါး အရည်အသွေးခိုင်ခန့်မှုကို သေသေချာချာရွေးချယ်ရတာလည်း အထူးသတိပြုစရာ။ မီးပုံပျံအလုံးကြီးအတွင်းမှ မှိုင်းထု ပမာဏနဲ့ အပြင်မိုးကောင်းကင်က လေထုအကြား မကွဲထွက်အောင် ကပ်ရမယ့် ကော်တွေကိုလဲ ဂရုတစိုက် ကျိုရတာလဲ တပင်တပန်း။ နောက်ဆုံး အသုံးပြုတဲ့ ဝါးအလေးချိန်ပေါင်းနဲ့ တပ်ဆင်ထားတဲ့ မီးကျည်၊ မီးပန်း အလှဆင်ပေါက်ကွဲစေမဲ့ ယမ်း အလေးချိန် စုစုပေါင်းတို့ကို ခံနိုင်တဲ့ ပျံတက်နိုင်မဲ့ မီးပုံးပျံရဲ့  အရွယ်အစား၊ ပမာဏကိုတော့ အဖွဲ့ခေါင်းဆောင် မီးပုံးပျံလုပ်တဲ့ဆရာရဲ့ အပြီးသတ် မာရှယ်လောဆုံးဖြတ်ချက်ပါ။
အဲဒီလို ရက်ပေါင်းများစွာ လူပေါင်းများစွာ ငွေကြေးပေါင်းမြောက်များစွာ၊ ရင်းနှီး ပေးဆပ် မြှပ်နှံ ရှူးသွပ် စွာ လုပ်လာခဲ့ တဲ့  မီးပုံပျံကြီး။ တရပ်ကွက်လုံးရဲ့ရင်ထဲ တသသနဲ့  မျှော်လင့်နေတဲ့ မီးပုံပျံကြီး။ အောင်မြင်မှုကြီးကြီး အတွက် ပေးဆပ်မှုကြီးကြီးနဲ့ ဖလှယ်လိုက်ရတဲ့ မီးပုံပျံကြီး။
မျှော်လင့် မျှော်ဆဲ ပြိုင်မယ့်နေ့ ပြိုင်မယ့် ညနေခင်းမှာတော့ …
တရပ်ကွက်လုံး အုံးအုံးကျွက်ကျွက်။ ကလေး လူကြီးသူမ အားလုံး၊ ပျိုပျီု အိုအို ကျားမ အရွယ်စုံ၊ ဒီဇိုင်းပေါင်းစုံ၊
အိမ်စောင့်ကလွဲလို့ အရူးပါမကျန် ခွေးပါလိုက်မယ် တကဲကဲ။ ရိုးရာကန်တော့ပွဲပြီးတာနဲ့ ပတ်သက် ဆက်စပ်တဲ့ပစ္စည်းတွေကို ဂရုတစိုက် မကျန်ခဲ့ ရအောင် ထမ်းပိုး။ အိုးစည်ဗုံမောင်း တီးမှုတ်။ ရိုးရာ ကြွေးကြော်သံတွေ သံပြိုင်ဟစ်အော်။ လူတန်းရှည်ကြီးကလဲ တမျှော်တခေါ်။ အားပါးတရ ရင်ခုန်စရာ ။
သတ်မှတ်ထားတဲ့ စည်းဝိုင်းက ၂စည်း။ အတွင်းစည်းက မီးပုံးပျံ လွတ်တင်ရမယ့် အဖွဲ့ သားတွေအတွက်။ ဒုတိယစည်းကိုတော့ အိုးစည်တီးခတ်မယ့် အဖွဲ့ အတွက်။ အဲဒီအပြင်ဖက်တော့ ပြိုင်ပွဲဝင်တဲ့ ရပ်ကွက်သားတွေက စုရုံး စုရုံး။
သတ်မှတ် အချိန်ရောက်တော့ မီတာ ၁၀၀ တာ ထွက်သလို မိုင်ကုန် အစွမ်းကုန် စပြီဆိုတော့၊ အိုးစည်သံတွေလဲ ပိုဟိန်း လာလေ၊ နံဘေးက ရပ်ကွက်သူ ရပ်ကွက်သားတွေကလဲ သံကုန် အားကုန် အပြိုင် …။
ပျံတက်စေတဲ့  မှိုင်း ဝလာလေလေ မီးပုံးပျံကြီး အပေါ်ထိုးထွက်လာလေ၊ လူတွေ ရင်ခုန်လေ၊ ပိုပို အော်ဟစ်လေ၊ အိုးစည်သံတွေလဲ ပိုဟိန်းထွက်လေ။
မှိုင်းအတွက်အချိန်ယူရင်း မီးကျည် မီးပန်း ပေါက်ကွဲယမ်း တပ်ဆင်တဲ့ အဆင့်အချိန်ဟာ မီးပုံးပျံအဖွဲ့အတွက် နောက်ဆုံးတိုက်ပွဲ တခုပါပဲ။ အလားတူ မျှော်လင့်စောင့်စားနေတဲ့ လူပင်လယ်တခုလုံး မီးပုံးပျံနတ်ကြီးက ဖမ်းဆုပ် ပြုစားခံရသလို ။ ရင်တမမ အသဲတယားယား၊ ရင်ခုန်သံ နိမ့်လိုက် မြင့်လိုက်။ ချစ်သူ ကြင်သူတွေကိုလဲမေ့၊ အရာရာအားလုံးကိုလည်း မေ့။
ယဉ်ပါးနေတဲ့အိုးစည်သံရယ်၊ ကြားနေကြ ရိုးရာကြွေးကြော်သံတွေနဲ့ စည်းချက်မှန်နေဆဲ၊ ရီဝေ တက်ကြွနေဆဲ၊ သွေးဆူပွက်နေဆဲ၊ ရှီးကနဲ ဝီစီမှုတ်သံတချက်။ ဟေးကနဲ ပြိုင်တူအော်လိုက်တဲ့ အသံကြီးနဲ့
မီးပုံးပျံကြီး မြေပြင်ပေါ်က ကြွအတက် … … …
လူတွေ လူတွေ အားလုံး စည်းဝိုင်းထဲ ပြေးဝင်၊ ကကြ၊ ခုန်ကြ၊ အ်ာဟစ်ကြ …
ပျိုပျို အိုအို နှာရည်တရွှဲရွှဲ နှင်းထုတွေကြား ကကြ၊ ခုန်ကြ၊ အော်ဟစ်ကြ …
မီးကျည်တချက်ထွက်တိုင်း တကြီမ် အော်ဟစ် ကြွေးကြော်လိုက် …
မီးပွားတချက်ဖြာထွက်တိုင်း တကြီမ် ဟစ်ကြွေးလိုက် …
လှပတဲ့ မီးကျည် မီးပန်းတွေနဲ့ အပြိုင်၊ စည်းချက်ညီတဲ့ အိုးစည်သံတွေနဲ့ အတူညီညာတဲ့ ရိုးရာကြွေးကြော်သံတွေနဲ့ …
ကလေးတွေလဲ ကကြ
လူငယ်မောင်မယ်တွေလဲ ကကြ
ကိုကိုမမတွေလဲ ကကြ
ဦးဦး ဒေါ်ဒေါ်တွေလဲ ကကြ
မြို့ သူကို ကြင်တဲ့ တနယ်သားတွေလဲ ကကြ
မြို့ သားကို ကြင်တဲ့  တနယ်သူတွေလဲ ကကြ
အားလုံး အားလုံး ကကြ … ။
(တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲကို လွမ်းဆွတ်ခံစားနေသူများအတွက် ကိုယ်တိုင်တမ်းတရင်း သီကုံး ဖွဲ့နွဲ့ထားခြင်း)
Photo credit – http://nainaitun.blogspot.com/2010/11/15112010.html