အခန်းဆက်များ ခေတ်ပြိုင်အတွေ့အကြုံ မောင်တူး ရေခြားမြေခြား မြန်မာများ

သက်ရှိပန်းချီ – အပိုင်း (၁၁) – Maung Too

သက်ရှိပန်းချီ – အပိုင်း (၁၁)  

မောင်တူး

ဒီဇင်ဘာ ၂၂၊ ၂၀၁၃

 

 

 

● ကောက်ညှင်းပေါင်း ခရစ္စမတ်နဲ့ ရခိုင်မုန့်တီ ခရစ္စမတ်

ခရစ္စမတ်မှာ ကိတ်မုန့် တွေ၊ ပေါင်မုန့် တွေ ၀က်ပေါင်ခြောက်တွေ၊ ဟမ်ဘာဂါတွေနဲ့ ဟော့ဒေါ့တွေ စားကြတာပဲ ကြားဖူးမိပါတယ်။ ဒါပေမယ့် ကောက်ညှင်းပေါင်းကျွေးတဲ့ ခရစ္စမတ်ကတော့ ၁၉၉၂ ခုနှစ်မှာ ကြုံခဲ့ရတာပါ။

 

အချိန်က ၁၉၉၂ ခုနှစ်၊ နေရာက ကရင်ပြည်နယ်၊ ဖါပွန်မြို့နယ်၊ ထော့ညဒဲ ရွာက ဘုရားကျောင်းမှာပါ။ ခရစ်ယန် ၂ မျိုးရှိတဲ့ထဲက သူတို့ ကတော့ ဘက်ပတစ် ခရစ်ယန်တွေပေါ့။ ဘုရားကျောင်းကို သစ်သားနဲ့ ဆောက်ထားပါတယ်။ မြေစိုက် အဆောက် အဦကြီးပါပဲ။ ရောက်သွားပုံကလဲ မထင်မှတ်ပါ။ မှတ်မှတ်ရရ ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ပါ။ ကျနော်တို့ ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၄ ဟာ ဗိုလ်မှူး ရောဘတ်ဇံ ခေါင်းဆောင်တဲ့ ဒီအေဘီ စစ်ကြောင်းနဲ့ အတူ ဖါပွန်စစ်မျက်နှာမှာ တာဝန်ကျချိန်ပေါ့။ ဖါပွန်အခြေစိုက် နအဖ စစ်အစိုးရ တပ်တွေက ထိုးစစ်ဆင်လာတဲ့အတွက် ကျနော်တို့ က ပြောက်ကျား ပြန်တိုက်နေချိန်၊ ဖါပွန်အစပ်က ထွက်လာတဲ့ နအဖ တပ်တွေနဲ့ တွေ့ ပြီး တိုက်ပွဲဖြစ်ခဲ့လို့ ကျနော်တို့ ရဲဘော် တယောက် ဒါဏ်ရာရခဲ့ပါတယ်။ ဒီတော့ ကျောင်းသားဌာနချုပ်ဆီ လူနာကို ပုခက်နဲ့ ထမ်းပြီး ပြန်လာချိန် (မှတ်မှတ်ရရ) ခရစ်စမတ် အကြို တရက်မှာ ခရစ်ယန် ဘုရားကျောင်း ရှိရာ တို့ သေဒဲ ရွာကို ရောက်ခဲ့တာပါ။

 

တောင်ကြောတွေက နိမ့်လိုက်မြင့်လိုက် ဒါဏ်ရာရသူက အောင်ခင်။ အောင်ခင်ဆိုတာက ရခိုင်လူမျိုး တဦးပါ။ သူက ရန်ကုန်မှာ ကျောင်းလာနေရင်း ၈၈၈၈ ဖြစ်တဲ့အခါ တောခိုလာပြီး ကျောင်းသား တပ်မတော် ရောက်လာသူ။ သူက ပိန်လို့ တော်သေးတယ်။ ဒါပေမယ့် ထမ်းရတာ ကြာလာတော့ မစားသာ။ အတက်ဆို နှေးပြီး ဖြည်းဖြည်း တက်ရတယ်။ အဆင်းက ပိုဆိုးပါတယ်။ စောင်ကို ပုခက်လုပ်ပြီး လူတယောက်လုံးကိုထည့် ၀ါလုံးကြီးကြီးနဲ့  လျှိုပြီး လူ ၂ ယောက်က ထမ်းရတာပါ။ အဆင်းမှာဆို လျောလျောကျတော့ ထိန်းရတာ ဒူးခေါင်းတွေ အတော် နာပါတယ်။ ဒီလိုနဲ့ ရွာအနီးကို  ရောက်လာချိန်မှာတော့ သဲ့သဲ့ကြားရတာက ခရစ္စမတ် သီချင်းသံ။

 

+ ခရစ် စမတ် ချိန်ခါရာသီ လူသားတွေ မြူးပျော်သည်။ ချမ်းအေးတဲ့ ဆောင်း ချိန်ခါလေးသည် ခရစ္စမတ်ချိန် ရောက်ပြန်ပြီ + +  +

 

ကျောင်းသားဘ၀ ကတည်းက ခရစ်ယန် သူငယ်ချင်းတွေနဲ့ အတူ ဒီဇင်ဘာလလယ် ရောက်ချိန်တိုင်း သီချင်းတွေတိုက်ကြ၊ ညဖက် အိမ်တွေမှာ လိုက်ပြီး သီချင်းတွေ ဆိုကြနဲ့ မှတ်မိပါတယ်။ ဒီအချိန်တိုင်းမှာ ခရစ်စမတ် ချိန်ခါရာသီ သီချင်းလေးကို မှတ်မိနေပါတယ်။ အခုလည်း ဒီသီချင်းသံကို ထော့ညဒဲ ကရင်ရွာလေး အ၀င်မှာ ကြားလိုက်ရတော့ ခရစ္စမတ်တောင် ရောက်ပြီ ဆိုတာ အသိစိတ် ရှိလာပါတယ်။ ခရစ်ယန် ဘာသာဝင် ရဲဘော် တဦးက ရောက်တုံးမှာ ဘုရားကျောင်း တက်ရအောင် လူနာထမ်းရတာလဲ မောတယ် ၁၀ မိနစ် ၁၅ မိနစ် လောက်တော့ ဘုရားရှိခိုးချိန် ရတယ်ဆိုပြီး ဘုရားကျောင်းထဲ ၀င်ခဲ့ကြပါတယ်။

 

မြန်မာပြည်မှာ ကရင်လူမျိုးတွေ အများအပြား ပျံ့ နှံ့ နေထိုင်ကြပါတယ်။ ကရင်ခရစ်ယန်တွေလဲ အများအပြားပါ။ အခုလဲ ကရင် ခရစ်ယန် ရွာက ဘုရားကျောင်းကို ကျောင်းသား တပ်မတော် ရဲဘော် တွေ တက်ရောက်နေပါပြီ။ ကျောင်းသားတွေ ဘုရားကျောင်းပြီးရင် လာစားကြဆိုလို့ ကျေးဇူးတော် ချီးမွမ်း ဆုတောင်းခြင်း အပြီးမှာ သွားစားတော့ ကောက်ညှင်းပေါင်းနဲ့ အမဲသားခြောက် ဖုတ်တွေ စားရ ပါတယ်။ ထမင်းလဲဆာ ခရီးလည်းပမ်း လူနာထမ်းရတာကလဲ မောနေချိန် ဘုရားရှိခိုး အမောပြေချိန် စားရတဲ့ ကရင်ရွာက ခရစ္စမတ် ကောက်ညှင်းပေါင်းကိုတော့ ဒီနေ့ ခရစ္စမတ် ချိန်ခါမှာ မမေ့နိုင်သေးပါ။

 

ပိုပြီး မေ့မရတာကတော့ ညနေပိုင်း ကျနော်တို့ ရွာကနေ ကျောင်းသားဌာနချုပ်ကို လူနာထမ်းထွက် ခရီးဆက်ချိန်မှာ နအဖ အစိုးရရဲ့ ဖါပွန်စစ်တပ်ကနေ တို့ သေဒဲ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခဲ့လို့  ဘုရားကျောင်း အပါအ၀င် ကရင်ခရစ်ယန်တွေရဲ့ အိမ်တွေကို ထိပြီး ကရင်မလေး ၂ ယောက် သေဆုံးခဲ့ ရတာပါ။ နောက်တခေါက် သူတို့ ရွာကို ပြန်ရောက်ချိန်မှာတော့ ကျောင်းသားတွေရေ နင်တို့ လာတုန်း က ကောက်ညှင်းပေါင်း ကျွေးတဲ့ ငါ့သမီး ၂ ကောင် မရှိတော့ဘူး၊ ဟိုကောင်တွေ ပစ်လို့ သေကုန်ပြီ ဆိုပြီး ကရင် အဘိုးကြီးတဦးက ပြောပြမှ သေသေခြာခြာ ပြန်သိရပါတယ်။

 

အဲ့သည်တုန်းကတော့ ကျနော်က ကျောင်းသားတပ်မတော်၊ တပ်ရင်း ၂၀၄ က ရဲဘော်တဦး။ ကျောင်း သား ဗဟိုရဲ့ ပြန်ကြားရေးဌာန အဖွဲ့ ဝင် တဦးအနေနဲ့ လဲ သွားခဲ့တာပါ။ ကျောင်းသား တပ်မတော် ပြန်ကြားရေးကနေ တာဝန်ပေးချက်အရ ဒီမိုကရက်တစ် မြန်မာ့အသံ ထုတ်လွင့်တော့ ကျနော်က သတင်းထောက် ဖြစ်လာ။ ဒီဗွီဘီ ၀ိုင်းတော်သား တဦးဖြစ်လာပါတယ်။ အခုတော့ ဒီဗွီဘီ မာလ်တီ မီဒီယာ အုပ်စု ပြင်ဆင် ဖွဲ့ စည်းထားပါပြီ။ လက်ရှိ ဒီဗွီဘီမှာ ကျနော်က အကြီးတန်း အသံလွှင့်သမားပါ။  အရင် ကရင်ပြည်နယ် စစ်မျက်နှာတွေမှာ စစ်သတင်းတွေ၊ နအဖ စစ်အစိုးရရဲ့ လူအခွင့်အရေး ချိုးဖေါက်မှု သတင်းတွေယူနေရင်း တိုက်ပွဲတွေမှာလဲ ၀င်တိုက်ရင်း သတင်းတွေလဲ ယူရင်း အခြေအနေ ကနေ အခုတော့ ရုံးထိုင် လုပ်နေရတာက ပိုများနေပါပြီ။ ဒီဗွီဘီ ချင်းမိုင်ရုံးမှာ လက်ရှိ ကျနော် လုပ်နေရ တာက နေ့ စဉ် တီဗွီ သတင်းတို ရှည်တွေထက် သတင်း ရုပ်သံမှတ်တမ်းတွေ၊ ၁၀ မိနစ်စာ တွေ့ ဆုံ မေးမြန်းခန်းတွေ စတဲ့ နေ့ စဉ်ပုံမှန် အပတ်စဉ် ပုံမှန် အသံလွင့် ပရိုဂရမ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတို ရှည်တွေကိုတော့ လုပ်ချင်စိတ်က အမြဲရှိနေပါတယ်။

 

အခုလဲ ခရစ္စမတ်သတင်းလေးတွေ လုပ်ချင်နေလို့ မုံရွာက သတင်းထောက် မအေးမြမြလွင်ကို လှမ်းပြီး ခရစ္စမတ် ကြိုတင် ပြင်ဆင်နေမှု သတင်းတွေ ရိုက်ခိုင်း လိုက်ပါတယ်။ သူကလဲ မုံရွာမြို့ ခရစ်ယန်တွေရဲ့ သီချင်းတိုက် လေ့ကျင့်နေတာတွေ၊ မုံရွာက သူနာပြုကျောင်းမှာ ခရစ္စမတ်ကြို ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနား မြင်ကွင်းတွေ ရိုက်ပို့ လာပါတယ်။ ကရင်အင်္ကျီဝတ် ခရစ်ယန်တွေ၊ ချင်းဝတ်စုံတွေနဲ့ အမျိုးသမီးတွေက ကျေးဇူးတော် ချီးမွမ်းနေတာတွေကို ဗွီဒီယို ထဲမှာတွေ့ ရပါတယ်။ မုံရွာမှာလဲ ချင်း ခရစ်ယန်တွေ၊ ကရင် ခရစ်ယန်တွေ ရှိပါလား။ မြင်တွေ့ ရပါတယ်။ ဒီဗွီဘီက ဒီသတင်းကို ထုတ်လွင့် လိုက်ပါတယ်။ ဒီလင့်ခ်ကို ကလစ်ပြီး ကြည့်ပါ။

 

 

နောက်ဆက်တွဲ ရလဒ်က။

 

လွိုင်ကော်မြို့ နေ ကယားခရစ်ယန်တွေက ကျနော့်ဆီ ဆက်သွယ်လာတာပါ။ ခင်ဗျား လုပ်လိုက်တဲ့ မုံရွာ ခရစ္စမတ်ကြိုသတင်း ကောင်း တယ်တဲ့။ ခရစ္စမတ် ရာသီ ရောက်ပြီ ဆိုတာ ကြွေးကျော် လိုက် သလိုပဲ တဲ့။ ကျနော်ကတော့ ဘာခံစားချက်မှ မရှိပါ။ ဘာသာစုံနေတဲ့ မြန်မာပြည်ရဲ့ သတင်းဌာနတခု အနေနဲ့  ခရစ်ယန် ဘာသာဝင်တွေရဲ့ ပွဲတော် သတင်းမျိုးလေးတွေ ထုတ်လွင့်ရင် သတင်းစုံမယ်ဆိုပြီး လွင့်လိုက်တာပါ။ ဒါပေမယ့် ခရစ်ယန် ဘာသာဝင်တွေလဲ နေထိုင်တဲ့ လွိုင်ကော်မြို့ မှာ နေသူတွေ ကတော့ ဒီသတင်းကို ဒီဗွီဘီ တီဗွီ ဖန်သားပြင်ကနေ ကြည့်ပြီး ကျနော့်ကို ဖုန်းနံပတ် တခု ပေးလာပါ တယ်။ သူတို့ ရဲ့ ဆွေမျိုး မိတ်ဆွေတွေ ချင်းမိုင်မှာ ရှိနေတယ်။ သူတို့ လဲ ခရစ်စမတ်အကြို အခမ်းအနား တွေ လုပ်နေပြီတဲ့ သူတို့ ကိုလဲ ဆက်သွယ်ပြီး ကယား ခရစ်ယန်တွေရဲ့ ပြင်ဆင်မှုကို သတင်း သွားရိုက် နိုင်တယ်ဆိုပြီး ပြောလာပါတယ်။

 

ကျနော်လဲ ဖုန်းဆက်လိုက်ရော။ ဖုန်းကိုင်သူက + ကျမတို့ ခရစ်ယန် သတင်းကောင်း ဖြန်ချီတဲ့အနေနဲ့  ညဘက်ကို အိမ်တွေမှာ လိုက်ပြီး ခရစ္စမတ်အကြို သီချင်းတွေ လိုက်ဆိုတယ်။ အကိုတို့ အိမ်ကို ဒီည လာမယ် ဆိုပြီး ပြောပါတယ်။ ဒီလိုနဲ့ ကျနော်လဲ လာခဲ့ပါဆိုပြီး လက်ခံလိုက်ပါတယ်။ ဒါပေမယ့် ကျနော် တို့ က တီဗွီလွှင့်နေတာဆိုတော့ အလုပ်ကနေ ည ၈ နာရီခွဲမှ ပြန်ပါတယ်။ ည ကိုးနာရီလောက်  လာဖို့  မှာလိုက်ပါတယ်။ ဒီနေရာမှာ သူတို့ က ကားအနီ တစင်းနဲ့ လာမယ်။ လူ ၂၀ ကျော်ပါမယ်။ ဘာနဲ့ ဧည့်ခံ မလဲ ဘာကျွေးမလဲ။ စဉ်းစားရပါတယ်။ နောက်ဆုံးမှာ ကျနော့်အိမ်က ရခိုင်မုန့် တီ ကျွေးမယ် ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံးမှာ မုန့် ဖတ်ဝယ်၊ ငါးခူဝယ်၊ ငရုတ်ကောင်း၊ ပဒဲကော၊ မိုးမျှော် ငရုတ်သီးစိမ်းဝယ်၊ မီးသွေးဝယ်ပြီး ချက်လိုက်ရတော့ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ည ၁၀ နာရီခွဲမှာ ရောက်လာကြပါပြီ။ ဓမ္မသီချင်းတွေဆိုကြပါတယ်။ ပြီးတော့ ရခိုင်မုန့် တီတွေကို အခု ချင်းမိုင်မှာ တော်တော် အေးနေ ချမ်းနေတဲ့ကြားက ရှူးရှူးရှဲရှဲနဲ့ စားကြပါတယ်။ စပ်လိုက်တာလဲ လွန်ပါရော။ စားကြတယ်။ သီချင်းတွေ ဆိုခဲ့ကြတယ်။ မပါမဖြစ်တဲ့ သီချင်းကတော့

 

+ ခရစ် စမတ် ချိန်ခါရာသီ လူသားတွေ မြူးပျော်သည်။ ချမ်းအေးတဲ့ ဆောင်းချိန်ခါလေးသည် ခရစ္စမတ် အချိန် ရောက်ပြန်ပြီ + +  +

 

ကျောင်းသားဘ၀ ကတည်းက ခရစ်ယန် သူငယ်ချင်းတွေနဲ့ အတူ ဒီဇင်ဘာလလယ် ရောက်ချိန်တိုင်း သီချင်းတွေတိုက်ကြ၊ ညဖက် အိမ်တွေမှာ လိုက်ပြီး သီချင်းတွေ ဆိုကြနဲ့ မှတ်မိပါတယ်။ ဒီအချိန်တိုင်းမှာ ခရစ်စမတ် ချိန်ခါရာသီ သီချင်းလေးကို မှတ်မိနေပါတယ်။ အခုလည်း ဒီသီချင်းသံကို လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် (လွန်ခဲ့တဲ့ ၂၁ နှစ်က) ဖါပွန်မြို့ နယ်၊ ထော့ညဒဲ ရွာလေး အ၀င်မှာ ကြားလိုက်ရ သလိုမျိုး ပြန်ခံစားမိပါတယ်။ အဲသည်တုန်းကတော့ ခြေထောက်မှာ ဒါဏ်ရာရတဲ့ ကျောင်းသားတပ်မတော်က ရခိုင်လူမျိုး ရဲဘော် အောင်ခင်ကို ထမ်းရင်းပေါ့။

 

ခုတော့ ကိုယ်တိုင်က အိမ်ရှင်အဖြစ် ဖိတ်ခေါ် ဧည့်ခံပြီး ခရစ်စမတ်ကြို သီချင်းတွေ လာဆိုဘို့ ခေါ်ခဲ့တဲ့ အချိန်အခါပေါ့။ လွန်ခဲ့တဲ့ ၂၁ နှစ်ကတော့ ကရင်ပြည်နယ်က စစ်ဖြစ်ပွားနေတဲ့ ဒေသမှာ တိုက်ပွဲတွေ အကြား၊ သေနပ်သံတွေကြား၊ လက်နက်ကြီးသံတွေ ကြားက ခရစ်စမတ်ပါ။ အခုကတော့ ချင်းမိုင်ရောက် လွိုက်ကော်မြို့ သူမြို့ သား ကယား ရွေ့ ပြောင်း အလုပ်သမားတွေရဲ့ ခရစ္စမတ်ပေါ့။ သူတို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတာ အဆင်ပြေသလား လွိုက်ကော်မြို့ အခြေအနေရော စသဖြင့် မေးမိပါတယ်။ သူတို့ ပြိုင်တူ ဖြေကြတာကတော့ လွိုင်ကော်မှာပဲ နေချင်ကြပါသတဲ့။ ကိုယ့်မိဘ ဘိုးဘွား သူငယ်ချင်း မိတ်ဆွေတွေနဲ့ ကိုယ့်မွေးရပ်မှာပဲ နေချင်ကြတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ထိုင်းမှာက လွိုင်ကော်ထက် ပိုကောင်းပြီး လုပ်ခပို ရ၊ အလုပ်တွေ ပိုပေါလို့ ချင်းမိုင်မှာ လာလုပ်ကြတာပါတဲ့။ အလုပ်အကိုင် အခွင့်အလမ်းခြင်း မတူရင်တောင်မှ ချင်းမိုင်မှာ လုပ်တာရဲ့ တ၀က်လောက်ပဲ ရဦးတော့ လွိုင်ကော်မှာပဲ အလုပ်လုပ်လိုကြောင်း ပြောကြပါတယ်။ အကွာခြား ဆုံးကတော့ သူတပါးနိုင်ငံမှာက ရဲ အဖမ်းအဆီး အန္တရယ်တွေကြားက လုပ်ရတဲ့ ခရစ္စမတ် ဖြစ်ပြီး လွိုင်ကော်မှာ ကယားပြည်နယ်မှာကတော့ ဘယ်သူ့ မှ မကြောက်ရတဲ့ လွတ်လပ်တဲ့ ခရစ်စမတ်ပါတဲ့။

 

ကျနော် ဒီကိစ္စတွေကို စဉ်းစားနေပါတယ်။ သူတို့ ပြောတာတွေကို ဗွီဒီယို ရိုက်ပြီး အင်တာဗျူးတွေ လုပ်ပြီး သူတို့ သီချင်းဆိုနေပုံတွေနဲ့ အ တူ ခရစ်စမတ်အကြို သတင်းကို ဒီဗွီဘီကနေ ဒီဇင်ဘာ ၂၁ ရက်ညပိုင်းမှာ ထုတ်လွင့်လိုက်ပြီး ဖြစ်ပါတယ်။ (ပူးတွဲ လင့်ခ်မှာ ကလစ်ပြီး ကြည့်နိုင်ပါတယ်။)

 

 

ဒီဇင်ဘာ ၂၂ ရက် မနက် ၅ နာရီမှာ ကျနော် အိပ်ယာ နိုးပါတယ်။ ဆက်အိပ်လို့ မရတော့တာပါ။ ခရစ်စမတ်ဟာ ယေရှု ခရစ်တော် မွေးတဲ့ အချိန်အခါ ဒီဇင်ဘာ ၂၅ ရက်၊ ဒါပေမယ့် ၂၄ ရက်နေ့ ည သန်းခေါင်ကျော်တာနဲ့ ခရစ္စမတ် ခရစ်တော် မွေးဖွားချိန် သူငယ်တော် ယေရှု ဖွားမြင်ချိန်မို့ ၂၄ ရက် ညဟာ ခရစ်စမတ်ကို ပြင်ဆင်ကြချိန်ပါ။ မနက်ဖြန်ကို ကျရောက်ပါတော့မယ်။ ခရစ်ယန်တွေဟာ ဒီအချိန်မှာ စုစည်းကြတယ်။ အဝေးတမြေမှာ အလုပ်သွားလုပ်သူတွေလဲ အိမ်ပြန်လာကြပါတယ်။ မိဘ ဘိုးဘွားတွေနဲ့ ပြန်တွေ့ ကြတယ်ပေါ့။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ ရွှေ့ ပြောင်း လုပ်သား ကယားခရစ်ယန်တွေအပါအ၀င် မြန်မာပြည်သားတွေကတော့ ခရစ္စမတ်မှာ အိမ်မပြန်နိုင်ကြသေးပါ။ တချို့ ဆိုရင် ထိုင်းနိုင်ငံမှာ ၁၀ နှစ်အထိ အိမ်မပြန်ပဲ အလုပ်လုပ်နေကြသူတွေတောင် ရှိပါတယ်။

 

လွန်ခဲ့တဲ့ ၂၁ နှစ် ဖါပွန်နယ်က ထော့ညဒဲ ကရင်ရွာကလေးမှာ ကျနော့်ကို ကရင် အမျိုးသမီးကြီး တဦးက ခရစ္စမတ် ဆုတောင်းပေးခဲ့တာကို ပြန်သတိရမိပါတယ်။ သူ ဆုတောင်းပုံကတော့ + + + + အို အဖ ဘုရားသခင် အမိအဖတွေနဲ့ ဝေးးးးးးးးးးးး ကွာနေသူတွေကိုလဲ ပြန်လည် ဆုံတွေ့ ခြင်း ပေးသနားတော်မူပါ။ ကျမရဲ့ရှေ့ မှာ ရပ်နေကြတဲ့ အမိအဖတွေနဲ့ ဝေးးးးးးးးး ကွာနေရတဲ့ ကျောင်းသား တပ်မတော် ရဲဘော်ကလေးတွေကိုလဲ အမိအဖ တွေနဲ့ ပြန်လည် ဆုံတွေ့ ခြင်းကို ပေးသနားတော်မူပါ။ ပြန်လည် ဆုံတွေ့ ခြင်း အမြန်ဆုံး ပေးသနားတော်မူပါ။ အဖဘုရားသခင်။ အာမင် +++++++

 

ကရင်စကားမှာ မိခင်ကို အမိုးလို့ ခေါ်ပါတယ်။ ကျနော့်ကို ဆုတောင်းပေးတဲ့ အမိုးရဲ့ နာမည်က အမိုး နော်သေးဘော ဖြစ်ပါတယ်။ အမိုးနော်သေးဘောဟာ ဖါပွန်ခရိုင် ကရင်အမျိုးသမီး အစည်းအရုံး ခေါင်းဆောင် တဦးပါ။ သူ့ ရဲ့မောင်ကတော့ ဖါပွန်နယ် ကေအင်န်ယူ တပ်ရင်းမှာ ပျောက်ကျား တိုက်စစ် ကျွမ်းကျင်သူ ဗိုလ်အဲ့ဒိုထူး ဖြစ်ပါတယ်။ အခုတော့ တပ်ရင်းမှူး ဗိုလ်မှူး အဲ့ဒိုထူး ဖြစ်နေပါပြီ။ ဒီ ဆုတောင်းဟာ အခု ၂၁ နှစ်ကြာသွားပါပြီ။ ဒါပေမယ့် အမိုးရဲ့ ဆုတောင်း မပြည့်သေးပါ။ ကျနော်လဲ ကျနော့် မိဘ ဘိုးဘွား ညီအကို မောင်နှမတွေ မိတ်ဆွေတွေနဲ့ ပြန်မနေ နိုင်သေးပါ။ ပိုဆိုးတာက ခရစ္စမတ်ကာလ ခရစ်ယာန် ဘာသာဝင်တွေ ပြန်လည် ဆုံတွေ့ ခြင်းကို ဘုရား သခင်က မ ပေး သ နား သေး တာ ပါ။

 

 

ကျောင်းသားတပ်မတော်သားဘ၀ ကောက်ညှင်းပေါင်း စားရတဲ့ ခရစ္စမတ်က ၁၉၉၂ ခုနှစ် ဖြစ်ပါတယ်။ အခု ရခိုင်မုန့် တီ စားရတဲ့ ခရစ္စမတ်က ၂၀၁၃ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၄ ခရစ္စမတ်မှာ ဘာ စားရ မလဲ။ နောက်နှစ် ခရစ္စမတ် သီချင်းလာဆို သူတွေကို ဘာကျွေးရလိမ့်မလဲ။ စဉ်းစားနေမိရဲ့။ ဒါက သိပ်အရေးမကြီး။ အရေးကြီးတာက အဝေးရောက် မြန်မာပြည်ဖွား ခရစ်ယန်တွေ ဘယ်တော့ အိမ် ပြန်နိုင်ကြမယ် ဆိုတာပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts