ပန်းကောက်လှဲ့ပါ – Mar Mar Aye

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၆၁)

မာမာအေး
မတ် ၂ ၊ ၂၀၁၃

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


(ပန်းချီ တင်မင်းထက် – tinminhtet.blogspot.com)

သောတရှင်တို့ရေ …  ဒီဇင်ဘာ လဝက် ရောက်ချက်သားကေါင်းလာတော့ – မာအေး တယောက် ပြည်တော်ဝင်ဦးမယ်လို့ ပြောထားတဲ့အတိုင်း ရောက်လောက်နေပြီ – တို့တိုင်းပြည်ထဲ ဘာတွေ နွှဲပါလိမ့် – တစိမ့်စိမ့်တွေးနေမလား၊ နည်းနည်းပါးပါးတော့ သိချင်မှာပေါ့နော်။

ခုထိတော့ မယ်မယ်ရရကြီးကြီးမားမား မဟုတ်သော်ငြားလဲ မာအေးဘ၀ရဲ့ ဒုတိယရင်ခွင်၊ ခရမ်းရောင် ဆင်မြန်းတဲ့ မရမ်းခြံအမည်တွင်၊ စံပြ အမျိုးသမီး အထက်တန်း ကျောင်းတော်ကြီးက အာစရိယ ဆရာမများရှေ့တွင် ကန်တော့ကြဘို့ပြင်နေတုန်းပါရှင်။
ဆရာကန်တော့ ပူဇော်ပွဲဟာ မနက်ဖြန်မှပါ။

“စံပြ အမျိုးသမီး အထက်တန်း ကျောင်း” ရယ်လို့ ဦးဝိစာရလမ်းမကြီးပေါ်မှာ ဖွင့်လှစ်တော့မှ ပဉ္စမတန်းကျောင်းသူအဖြစ် တက်ရောက်ခဲ့ရပါတယ်။ မိခင်စိတ်အပြည့်နဲ့ လိုတဲ့အကွက် ဖြည့်ပေးတတ်တဲ့ ဆရာမတွေကြောင့် မိန်းမသား ပီပြင်ခဲ့ရတာ အမှန်ပါဘဲရှင်။
ဆိုတာကတော့ မိဘကြောင့် ရတာပါ။ ကတာ ခုန်တာ ကစားတာတွေက ကျောင်းရောက်မှလို့ ပြောရမှာပါ။ ဗိုလ်လိုရွတ်ရွတ် ဗမာလိုရွတ်ရွတ် – ဆုကို မလွတ်အောင် ဆောင်ရွက်နိုင်တဲ့ ကျောင်းတော်ကြီးဖြစ်ပါတယ်။ ခုတော့ အထက (၁) ကမာရွတ် လို့ ခေါ်မှာပေါ့ရှင်။

မာအေး ကျောင်းထွက်ခဲ့တာ ၁၉၅၉ ခုနှစ်ကပါ။ အိမ်ထောင်ဇာတာ ငယ်ကပါ မို့ ထွက်ခဲ့ရတာပါရှင်။ ကျောင်းသံယောဇဉ် ကပွဲတွေ ရှိတဲ့ အခါတိုင်း မပြတ်ခဲ့ပါဘူး။ သမီးကြီးလည်း သွားအပ်ထားသေးတာဘဲ။ အဲဒီလောက် ကျောင်းဇွဲ ရှိခဲ့ပါတယ်။ မာအေးတင်မက သူငယ်ချင်းမတွေကလဲ ဒီကျောင်းစွဲရှိကြပါတယ်။ အချင်းချင်းတွေ့တဲ့အခါ ဆရာမတွေအကြောင်း စပ်မိစပ်ရာတွေလဲ ပြောမိကြတော့ – တချို့လဲ အဆင်ပြေတဲ့အကြောင်း တချို့ကလဲ သိတ်ဆင်းရဲဒုက္ခရောက်နေတဲ့အကြောင်းတွေ သိလာရပါတယ်။ ဒါကြောင့်မို့လဲ တစုတဝေး စုပေးလှူပေးကြရင် ကုသိုလ်လဲရမယ်၊ အချင်းချင်းလဲ ဆုံနိုင် ရင်းနှီးနိုင်၊ ဆက်သွယ်နိုင်လိမ့်မယ် လို့ သဘောရကြပြီး ဆရာကန်တော့ပွဲ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသင်းအဖွဲ့ မှတ်ပုံတင်နဲ့ လှုပ်ရှားချင်ပေမယ့် အခြေအနေအရ ယာယီ ဆရာကန်တော့ပွဲ ကျင်းပရေး ကေါ်မီတီ အနေနဲ့သာ ဆရာမတွေကို ကန်တော့နိုင်ခဲ့ပါတယ်။

ဒီ ဆရာကန်တော့ပွဲ ကျင်းပရေး ကော်မီတီမှာ မာအေးက စ ဥက္ကဋ္ဌ လုပ်ခဲ့ရတာပေါ့ရှင်။ အကယ်ဒမီ ရုပ်ရှင်မင်းသမီး ခင်ယုမေဟာ မာအေးတို့ ကျောင်းထွက်ပဲမို့ မာအေးတို့ လူစုလေးထက် အသက်လဲ ကြီးတယ်၊ အတန်းလဲ ကြီးပါတယ်။ အမကြီး အနေနဲ့ ဥက္ကဋ္ဌလုပ် ဦးဆောင်ပေးဘို့ ဆွေးနွေးတော့ – မမမေက အလုပ်တွေလဲများ၊ ပြည်ပကို သွားဘို့ ရှိသေးလို့ – အချိန်က မရတာနဲ့ သူများ တယောက်ကို တင်ပြန်ရင်လဲ ကျောင်းတော်သူအားလုံးက မသိနိုင်မှာစိုးကြတယ် ဆိုတော့ ကိုယ်စခဲ့တာ ကိုယ်ဆက်လုပ်ဖြစ်ခဲ့တာပေါ့။

မာအေးတို့ကျောင်းသူတစု သိတဲ့အိမ်တွေ လိုက်ပြောပြကြ၊ အလှူခံကြနဲ့ အတော့်ကို ပျော်စရာကေါင်းပါတယ်။ မာအေးရဲ့ ဂီတကလေးများကလဲ လါကူကြ၊ သီဆိုကြနဲ့ပေါ့။ ဆရာမတွေချင်း ပြန်တွေ့ရလို့ ၀မ်းသာအားရ ပြောကြဆိုကြတာတွေ မြင်ပြီး စိတ်ချမ်းသာ ပီတိ ဂွမ်းဆီထိလို့ ဆိုဘွယ်ရာပါဘဲ။ မာအေး အဝေးရောက်နေတဲ့ ဆယ့်သုံးလေးနှစ်ကါလမှာလဲ ဒီအုပ်စုလေးက မကွဲဘဲ စွဲစွဲမြဲမြဲ ပူဇော်ပွဲတွေ ဆက်ခဲ့တာ ကျေးဇူးတင်နေရတယ်၊
မတွေ့ရတာ ဘယ်လေါက်ကြာပြီလဲရှင့် – ၁၉၉၈ ခုနှစ်ကတည်းကဘဲဟာ၊ ဆယ်စုတစုမက ကွဲခဲ့ရတဲ့ ချစ်သူငယ်ချင်း တအူတုံဆင်းတွေလို နေခဲ့ကြသူတွေနဲ့ ပြန်ဆုံရမှာကို – ရင်ခုန်နေမိသေးတော့တယ်။

ဆရာကန်တော့ကြမယ့် ကိုယ်တို့တတွေတောင် (၇၀) ဘောင်အတွင်း ချဉ်းနင်းကုန်ကြပြီဘဲ၊ ဆရာမတွေ ဆိုတော့ ကိုယ်တို့ထက် ကြီးမပေါ့လေ၊ အသက်ရှည်စွာ နေကြပါဦးလို့ ဆန္ဒတွေ စောနေမိတယ်။ ဟိုစဉ်ကလဲ ‘ဒီနှစ်မှာရောက် နောက်နှစ်ပျောက်’တွေ ရှိတတ်လို့ သောကနှောက်မှာ ကြောက်လို့ပါ။

ဒီနှစ်ထဲမှာ ဆစ်ဒနီမြို့ကို ရောက်ခဲ့သေးတော့ အဲဒီ နေတဲ့မရမ်းခြံသူ သူငယ်ချင်း မိညွန့်ဆီက – မရမ်းခြံဆရာကန်တော့ပွဲ စီဒီနဲ့ ငွေစာရင်းရှင်းတန်းစာအုပ်လေးတအုပ် အမှတ်တရ ဖတ်ဖို့ ပေးလိုက်ပါတယ်။ တနေရာမှာ ဆရာမ ဒေါ်အုန်းခင် ကွယ်လွန်ပြီ လို့ လက်ရေးနဲ့ ဖြည့်ထားတဲ့ စာတကြောင်း တွေ့ပါတယ်။ စိတ်ထဲမှာ မကေါင်းလိုက်တာရှင်။ ကိုယ့်ကို စာသင်မပေးဖူးတဲ့ အထက်တန်းပြ မြန်မာစာဆရာမ ဖြစ်ပေမယ့် သူက ‘နွယ်(စစ်တွေ)’ ဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာရေးတဲ့ စာဆို ဖြစ်တဲ့အပြင် သီချင်းတွေကြိုက်တဲ့ဝါသနာလဲကဲလေတော့ ‘မာမာအေး’ ခေါ်တဲ့ ကျောင်းသူလေးနဲ့ အဖွဲ့ကျတာပေါ့ရှင်။ ဆရာမက သီချင်းတွေအကြောင်းသိချင်၊ ကိုယ်က ကဗျာအကြောင်း သိချင်တွေကိုး။ ‘စစ်တွေ’ နာမည်မှာ ပါနေတော့ ရခိုင်ဆရာမလေးမှန်း သိမှာပေါ့နော်။ ‘အပြုံးရှင်အုန်းခင်’ရယ်လို့  တင်စားလောက်တဲ့ အပြုံးရှင်ပါ။ တခါတခါတော့ မိသားစုအကြောင်းတွေလဲ ပြောတတ်လို့ သားကလေးတယောက်ရှိတယ် ဆိုတာ သိရပါတယ်။ ‘ခင်ပွန်းသည်ဆုံးတော့ သားကို စောင့်ရဦးမှာပေါ့ မိမာရယ် – သိတ်အထီးကျန်တာဘဲ’ တဲ့ ဆရာကန်တော့ပွဲမှာဆုံတော့ မာအေးကို အဲဒီလို ညည်းပြသွားခဲ့တာပေါ့။

တလောလေးက သူ့အကြောင်းသိတဲ့တဦးနဲ့ စကါးစပ်မိရင်း ထပ်ပြီး သိရတာက သူသားကလေးကလဲ မရှိတော့ဘူး တဲ့၊ သူ့ကို သနားကြလို့ အသိမပေးဘဲထားကြတာ တဲ့။ မရှိတော့တဲ့သားကို စောင့်စားတဲ့အမေဘ၀နဲ့ နေသွားခဲ့တယ်တဲ့လား။ ကြေကွဲသွားလိုက်တာရှင်။ ဒါဆို လာမယ့် ကန်တော့ပွဲမှာ ဆရာမအပြုံးလှလှလေးကို ဘယ်တွေ့ရတော့မှာလဲ။ သူရေးတဲ့ကဗျာလေးတွေ ပေးဖတ်တတ်တဲ့ဆရာမ၊ သူနှစ်သက်လှတဲ့ ဒီသီချင်းလေး ထပ်ပြီး ကူးပေးဘို့ မလိုတော့ဘူး ဆိုပေမယ့်လဲ တိမ်ပုံကြားမှာ ဝိုးတဝါး ပန်းကေါက်လို့များနေမလား၊ ကြားရင်လဲကြားပါစေပေါ့။
နားထောင်ကြည့်ကြတာပေါ့၊ ကဗျာလိုဖွဲ့တဲ့ သီချင်းလေးပါရှင်။

(ပန်းကေါက်လှဲ့ပါ – မောင်မော်လတ်)
ဆောင်းနှင်းရည်ပန်းကို နွေသခင် နမ်းကြူစဉ်ဝယ်၊ ၀ါညိုသွင် ရွက်ယော်လေးတွေ ရယ်သွေးမြူးကြွ ကခုန်လှောင်ပြောင်တယ် xx ပြုံးယောင်ပြုံးတုံ့ ဖူးငုံ့လွှာလွှာ၊ မာလာကန့်ကေါ်လေ ရှက်သွေးဆမ်းတဲ့ ပျိုဖျန်းထွေးသို့နှယ်၊ အော်… စိမ်းနုစု ပင်ယံလယ် x

(ဖြူနီပြာဝါရွှေခြယ်  ရောင်စုံတွေလှယ် ပန်းတွေလဲ ပွင့်ခိုင်သွယ်၊ ရနံ့တွေလဲ သင်းလှိုင်ကြွယ်) ၂
x ဆိုတေးရင့်ကြွေတတ်သော ဥသြငှက်ကလေး ကြေကွဲသံရယ်၊ ဟိုဆီကလိုလိုနှယ်၊ သည်ဆီကလိုလိုကွယ်၊ လေရူးနဲ့ဝေမြူးပျံ့လွင့်လာတယ် xx သည်အချိန်ရောက်ပြီဆိုရင်ကွယ်၊ ဟိုအရင်နှစ်များလို ကိုယ့်ချစ်သောသူရယ်၊ ကန့်ကေါ်ပင်အောက်ဝယ် နှစ်ယောက်သား အတူတူ လမ်းလျှောက်ကါ ပန်းကေါက်လှဲ့ပါ အသက်ရယ် xxx


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်  

    ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။