မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၀)

(ဗိုလ်ကလေးတင့်အောင်)

မာမာအေး။ အောက်တိုဘာ ၆၊ ၂၀၁၂


(ဓာတ်ပုံများ  -ရွှေအမြုတေ မဂ္ဂဇင်း)

 သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေး ဒီတပတ်လဲ တာစူထားတဲ့ ဂီတဥပဒေဆီ ပြန်မလှည့်နိုင်သေးဘူးနော်။ ဂီတအရာမှာ ချက်ချင်း ပြောချင်တာတွေ ရှိလာလို့ပါ။ ကံကေါင်းထောက်မပေလို့ မြန်မာသံတွေ အလျှံအပါယ်ကြားလာရတာကို ၀မ်းသာရတယ်မို့လားရှင်။ ကြာမှပြောရင် သွေးအေးချင်အေးမှာ – စောင့်နိုင်ပါဘူးနော်။

 


မြန်မာ့နှစ်သစ်မတိုင်ခင်လေးက U.S.A ရောက် မောင်ကလေး သိန်းတန်(မြန်မာပြည်)ရဲ့ မြန်မာသံ ဘိုဟန်နှောတဲ့ တေးကလေးတွေ၊ ကိုယ့်တိုင်းပြည်က ပရိသဒ်တွေဆီ ပြန်ဆိုပြတာ အောင်အောင်မြင်မြင် ပျော်ရွှင်စရာ မင်္ဂလာပါဘဲ တဲ့။

တခါက အလင်္ကါဝတ်ရည် ဂီတအုပ်စုက မြန်မာသံတွေ ပြန်တင်ဆက်တဲ့ပွဲလုပ်ကြတော့ ကိုယ့်မြစ်ဝကျွန်းပေါ်သားလေး ဟင်္သာတထွန်းရင်တို့လဲ ပြန်ဆိုပြန်တက် ပရိသဒ်ကလဲ နှစ်သက်ပါသတဲ့။ သားတော်မောင် ရန်အောင်ကလဲ မင်းသမီးလှလှ နတ်သမီးမမတွေနဲ့ အလှပြကြ ဆိုကြ လုပ်သေးတာရော အများကြီး ပြောဘို့ လွတ်နေပြီရှင်။ အခု ဒီတပွဲတော့ လွတ်လို့ မဖြစ်ဖူး သောတရှင်တို့ရေ့။

“အသက်က ကိုးဆယ်၊ တချက်မှ မညှိုးတယ်” … အယ်! အဲဒါက ၀တ္ထုတအုပ်စာ – ဆုတောင်းမှတ်တမ်းလွှာတွေ စုထုတ်ထားတဲ့ စာအုပ်နာမည် ဖြစ်နေပါတယ်ရှင်။ သူ့အရင် ပြောချင်တာက “စည်သူဗိုလ်ကလေးတင့်အောင်” လို့ – အခု ခေါ်ကြရမယ့်၊ ဂီတစာဆို+ပြဇါတ်နဲ့ရုပ်ရှင် ဇါတ်ညွှန်းတွေ ကဗျာတွေ စာတွေ ရေးတဲ့ ဆရာ၊ မာအေးက အကိုလေးခေါ်လိုက်၊ အဖေခေါ်လိုက်၊ မာအေးကို မင်းသမီးတင်ရိုက်တဲ့ ရုပ်ရှင်ဒါရိုက်တာ၊ ပြဇါတ်များရဲ့ ၀ိဇ္ဇာ … အောင်မယ်လေး ဘွဲ့တွေ ဘွဲ့တွေ – လျှာထွက်မတတ် ပြောလို့ရတဲ့ အနုပညာဘိုးသက်ရှည် – ငယ်မည် မောင်မောင် ဆိုတဲ့ ‘မောင်တင့်အောင်’ကလေး အသက် (၉၀)ပြည့်တဲ့အကြောင်းကိုရှင့်။ သားသမီးတပည့်တပန်းတွေက ဂီတပန်းနဲ့ကန်တော့ကြတယ်လေ။ ကိုယ်သာ ဝေးလို့ကျန်ရစ်တာ။ အမှန်သစ္စာနဲ့ပြောရရင် ငိုချင်ချင်ပေါ့ရှင့်။ ဒါပေမယ့် မျှော်နိုင်ပါသေးတယ်။ သေးသေးသွယ်သွယ် ဖြတ်ဖြတ်လတ်လတ် ကျန်းမာရေးက ဖတ်စစ်ကလပ်နဲ့ အဖေ့ကို နှစ်တစ်ရာပြည့်တော့ကြိုမယ်ပေါ့ရှင်။ အော်… ဒါနဲ့ လွန်ခဲ့တဲ့ (၆)ရက်နေ့က ‘မဂရေ့(စ)’ လာသွားတယ်။ အော်… မဂရေ့(စ)ဆိုတာ “ဆွေဇင်ထိုက်” လို့ နာမည်ကျော်ခဲ့တဲ့ အကယ်ဒမီ ရုပ်ရှင်မင်းသမီးချောချောလေးကို ပြောတာနော်။ သိတယ်မို့လား။ ဟိုးတလနှစ်လလေါက်တုန်းကလဲ တခါ လာသေးတယ်။ သူလာရင် ခင်နုနုလဲ လာတတ်တယ်။ ခုလဲ အတူတူဘဲ။ သူလာတော့ မာအေးရဲ့ ထွေလီကါလီရောဂါဘယတွေ မြင်တာပေါ့လေ။ ဒါကြောင့် မဟ၀ှါလေးက မာအေး ဘေးကင်းရအောင်လို့ တဲ့၊ သူ့ဆရာတော်ဘုရားကို ကျိုက်ဝိုင်းကနေ ပင့်ဆောင်လာပြီး မေတ္တာပို့ပေးတာပါရှင်။ လူလဲ စိတ်ချမ်းသာ ကိုယ်လဲ ကျန်းမာစွာ၊ ကုသိုလ်တွေလဲရ – သာဓုသာဓုပါညီမရယ် နဲ့ မေတ္တာဖလှယ်ကြတာပေါ့ရှင်။

ဂရေ့(စ)နဲ့ မိနုက ရန်ကုန်မှာလဲ သွားဆုံကြလေတော့ အကိုလေး (၉၀)ပြည့်ပွဲမှာ တွဲတောင်တက်လာခဲ့ကြသေးသတဲ့၊ သူုတို့နှစ်ယောက်က ဆင်တူတွေဝတ်ရင် အကိုလေးကိုလဲ သူတို့နဲ့ တစ်ရောင်ထဲလိုက်အောင် ဆင်ပေးကြတယ်ဆိုဘဲ။ မိကဲတို့ သုံးယောက်သား တ၀ါးဝါးနဲ့ ဂီတပွဲအကြောင်းတွေ ပြောလိုက်ကြတာ သူတို့ပြန်မှ  မောမှန်းသိတော့တယ်။

‘စည်သူဗိုလ်ကလေးတင့်အောင်’ (၉၀)ပြည့် ဂုဏ်ပြုပဒေသာကပွဲလုပ်မယ့်အကြောင်းကို နှစ်ရက်လောက်ပဲ မာအေး ကြိုသိရပါတယ်။ တာတူးဖုန်းဆက်တော့ ပြောသွားတာနဲ့ သိတာပါ။ အော်… တာတူး ဆိုတာ အခု ဟာသမောင်ဖြစ်လာတဲ့ ရန်ပိုင်စိုးလေရှင်။ ဟိုမယ် ပွဲကနေတုန်း မာအေး ဒီကနေ ပရိသဒ်ပါကြားရအောင် မွေးနေ့ဆုတောင်း နှုတ်ဆက်ဖုန်းပြောတာမျိုး လုပ်နိုင်တဲ့အကြောင်း ပြောလိုက်တာကြောင့် အဲဒီနေ့က ဖုန်းခေါ်မလားလို့ တနေ့လုံး စောင့်ပါတယ်။ နေသာကုန်တယ် ကံမဆုံပါဘူးရှင်။ ပွဲမှာ အစီအစဉ်တွေ ကြပ်နေလို့ ထင်ပါရဲ့နဲ့ဘဲ ဖြေလိုက်ပါတယ်။

ခုတော့ အဲဒီတေးသရုပ်ဖေါ်နဲ့ဂီတပဒေသာ ဖျော်ဖြေပွဲ VCD ဟာ မာအေးဆီရောက်လာခဲ့ပြီ။ ညီမတော်ဆွေဇင်ထိုက်ကို အကိုလေးကပို့ပေးခိုင်းလို့ပေါ့ရှင်။ ဓါတ်ပြားလေးက (၂)ချပ်၊ “အသက်က (၉၀) တစ်ချက်မှ မညှိုးတယ်” ဆိုတဲ့ စာအုပ်ကလေးကတအုပ်ပါ။ ဆွေဇင်ထိုက်နဲ့အတူ ဆရာတော်တပါး စာရေးဆရာမကြီး ဒေါ်ရီကြိန်ရဲ့ သားနဲ့သမီး ချွေးမတို့လဲ ပါလာတာမို့ အသာလေး အိပ်ခန်းထဲ သွားထား၊ နောက်များမှ နောက်မှထားရတော့တာဘဲ။

မာအေးတယောက်ထဲ အိမ်ကြီးထဲ တ၀ဲလယ်လယ်ရယ်၊ အလည်လာကြမှ သံစုံထွက်နိုင်ပါတယ်။ သူတို့တွေ ပြန်ကုန်ကြပြီ၊ အနားရပြီ အားရပြီ ဆိုတော့မှ စာအုပ်ကလေး သိမ်းထားရာက ယူချ၊ မျက်နှာဖုံးလေး အသာမကြည့်လိုက်တော့ … “သမီးလေး မာမာအေး” တဲ့။ ရင်ထဲမှာ အေးသွားတာဘဲ။ အနားမှာ လာခေါ်သလို ရင်ထဲက ကြားလိုက်ရတယ်။ နောက်စာတကြောင်းလောက် ခြားပြီး … “ချစ်တဲ့အဖေ” တဲ့။ ပြီးတော့ သူထိုးနေကျလက်မှတ်၊ ဗိုလ်ကလေးတင့်အောင် 3rd June 2012 လို့ ရေးထားတာ မြင်တော့ “ဆွေးပါတယ် မေ့သဲ လွမ်းသူရဲ့ပွဲ” ကိုယ်ဆိုတဲ့သီချင်းထဲက ရှေးစကါးလေး ပြေးမြင်တယ် သောတရှင်၊ မဆွေးခံနိုင်ရိုးလားရှင့်။ အသက် (၇၀)ရောက်ဖို့ ရက်ပိုင်းလောက်လိုတော့တဲ့သူကို “သမီးလေး” လို့  ခေါ်တုန်းဘဲ၊ လူကြီးမိဘတို့ ရင်ထဲမှာ ကိုယ့်ခလေးတွေကို ချစ်ကြတာ အသက်ကြီးလာလို့ ကြီးလာမှန်းတောင် သတိမထားမိကြဘူး။ သူတို့မျက်စေ့ထဲမှာ ခလေးဟာ ခလေးဘဲ လို့ မြင်ကြတယ် ဆိုတာ မှန်နေပြီ လို့ အရမ်း ခံစားရပါတယ်။
အဖေအရင်း အမေအရင်းကတေါင် ကွယ်ခဲ့ကြပေမယ့် အဖေ့ကိုယ်စား အမေ့ကိုယ်စား အဖေအမေများရဲ့ သံယောဇဉ် ရှိနေပါသေးလား၊ နှလုံးသားမှာ အားမွေးထားရမယ်၊ အားပေးထားရမယ်၊ မေတ္တာပို့ပေးထားရပါဦးမယ်ရှင်။ (၇၀)ချစ်သမီးက (၉၀) ဂီတအဖေကို မရောက်နိုင်ခင် ကြိုတင်ကန်တော့တယ် အောင်းမေ့ပါ အဖေရယ်၊ အဖေကိုယ်တိုင် ရေးတဲ့ “သံယောဇဉ်” တေးကလေးနဲ့ဘဲ ပြန်လည် ပို့လွှတ် ဦးညွတ်လိုက်ပါတယ်နော်။

“သံယောဇဉ်” ရေး … ဗိုလ်ကလေးတင့်အောင်

သံယောဇဉ် … သံယောဇဉ်… စကါးလေးသုံးခွန်းမို့၊ ညွှန်းစေချက်လဲ နည်းမယ်ထင် တကယ့်ကိုတွေးပြန်တော့ မသေးတဲ့အားအင်၊ ကမ္ဘာတခွင်လုံး သိမ်းကြုံးပြုပြင်၊ သူခိုင်းစေသမျှ ထာဝစဉ်၊ လူတိုင်းနေရတာပင် xxx
အာသဝေါကုန်ငြား ဘုရားမြတ်အရှင်၊ အရိယာသူတော်စင်တို့ကလွဲရင်၊ သံယောဇဉ် နှောင်ကြိုးမျှင် ဇွတ်တိုးငင် xxx မေတ္တာနွယ်ပန်း ဆင်မြန်းမိရင်၊ အမှားအမှန် ဝေဖန်ပေး၊ ဦးဏှောက်နဲ့တွေး၊ ရေးရေးမျှ မမြင်၊ အသဲနှလုံးက ဧကန် စီမံရာသဘော လိုက်လျောရတာပင်၊ သံယောဇဉ် … သံယောဇဉ် xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on ““ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၀)
  1. အသက် ၇၀ အရွယ်က သမီးလေးလို့ ခေါ်ခံရလို့ ဖြစ်သွားတဲ့ပီတိကို စာဖတ်ရင်း နားလည် ကျေနပ်မိပါတယ်။ အံတီမာမာအေးက သီချင်းအဆိုကောင်းသလို စကားပြောလည်း အင်မတန်ကောင်းပါတယ်။ ဆရာနဲ့ တပည့်ကြားမှာရှိတဲ့ အပြန်အလှန် ထားရှိတဲ့မေတ္တာတရားဟာ အေးမြလတ်ဆတ်နေတာ တွေ့ရပါတယ်။

Comments are closed.