သတင်းဆောင်းပါး အောင်ဒင်

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (10) – Aung Din

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၄၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃

အပိုင်း (၁၀) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (က)


၂၀၁၂  ခုနှစ် နိုဝင်ဘာလ ၂၆ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ လက်မှတ်မထိုးပဲ အတည်ပြုပြဌန်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ များကို စိတ်ဝင်တစား လေ့လာကြည့်ပါတယ်၊ ထူးထူးခြားခြားတွေ့မိတာတွေကို အောက်ပါအတိုင်း တင်ပြအပ်ပါတယ်၊

ပြည်သူ့/အမျိုးသား လွှတ်တော်ရုံး၊ လွှတ်တော်ကိုယ်စားလှယ်ရုံးပုဒ်မ ၂ (ဋ) နဲ့ ၆၃ တို့အရ လွှတ်တော် နှစ်ရပ်ရဲ့ နေ့တဓူဝ အရေးကိစ္စတွေကို တာဝန်ခံ ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးတွေ ဖွင့်ခွင့်ရတော့မှာ ဖြစ်ပါတယ်၊ ဒါဟာဖြင့် သဘာဝကျတဲ့ ပြဌန်းချက်တွေပါ၊ အမေရိကန် ပြည်ထောင်စုမှာတော့ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်ရဲ့ အရေးကိစ္စတွေကို သီးခြားဖွဲ့စည်းထားတဲ့ ဌာန နှစ်ခုက စီမံခန့်ခွဲပါတယ်၊ အောက်လွှတ်တော် ရုံးကို အောက်လွှတ်တော် မှတ်တမ်းပြုစုရေးအရာရှိ (Clerk of the House)၊ စစ်ဆေးရေးမှူးချုပ် (Inspector General)၊ စီမံခန့်ခွဲရေးအရာရှိချုပ် (Chief Administrative Officer)၊ လုံခြုံရေးတာဝန်ခံ (Sergeant at Arms)၊ ဘာသာရေးတာဝန်ခံ (Chaplain)၊ အောက်လွှတ်တော်သမိုင်းပြုစုသူ (House Historian)၊ နဲ့ အောက်လွှတ်တော်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင် (Parliamentarian)၊ ဆိုတဲ့ အရာရှိ ၇ ယောက်က တာဝန်ယူ စီမံခန့်ခွဲပါတယ်၊ သူတို့အောက်မှာ လဲ အထောက်အကူပြု ဝန်ထမ်းတွေ ရှိကြတာပေါ့၊

အထက်လွှတ်တော်ဆိုင်ရာ ရုံးမှာ ဆိုရင် အထက်လွှတ်တော် အတွင်းဝန် (Secretary of the Senate)၊ လက်ထောက်အတွင်းဝန် (Assistant Secretary)၊ အထက်လွှတ်တော်သမိုင်းပြုစုသူ (Senate Historian)၊  လုံခြုံရေးတာဝန်ခံ (Sergeant at Arms)၊  အထက်လွှတ်တော်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင် (Parliamentarian)၊ လူများစုပါတီ အတွင်းဝန် (Majority Secretary)၊ နဲ့ လူနည်းစုပါတီ အတွင်းဝန် (Minority Secretary) ဆိုပြီး အရာရှိ ၈ဦးက လက်ထောက်ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲပါတယ်၊
ဒီလို ဖွဲ့စည်းခွင့်က အရင် နအဖ ကပြဌန်းခဲ့တဲ့ ၂၀၁၀ ခုနှစ် ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေများ မှာမပါဝင်ပါ၊ အရင်ဥပဒေဟောင်းအရ လွှတ်တော်ရုံးဆိုတာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် သုံးရပ်စလုံးရဲ့ ကိစ္စတွေကို စီမံခန့်ခွဲတဲ့ တစ်ခုတည်းသော ရုံးပါ၊ ဥပဒေအသစ်ရဲ့ ပုဒ်မ ၂ (ည) မှာ အဲဒီ လွှတ်တော်ရုံးကို ထပ်မံပြဌန်းထားတာမို့ လွှတ်တော်ဆိုင်ရာ ရုံး သုံးခု ဖွဲ့စည်းရမည့် သဘောဖြစ်ပါတယ်၊

ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော် ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး ဆိုပြီးတော့၊ အဲဒါဆိုရင် မြန်မာနိုင်ငံလို ဆင်းရဲလွန်းလို့ နိုင်ငံတကာချေးငွေတွေ တောင်းခံနေရတဲ့၊ အကြွေးသက်သာခွင့်တွေ တောင်းဆိုနေရတဲ့  နိုင်ငံအနေနဲ့ နိုင်ငံတော်ဘတ်ဂျက်မှာ ဝန်ထုတ်ဝန်ပိုး ဖြစ်ပါလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ အစိုးရရုံးများ ဖွဲ့စည်းပုံကလဲ ထိပ်ဆုံးက ညွှန်ကြားရေးမှူးချုပ် ကစလို့ အောက်ဆုံးက ဝင်းတံခါးပေါက်စောင့်သူ အထိ အဆင့်ပေါင်းများစွာနဲ့ ခန်းနားထည်ဝါလွန်းတော့ ရုံးသစ် တစ်ရုံးဖွင့်ဖို့ကုန်ကျစားရိတ်ဟာ အင်မတန်ပဲ များမှာပါ၊

ဒီတော့ ရုံးသုံးရုံးဖွင့်မည့်အစား ရုံးနှစ်ရုံးပဲ ထားသင့်ပါတယ်၊ အမျိုးသားလွှတ်တော်ရုံး နဲ့ ပြည်သူလွှတ်တော်ရုံး ဆိုပြီးတော့၊ အခု ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ကို လွှတ်တော် ၅နှစ်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို နှစ်နှစ်ခွဲစီ ယူဖို့ ပြဋ္ဌန်းထားသလို ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကျတဲ့ လွှတ်တော် ရုံးက ပြည်ထောင်စုလွှတ်တော်ရုံးတာဝန်ကိုပါ ပူးတွဲယူမယ်ဆိုရင် တိုင်းပြည်ဘဏ္ဏာမှာ ကုန်ကျစားရိတ်တွေအတော် သက်သာသွားမှာပါ၊

လွှတ်တော်ကိုယ်စားလှယ်ရုံးပုဒ်မ ၂ (ဌ)၊ ၆၃ နဲ့ ၆၄ များအရ လွှတ်တော်ကိုယ်စားလှယ်များဟာ မဲဆန္ဒနယ်တွေမှာ ရုံးခန်းတွေ ဖွင့်နိုင်တော့မှာ ဖြစ်ပါတယ်၊ ဒါဟာလဲ သဘာဝကျတဲ့ ပြဋ္ဌန်းချက်ဖြစ်ပေမည့် ပုဒ်မ ၆၃ မှာ “လိုအပ်သော မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်တည်ထောင်ခွင့်ပေးနိုင်သည်” လို့ ဆိုထားတာကို ဘဝင်မကျဖြစ်မိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူများရဲ့ အကျိုးစီးပွါးကို ဆောင်ရွက်ပေးရမှာမို့ ဒီ မဲဆန္ဒရှင်ပြည်သူများနဲ့ ပုံမှန် ဆက်ဆံနိုင်ရေးဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ၊ ဒါကြောင့် မဲဆန္ဒနယ်အားလုံး မြို့နယ်အားလုံးမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ရုံးခန်းတွေရှိသင့်ပါတယ်၊ ဘယ်မြို့နယ်မှာဖြင့်လိုအပ်ပြီး ဘယ်မြို့နယ်မှာဖြင့် မလိုအပ်ဘူးလို့ မရှိသင့်ပါ၊

အမေရိကန်ပြည်ထောင်စုမှာ အောက်လွှတ်တော်အမတ်တွေဟာ သူတို့ရဲ့ မဲဆန္ဒနယ်အကျယ်အဝန်း ကိုလိုက်ပြီး ရုံးခွဲ (District Office) နှစ်ခုကနေ ၅ခုအထိ ဖွင့်ခွင့်ရှိပါတယ်၊ အထက်လွှတ်တော်အမတ်တွေဟာလဲ သူတို့ရဲ့ သက်ဆိုင်ရာပြည်နယ် အကျယ်အဝန်းကိုလိုက်ပြီး ရုံးခွဲ ၄ခုကနေ ၉ ခုအထိ ဖွင့်ခွင့်ရှိပါတယ်၊ အဲဒီ ရုံးခွဲတွေမှာ အချိန်ပြည့်ဝန်ထမ်းတွေ ခန့်အပ်ထားပြီး မဲဆန္ဒရှင်များရဲ့ အသံကို နားထောင်ပါတယ်၊ သူတို့ရဲ့ ပြဿနာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးပါတယ်၊ ကွန်ဂရက်လွှတ်တော်အစည်းအဝေး ရပ်နားတဲ့ အချိန်ကာလတွေမှာ လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် အဲဒီ ရုံးခန်းတွေကို လှည့်လည်ပြီး မဲဆန္ဒရှင်များနဲ့ ကိုယ်တိုင်တွေ့ဆုံပါတယ်၊ ဒါကြောင့် ဒီရုံးတွေဟာ လွှတ်တော်ကိုယ်စားလှယ်များအတွက်ရော၊ မဲဆန္ဒရှင်များအတွက်ရော အင်မတန်အရေးကြီးတဲ့ နေရာဋ္ဌာနများ ဖြစ်ကြပါတယ်၊

မြန်မာနိုင်ငံရဲ့ ဘဏ္ဏာရေးအခြေအနေအရ ရုံးတွေ အများကြီး မဖွင့်နိုင်တောင်မှ မြို့နယ်တစ်ခုချင်းကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်မြို့ကို တစ်ရုံးစီ၊ တစ်မြို့ထက်မက ပိုပြီးကျယ်ပြန့်တဲ့ ဒေသကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်မြေထဲမှာ ပါဝင်တဲ့ မြို့နယ်တိုင်းမှာ ရုံးတစ်ရုံးစီ ဖွင့်ခွင့်ပေးသင့်ပါတယ်၊ ဘတ်ဂျက်အခြေအနေအရ ဒီရုံးအားလုံးကို တစ်နှစ်ထဲ၊ တစ်ကြိမ်ထဲမှာ မဖွင့်ပေးနိုင်ရင်တောင်မှ သုံးနှစ်၊လေးနှစ် စသဖြင့် စီမံကိန်းချပြီး ၅နှစ်ထက်မပိုတဲ့ ကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေ မဲဆန္ဒနယ်အားလုံးမှာ ဖွင့်ပေးနိုင်ရင် သိပ်ကောင်းမှာပါ၊

နေပြည်တော်မှာလဲ လွှတ်တော်ကိုယ်စားလှယ်ရုံး ရှိသင့်ပါသည်၊

ဥပဒေအဟောင်း နဲ့ ဥပဒေအသစ် နှစ်ခုစလုံးမှာ ထူးဆန်းစွာ ပျောက်ဆုံးနေတာက လွှတ်တော်ကိုယ်စားလှယ်များအတွက် နေပြည်တော်မှာ ရုံးခန်းရှိခွင့်ပါပဲ၊
အမေရိကန်ပြည်ထောင်စုမှာတော့ အောက်လွှတ်တော်အဆောက်အအုံကြီုးံ ၄ ခုနဲ့ အထက်လွှတ်တော်အဆောက်အအုံကြီး ၄ ခုမှာ လွှတ်တော်နှစ်ရပ်ပေါင်း အမတ် ၅၄၁ ယောက်အတွက် ရုံးခန်းတွေ ကိုယ်စီရှိကြပါတယ်၊ လွှတ်တော်အမတ်တိုင်းရဲ့ ရုံးအဖွဲ့မှာလဲ အရာရှိချုပ် (Chief of Staff)၊ အချိန်ဇယားကိုင်တွယ်သူ (Schedulers)၊ ဥပဒေရေးရာ ညွှန်ကြားရေးမှူး (Legislative Director)၊ ပြန်ကြားရေးအရာရှိ (Press Officer)၊ ကဏ္ဏအလိုက် အတိုင်ပင်ခံများ (Advisors)၊ ဥပဒေရေးရာ လက်ထောက်များ (Legislative Assistants)၊ စသဖြင့် အမှုထမ်းပေါင်း အနည်းဆုံး ၁၀ယောက် လောက်ရှိကြပါတယ်၊

မြန်မာနိုင်ငံမှာတော့ အင်မတန် ကြီးကျယ်ခန့်ငြားတဲ့ နေပြည်တော်က လွှတ်တော် အဆောက်အအုံကြီးများထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၆၆၄ ယောက်အတွက် ရုံးခန်းတွေ တစ်ခန်းမှ မရှိပါ၊ တကယ်တော့ လွှတ်တော်အဆောက်အအုံဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဒုတိယအိမ် (Second Home) ပါ၊ အမေရိကန် လွှတ်တော်အမတ်များဟာ တခါတရံ အစည်းအဝေးတွေများလွန်းတဲ့ အခါမျိုးမှာ သူတို့ရုံးခန်းတွေမှာပဲ ဖြစ်သလို အိပ်ပြီး ညတွေကို ဖြတ်သန်းကြပါတယ်၊ မြန်မာနိုင်ငံမှာတော့ လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ်ပိုင်ရုံးခန်းမရှိရုံမက၊ လွှတ်တော်အဆောက်အအုံထဲမှာလဲ အစည်းအဝေးကာလကလွဲရင် နေခွင့်မရှိတာတွေ့ရပါတယ်၊ သူတို့တွေဟာ လွှတ်တော်အစည်းအဝေးကာလအတွင်း လွှတ်တော်ပါတ်ဝန်းကျင်က အဆောင်ပုံစံအဆောက်အအုံများမှာ တည်းခိုနေထိုင်ကြရပြီး အစည်းအဝေးရှိရာ လွှတ်တော်အဆောက်အအုံကို သတ်မှတ်ထားတဲ့ ကားတွေနဲ့ စံနစ်တကျသွားရပါတယ်၊ အဆောင်ကျောင်းသားလေးတွေ ကျောင်းတက်သလိုပါပဲ၊ လုံခြုံရေးတွေ အဆင့်ဆင့်တင်းကြပ်ထားတာကို ဖြတ်သန်း၊ အစည်းအဝေးတက်၊ စားသောက်ချိန်မှာ သတ်မှတ်ထားတဲ့ စားသောက်ခန်းမမှာစား၊ အစည်းအဝေးပြီး သတ်မှတ်ထားတဲ့ ကားများနဲ့ သက်ဆိုင်ရာအဆောင်ကို ပြန်ကြရတာပါ၊ ပြီးတော့ ဥပဒေပြုရေးကိစ္စတွေကို အထောက်အကူပြုဝန်ထမ်းတွေမရှိပဲ ကိုယ်တိုင် အစအဆုံးလုပ်ကြရတာပါ၊ ပုဒ်မ ၅၅ (ဂ) မှာ “လွှတ်တော်အစည်းအဝေးကျင်းပချိန်၌ ဖြစ်စေ၊ အစည်းအဝေးကျင်းပချိန်ပြင်ပ၌ ဖြစ်စေ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိပဲ သတ်မှတ်ထားသော လွှတ်တော်ပရဝဏ်အတွင်း ညဥ့်အိပ်ညဥ့်နေ မပြုရ” လို့ပြဋ္ဌန်းထားပြီး အဲဒီ ပြဋ္ဌန်းချက်ကို ဖောက်ဖျက်ရင် ပုဒ်မ ၅၅ အရ “တစ်နှစ်ထက်မပိုသော ထောင်ဒါဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒါဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်” လို့ဆိုထားပါတယ်၊

ဒီဥပဒေရဲ့ ပုဒ်မ ၁၁ မှာ “လွှတ်တော်ကိုယ်စားလှယ်များသည် အောက်ပါကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရမည်” လို့ စည်းကမ်းချက် ၆ ချက်ပြဋ္ဌန်းထားပြီး အဲဒီ စည်းကမ်းချက် ၆ ချက်ထဲမှာ (ဃ) “လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ပြုမူပြောဆိုနေထိုင်ရေး” ဆိုတာပါဝင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များကို ဂုဏ်သိက္ခာရှိဖို့အတွက် လွှတ်တော်ကိုယ်တိုင်က လိုအပ်တဲ့ အဆောင်အယောင်တွေ ပံ့ပိုးပေးရမှာပါ၊ အဲဒီ အဆောင်အယောင်ထဲမှာ လွှတ်တော်အဆောက်အအုံထဲ သီးခြား ကိုယ်ပိုင်ရုံးခန်း နဲ့ အထောက်အကူပြုဝန်ထမ်းတွေ ရှိရေးက မရှိမဖြစ်လိုအပ်ချက်ပါ၊

လွှတ်တော်ကိုယ်စားလှယ်တချို့က နန်းတော်တမျှ ကြီးမားခန့်ညားတဲ့ စံအိမ်ကြီးတွေမှာ အချွေအရံတွေ နဲ့ ဇိမ်ကျအပန်းဖြေနေကြချိန်၊ လိုအပ်တဲ့ ဥပဒေရေးရာကိစ္စတွေကို လက်ထောက်တွေ၊ တပြည့်တပန်းတွေကို လက်ညှိုးထိုးခိုင်းစေနေကြချိန်မှာ အဆောင်ပုံစံအိမ်ကလေးများမှာ နေရပြီး နေ့စဉ်လွှတ်တော်အစည်းအဝေးကို ကျောင်းသားလေးတွေလို စုပေါင်းပြီး ကားနဲ့လာကြရတဲ့ ၊လွှတ်တော်ပရဝုဏ်ထဲမှာ အစည်းအဝေးပြင်ပအချိန်မှာ နေခွင့်မရတဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိနေတာဟာ ဒီပုဒ်မ (ဃ) ကို လွှတ်တော်ခေါင်းဆောင်များကိုယ်တိုင်က ချိုးဖောက်နေသလိုထင်ရပါတယ်၊

ဆက်ရေးပါဦးမယ်

လေးစားစွာ၊ အောင်ဒင်

ဖေဖော်ဝါရီ ၈၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts