ကမာပုလဲ ရသဆောင်းပါးစုံ

ခပ်စိမ်းစိမ်းနွေဦး – Kama Pale


ခပ်စိမ်းစိမ်းနွေဦး
ကမာပုလဲ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃
( ၁ ) 


အမ်စတာဒမ်မှာ နွေဦး ရှိပါသလား။ ဘိုရင်းနိတ် ကျောက်မီးသွေးတွင်းမှာ နွေဦး ရောက်နေပြီလား။ ဘယ်လဂျီယံ ဆောင်းဟာ နွေဦးကို ကိုယ်ဝန်ဆောင်ထားခဲ့လေသလား။ မိတ္ထီလာမြို့အဝင် တမာပင်တန်းကလေးမှာ နွေဦး နားခိုနေပါသလား။ ကလောမြို့ရဲ့ မှိုင်းလုံးတောင် ခြေရင်းမှာ ရိုးတံသက်သက် အလွမ်းများ … ပန်းနုရောင် ချယ်ရီတွေ ဖူးသစ်ဝေနေပြီလား။ ညက အိပ်မက်ထဲမှာ ပန်းနုရောင် ချယ်ရီတွေ ပွင့်နေခဲ့တယ် … နွေဦး။

နှစ်ကာလရဲ့ ရထားတစင်းပေါ်မှာ အဖြစ်အပျက်တွေ စီးနင်းလိုက်ပါသွားခဲ့ကြ။ သံလမ်းတလျှောက်မှာ ပုံသဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲနေတဲ့ ဘဝများ၊ ရင်ခုန်သံများ၊ စကားစမြည်များ၊ ပိုလို့ နွမ်းပါးလာတဲ့ နေ့မြင်ညပျောက် မိသားစုများ၊ ရေအိုးကလေးထဲမှာ ကြိုက်သလို သုံးစွဲနိုင်တဲ့ ရေကြည်သန့်များ၊ သနပ်ခါး ပါးကွက်ကြားပေါ်က ချွေးစ ချွေးနများ၊ အကွက်လည်နေတဲ့ ချုပ်ရာ ဖာရာ ဗရပွ ထမီကလေးတထည် …။

“အကိုရေ … ရေချိုးချင်ပါသလား။ ရိုးရိုး ချိုးရင် ၃ – ကျပ်၊ အထူး ချိုးချင်ရင် ၅ – ကျပ်၊ ၁၀ – ကျပ်။ အဆင်ပြေစေရပါမယ်။ စိတ်တိုင်းကျစေရပါမယ်။ စိတ်ချ လက်ချ ရှိစေရပါမယ်” တဲ့။


၁၉၈၀၊ ၈၁၊ ၈၂၊ ၈၃ ကာလ သာစည်ဘူတာ ညများ။ မန္တလေး အဆန် တက်သွားပြီ။ ရန်ကုန် အစုန် ဆင်းသွားပြီ။ အရှေ့ဘက်က ရှမ်းတောင်တန်းတွေ ငြိမ်သက် အိပ်စက်။ ဂုန်နီအိတ်စနဲ့ ခေါက်ကုတင် အိပ်စင်တလုံးကို တညတာအတွက် ၂ – ကျပ်။ ဗျစ်ရည်မူးနေတဲ့ တက်ထရွန် အဝါရောင်ဝတ် ဦးပြည်းစိမ်း ခေါင်းတလုံး။ ယိမ်းလို့။ ယိုင်လို့။ အသောက ဘုရင်ကြီး ဘယ်ရောက်နေသလဲ။ ညသည် မအိပ်နိုင်သေး။ သာစည် ဘူတာ နံနက်ခင်းများ။ ရေမချိုးခဲ့ပါ။ ချိုးသထက် ညစ် မဖြစ်ချင်ပါ။ ဘူတာရုံအနီးက ရေဘုံပိုင်မှာ တပြားတချပ်မှ မကုန်ဘဲ အများနည်းတူ မျက်နှာသစ်ခဲ့။ ဖုံစ ဖုံနတွေ ပေကျန်နေတဲ့ ခြေထောက်ကို ရေမဆေးခဲ့ပါ။

ပုဂံဘုရားဖူး ခရီးစဉ်ကို မလိုက်ဖြစ်ခဲ့ပါ။ အိမ်ကပို့လိုက်သော ဘုရားဖူးခရီးစဉ်အတွက် ငွေစ ကြေးစ အချို့။ ကလောမြို့ ဂေါ်ရချို ဗျစ်ရည်ညများ။ အိမ်ပြန်လို့ မဖြစ်။ တံတားဦးအနီးက ရေကမိုး ကျေးလက်။ မန္တလေးကို တက်မယ်။ မယ်ဇယ်ပင်တန်းနဲ့ တောင်သမန်အင်းကို ဖြတ်သန်းခဲ့။ ထန်းရည်ခါးခါး ပင်ကျရည် တမြူ၊ နှစ်မြူ … ။ စစ်ကိုင်းက ဆက်သွယ်ရေး အလုပ်သမားဝင်း။ လက်ဘက်ရည်ဆိုင် နေ့ခင်း။ “မင်းတို့ နှစ်ယောက် မန္တလေးပြန်ဖို့ ခရီးစားရိတ်က ၁၀၀ ကျပ်ဆိုရင် လောက်မလား။ ဖြစ်တယ်။ ဒီကောင့် ဦးလေးတော်သူက မစိုးရိမ်တိုက်မှာ ကျောင်းထိုင်နေတယ်။

ဘုန်းဘုန်းဆီမှာ ပိုက်ဆံတောင်းမယ်။ ပြီးရင် ကျောင်းဖွင့်ချိန်လောက် ကလောကို ပြန်တက်မယ်။ မန္တလေးက ခြင်တွေ အရမ်းကိုက်တာပဲ။ ဘုန်းကြီးကျောင်းက ညနေစာ ဟင်းပေါင်းဟင်းလျာ။ ကျုံးပတ်ပတ်လည် လမ်းလျှောက်။ မန္တလေးတောင်။ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး ဘုရား။ ရွှေကျောင်း။ တရုတ်တန်း ညဈေး။ မန္တလေး ဘူတာကြီး။ ပန်းကမ္ဘာ စက်ဘီးကလေးပေါ်က မန္တလေးသူ ညိုပြာညက်။ ဘုရားကြီး။ နန်းတွင်း။ ဘုတ်တလုပ်ကန်။ ပန်းပဲမင်းကြီးရဲ့ ရေမြောင်းများ။ သာစည်။ မိတ္ထီလာ။ ယင်းထော် ကျေးလက်။

“ဘယ်လိုလဲကွ … မင်းတို့နှစ်ကောင် … မန္တလေး ဘုန်းကြီးကျောင်းသား ရနံ့တွေ သင်းလို့ပါလား … ခြင်ကိုက်ရာတွေကလည်း အပ်ဖျားချစရာမရှိ”

“ဘဲကြီး … အပိုတွေ စောကြောမနေနဲ့။ ထမင်းကျွေး။ ထမင်းဆာတယ်”

မနော်ဟရီဆန်၊ စိမ်းဖန့်ဖန့် ထမင်းကလေး နုနု၊ ကြက်ဥကျော်၊ ဝက်သားဟင်း၊ တမာဖူးသုတ်၊ ပိုးပလောက်ကျော်၊ ပဲကြီးဟင်းချို၊ ရွာလည်က ကြီးမလိမ္မာ လူပျိုကြီး ဂေဟာ၊ ကျောင်းဖွင့်တဲ့အထိ နေမယ်။ မနက်ကို လက်ဖက်ရည် တိုက်ပါ။ တနေ့ကို မနက်၊ ည ထမင်း နှစ်နပ်ကျွေးပါ။ ညကို ဗျစ်ရည်တိုက်ပါ။ ပြီးရင် ခင်ဗျားရဲ့အသံဝါဝါကြီးနဲ့ သီချင်းတွေ ဆိုပြပါ။ “ပြန်လာမယ် ငယ်ချစ်ဦးလေး ရှိရာ … လွမ်းရတဲ့စိတ်ကို ဖြေမပြေဘူးလေ … အညာမြေမှာ တမာတွေ သင်းပျံ့တဲ့အခါ … ကိုယ်လေ အပြေးလှမ်းခဲ့မှာ … အချစ်ရာ … ကိုယ်လာရင် တမာပင်တန်းကလေး ရှေ့မှာ … တူယှဉ်ကာလေ လက်တွဲကာ … ဘယ်လိုပင် နေပူစမ်းပါစေ … တို့အတွက်တော့ ရင်အေးစရာ …”

( ၂ ) 


မော်စကိုမှာ နွေဦးရှိပါသလား။ ကျူးဘားနွေဦးကရော ဘယ်လိုမျိုးပါလဲ။ ရုရှမှာ ဇာဘုရင် ရှိခဲ့တယ်။ ရက်စ်ပြူတင် ရှိခဲ့တယ်။ လီနင် ရှိခဲ့တယ်။ မက္ကဇင် ဂေါ်ကီး ရှိခဲ့တယ်။ မာယာကောဗ်စကီး ရှိခဲ့တယ်။ မဟာ အောက်တိုဘာ တော်လှန်ရေး ရှိခဲ့တယ်။ ကျူးဘားမှာ အာဏာရှင် ဘာတစ္စတာ ရှိခဲ့တယ်။ ကက်စထရို ရှိခဲ့တယ်။ အာဂျင်တီးနားက ဆရာဝန် တော်လှန်ရေးသမားကြီး ရှိခဲ့တယ်။ ယန်အန်မှာ မော်ရှိခဲ့တယ်။ ကနေဒါနိုင်ငံသား ဒေါက်တာ နော်မန်ဗက်သွန်း ရှိခဲ့တယ်။

၁၉၃၉ – ခုနှစ်၊ သီတင်းကျွတ် ကျောင်းပိတ်ရက်။ မင်းလတ် အညာဆန် သင်္ဘော။ ရန်ကုန် မှသည် မန္တလေး။ မန္တလေးမှသည် ရှမ်းပြည်နယ် လားရှိုးမြို့။ ထိုမှသည် တရုတ်ပြည် တော်လှန်ရေး နယ်မြေသို့ … ။ အခက်အခဲများ၊ အဟန့်အတားများ၊ အနှောက်အယှက်များ၊ လမ်းခုလတ် သိန္ဒီ …၊ ရှမ်းပြည် ပုဒ်မ – ၁၀။

“အဲဒီတော့ ဒီလို ငွေလရောင် မြူးခိုက်မှာ စိတ်ဟာ ကြည်လင်ရွှင်လန်းပြီး လီနင် ရေးတဲ့ ‘နိုင်ငံတော်၊ အစိုးရ နှင့် တော်လှန်ရေး’ အကြောင်းကို ဆွေးနွေးရအောင် …”
( ဒဂုန်တာရာ၏ ကိုဘဟိန်း သို့မဟုတ် ကဗျာ )

၁၉၃၉ နှင့် ၁၉၈၀၊ ၈၁၊ ၈၂၊ ၈၃ တို့သည် နှစ်ကာလအားဖြင့် အနှစ် ၄၀ ကျော် ကွာခြားခဲ့။ ၁၉၃၉ – ခုနှစ်က ရှမ်းပြည်သို့ အလည်သွားခဲ့သော သူငယ်ချင်းနှစ်ဦးနှင့် ၁၉၈၂၊ ၈၃ ခုနှစ်များဆီက ရှမ်းပြည်နယ် ကလောမှ မန္တလေးသို့ သွားခဲ့သော သူငယ်ချင်း နှစ်ယောက် …။

မျိုးဆက်ချင်း မတူ။ နှစ်ကာလချင်း မတူ။ ရင်ခုန်သံချင်း မတူ။ သမိုင်းခေတ်ချင်း မတူ။ ကျောင်းသား ဟူသည့် တန်ဖိုးအနှစ်သာရ ပြဌာန်းချက်ချင်းလည်း မတူ။

၁၉၃၉ – ခုနှစ်များဆီက သူငယ်ချင်းနှစ်ဦး၏ ခရီးရည်ရွယ်ချက်ကား ရင့်ကျက်တည်ငြိမ်မှု အပြည့်။ ဗဟုသုတ ဝမ်းစာ အပြည့်။ မျိုးဆက်သစ် သမိုင်း အမြော်အမြင် အပြည့်။ နိုင်ငံရေး ရပ်တည်ချက် အခိုင်အမာဖြင့် …။ သူတို့ နှစ်ဦး၏ ခရီးစဉ်ကား ဆောင်းကာလဆိုပေသည့် နွေဦး၏ နံနက်ခင်းတခုလို သာယာလျှက်။ လှပတင့်တယ်လျှက်။ လွမ်းမော ပီတိတို့ဖြင့် အတိပြီးလျှက်။ သူတို့ နှစ်ဦး၏ ခရီးစဉ်ကား နွေအရုဏ်ဦးနှယ် … ပတ္တားမြည်တို့ဖြင့် လိမ်းကျံလျှက် … ။ သမိုင်း ဝင်လျှက်။ သမိုင်းကို အလှပဆုံး ရေးခြယ်နိုင်ဖို့ ကြိုးစားခဲ့ …။

သူတို့နှစ်ဦး၏ ထိုခရီးစဉ်ကား ၁၉၈၈ ကာလရောက်မှ ပိုပြီး အသက်ဝင်ခဲ့။ ပိုလို့ ရုပ်လုံးကြွခဲ့။ ကလောမှ မန္တလေးသို့ လူပေ လူလွင့်သဖွယ် ခရီးသွား သူငယ်ချင်းနှစ်ယောက်သည် သူတို့ ၁၉၈၂၊ ၈၃ ကာလ သွားခဲ့သော ခရီးစဉ်အတွက် ခုမှ အရှက်ရနေခဲ့သည်။ သူတို့နှစ်ဦး၏ ခရီးစဉ်ကား လက်တွေ့ဘဝမှ ထွက်ပြေးချင်၊ ထွက်ပြေးခဲ့ကြသော ကလေကချေ ကျောင်းသားလူငယ်နှစ်ဦး၏ ခရီးစဉ်။

ဥသြငှက်၏ တေးသီသံက တောင်နံရံတွေကို ပဲ့တင်ထပ်ကာ သူ့ကို နွေဦး ရောက်ပြီဟု ပြောလာနေသည်။ အအေးဓာတ်ကလည်း ရုတ်ချည်းဆို လျော့သွားသည်။ သူ့အတွက်တော့ သူ့အရှက်ဖြင့် ထိုစဉ်က မန္တလေးခရီးစဉ်ကို ပြန်စဉ်းစားမိရင်း ရှက်ရွံ့ခံစားမှုများဖြင့် တဖန်ပြန်လည် သတိရလျှက်။ သူ့ အဖို့တော့ နွေဦးသည် ခပ်စိမ်းစိမ်းဖြစ်လျှက်။ ဒါပေသည့် နွေဦးကိုတော့ သူ မချစ်ဘဲ မနေနိုင်ပါ။ လွမ်းပါတယ် … မန္တလေးသားကြီး ကိုဘဟိန်း ( ကိုဗဟိန်း ) သို့ …။ ။

ကမာပုလဲ 
၁၇၊ ၂၊ ၂၀၁၃။
http://oothandar.blogspot.com/2013/02/blog-post_2196.html ကနေ ယူလိုက်တယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts