(မိုးမခ) ဧပြီ ၄၊ ၂၀၁၉
အခါတပါး ကလေးတယောက်သည် ပုံဆွဲလျက် တေးသီ၏။
သူ့တေးကို ငှက်ကလေး၊ ယုန်ကလေးနှင့် ရှဥ့်ကလေးတို့ကြားကာ မိတ်ဖွဲ့ဖြစ်ကြ၏။
“မင့်တေးကြားမှ ငါတို့ဟာ ပြေးခြင်း၊ ခုန်ခြင်းက ရပ်ဖို့ သတိရကြသကွာ” ဟု ယုန်နှင့် ရှဥ့်တို့ကဆိုသလို …
“အိုလူကလေး မင့်ရဲ့တေးကို နေရာအနှံ့ဃ ငါဆိုပြတိုင်း ပန်းကလေးတွေ ကွေးနေအောင်ကကြသကွဲ့” ဟု ငှက်ကလေးက ဝန်ခံသည်။
“မင့်သီချင်းတွေက အရင်ကလည်းမကြားဖူးခဲ့ အမြဲအသစ်လည်းဆိုနိုင်ရဲ့”
“အို အမြဲ ငါ့ကိုယ်ပိုင်တေးတွေပဲပေါ့ကွယ်”
ကလေးက နောက်တကြိမ် ပုံဆွဲတေးသီ ပြလေသည်။
ထိုအခိုက် လူကြီးတသိုက်မှာ စိုးရိမ်မျက်နှာများဖြင့် ပြေးလာပြီး
“အိုကလေးငဲ့ သင်သည် အချီးနှီးအမှုကို ပြုပါပေသည်။ ဤ အချိန်သည်ကား အင်္ဂလိပ်လို ပန်းသီးကို ဘယ်လိုခေါ်ကြောင်း သင်ယူရမည့် အခါတည်း” ဟု သငေါက်သငမ်း ပြုကြလေကုန်၏။
ကလေးလည်း လူကြီးတို့၏ အစေအမိန့်မျက်နှာများကိုမြင်သော် ထိတ်လန့်လျက် တေးသီပျက်ကာ ပုံဆွဲခြင်းအစား လူကြီးတို့ အလုအယက်ထည့်ပေးသမျှ သူ့ခေါင်းကလေးထဲ ဖိသိပ်ထိုးသွပ်ရရှာလေသည်။
======
သို့နှင့်
အချိန်ရ၍ ပုံဆွဲတေးသီမည်ကြံတိုင်း လူကြီးတို့ ဘဝင်မကျမျက်နှာများဖြင့် အပြေးရောက်လာမြဲ။
ကလေးလည်း လက်တွန့်၊ နှုတ်ဆွံ့ရမြဲ။
လူကြီးတို့ကား ဤသည်ကို မကြောင့်ကျ။
“(က + ခ) 2 = ဘာလဲဆိုတာမသိရင် မဖြစ်ဘူး”ဟု တဦးက ခြိမ်းခြောက်သလို ….
“သီအိုရမ်နဲ့ ကော်ရော်လာရီတွေတော့ အလွတ်ရပေ့စီ” ဟု တဦးကတိုက်တွန်း၏။
တဦးက “သက္ကရာဇ်တွေ နာနာမှတ်” ဟု အဆိုပြုသလို နောက်တဦးက “သစ် ကုဗပေတွက်နည်းပြမယ်၊ ကြည့်” ဟု ခိုင်းပြန် ၏။
======
တကြိမ်တွင် ကလေးပုံဆွဲနေသည်ကို ယုန်၊ ရှဥ့်နှင့် ငှက်ကလေးတို့ မြင်၏။
သို့သော် ထိုပုံမှာ အတင်းအကြပ်စေခိုင်း၍သာ မရွှင်မပြ ဆွဲနေရကြောင်း သူတို့မြင်သော် ခေါင်းရမ်းကြရုံသာ။
သို့နှင့် ကလေးသည် ညအမှောင် အိပ်ယာထဲ၌သာ တေးဆိုပုံဆွဲအမှုကို အသံတိတ်ပြုခွင့်ရတော့၏။
ထိုညတိုင်း ကလေးခေါင်းအုံးတို့ စိုစွတ်ရမြဲ။
====
သို့နှင့် ကလေးအိမ် ဧည့်ခန်းဝယ်ဆုတံဆိပ်နှင့် အောင်လက်မှတ်များ နေရာအနှံ့ရောက်လာသမျှ ကလေးဆွဲခဲ့သော ပန်းချီပုံ များကိုမူ အမှတ်မဲ့ ဖျောက်ဖျက်ပစ်လိုက်ကြလေပြီ။
သို့နှင့် ကလေးသည် ပြတင်းမှကြည့်နိုင်သည့်အရပ်အမောင်းကို ရလေပြီ။ ယခုကြည့်နိုင်သော်လည်း ကောင်းစွာမမြင် အထူး သဖြင့် ငယ်ချစ်၊ ငယ်ပေါင်းများကို သူမမြင်တော့ပြီ။
ယခုကလေး၏ခြေသည် လူကြီးဖိနပ်နှင့် အံဝင်ပြီဖြစ်သော်လည်း ယခင်ကလို ဖိနပ်သေးလေးစီးလျက် တိမ်တွေပေါ်၊ ကြယ် တွေကြား အလိုရှိရာလျောက်သွားခြင်းအမူ မပြုနိုင်တော့။
သူ့စကားကို ယခုအခါ လူအများကစောင့်နားထောင်ကြပါလျက် ငယ်စဉ် သူ့တေးကို သူငယ်ချင်းတွေ သြဘာပေးကြသည်နှင့် ခြားလေစွဟု မြည်တမ်းမိလေသည်။
ရံဖန်တွင် ကော်ဇောနီပေါ်နင်းလျက် ရံခါ၌ ဖုံကတ္တီပါမှာ ထိုင်လျက် ယခုလိုသူ အသံတိတ် ရေရွတ်မိပြန်၏။
“အလို…. ဘာမျှမလုပ်ဘဲနေခိုက်မှာ ကလေးဟာ လူကြီးထက်ဘုန်း၊ အစွမ်းကြီးပါကလား …. ….!!! ”
သူခေါင်းငိုက်စိုက် လှည့်လာစဉ်ကလေးတယောက် ပုံဆွဲရင်း သီချင်းညည်းသည်ကိုမြင်သည်တွင် သူအပြေးသွား ဒူးထောက် ခိုက်လူကြီးများ စိုးရိမ်တကြီးဝိုင်းလာပြီးကလေးအား…“အင်္ဂလိပ်လို ပန်းသီးကိုဘယ်လိုခေါ်တယ်ဆိုတာ ယခုပင် သင်ရမည် ဖြစ်ကြောင်း” ကြိမ်းမောင်းသည်နှင့် ကြုံရလေတော့သတည်း။
မင်းကိုနိုင်