ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ရွှေ့လျားကုသိုလ်ဖြစ်ဆေးခန်း

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃

နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း၏ နယ်လှည့်ဆေးကုသမှု အစီအစဉ် အား ၁၂.၂.၂ဝ၁၃ (ပြည်ထောင်စုနေ့)တွင် စတင်အကောင်အတည်ဖော် ဆောင်ရွက်ခဲ့သည်။ သုခကုသိုလ် ဖြစ်ဆေးခန်း(ရန်ကုန်)၌ ကုသိုလ်ဖြစ်ပေးဆပ်လျှက်ရှိသော ဒေါက်တာ ရွှေထွဏ်း၊ ဒေါက်တာမြင့်သောင်း၊ ဒေါက်တာနေလင်းဟန် တို့နှင့်အတူ ဆေးတက္ကသိုလ်ကျောင်းသားများဖြစ်ကြသော ကိုတိုးဝင်းအောင်၊ ကိုဇင်မျိုးထွန်းတို့မှ ဦးဆောင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ ဒေါ်မိုးမိုးကြည်နှင့် အလုပ်အမှုဆောင် များ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်  ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်မြို့နယ်၊ သောင်ကြီး ကျေးရွာသို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီး၊ ရွှေစင်စကြာ အဆင့်မြင့်မော်တော်ယာဉ်လိုင်းမှ အကူအညီ ပေးသည့် Super Custom ယာဉ်တစ်စီး၊ စုစုပေါင်း မော်တော်ယာဉ်နှစ်စီးဖြင့် နာရေးကူ ညီမှုအသင်း (ရန်ကုန်)မှ နံနက် (၅း၃ဝ) နာရီအချိန်တွင် ထွက်ခွာလာခဲ့ကြသည်။ နံနက် (၁ဝး၃ဝ) နာရီအချိန်ခန့်တွင် ကျုံပျော်မြို့ နယ်၊ သောင်ကြီးကျေးရွာရှိ မဟာပုညဘုရားကြီးကျောင်းဝင်းအတွင်း ယာယီဆေးခန်းဖွင့်လှစ် ထားသော သက်ကြီးရွယ်အို ကုသိုလ်ပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ကျေးရွာလူထုမှ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း ရောက်ရှိသည်နှင့်တပြိုင်နက် သောင်ကြီးကျေးရွာ အနီး ဝန်းကျင်ရှိ ကျေးရွာပေါင်း (၁၂) ရွာမှ လူနာ (၄ဝဝ) ကျော်ခန့်တို့လည်း ဆေးကုသမှုခံယူရန် စောင့်မျှော် လျက်ရှိကြပါသည်။ ထို့ကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်များအဖွဲ့သည် အနားယူချိန်မရှိဘဲ စမ်းသပ်ကုသမှုများနှင့်အတူ ငွေကျပ် (၁ဝ) သိန်းကျော်တန်ဖိုးရှိေ ဆေးဝါးထောက်ပံ့မှုများကို ပြုလုပ်ပေးခဲ့ သည်။ ဆေးခန်းလာရောက်ပြသရာတွင် အာဟာရပြတ်လပ်သူ အသက် (၅၈) နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးနှင့် အသက်ရှုလမ်းကြောင်းကျဉ်းမြောင်းပြီး လေဖြတ်ဝေဒနာခံစားနေရသော  အသက် (၈၅) နှစ် အရွယ် လူနာအဘိုးအိုအား ဆေးဝါးကုသမှု ခံယူစေပြီးနောက် သုခကုသိုလ်ဖြစ်ဆေးခန်း လူနာတင်ယာဉ် ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာရှိ သက်ကြီးရွယ်အို (ကုသိုလ်ပြု) ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့သည် ကျေးလက်ကျန်းမာရေးဆေး ခန်းကို အသုံးပြု၍ သောင်ကြီးကျေးရွာ အပါအဝင် အညာတန်း၊ မျှော့တူ၊ ဘုရားကလေးဆိပ်၊ ဗောဓိကုန်း၊ ဆင်နှစ်ကောင် အစရှိသော အနီးအနား ရွာငယ် (၁၂) ရွာမှ  ဝေဒနာရှင်များအား တစ်ပါတ်လျှင် တစ်ရက် (စနေနေ့တိုင်း) ကျေးလက်ကျန်းမာရေးမှူးများနှင့် ပူးပေါင်း၍ ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်မှာ (၇၂) ကြိမ်မြောက်ရှိပြီး အချိန်ကာလ တစ်နှစ် ကျော်ကြာမြင့်၍ တစ်ရက်လျှင် အနည်းဆုံးလူနာ (၁ဝဝ) ကျော်တို့အား ငွေကြေး ခုနှစ်သောင်းကျော် အကုန်အကျခံကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်အဖွဲ့ဖြစ် ပါသည်။ သောင်ကြီးကျေးရွာရှိ သက်ကြီးရွယ်အို (ကုသိုလ်ပြု) ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ ဦးဆောင်နာယလူကြီးများ ၊ ကော်မတီ ဝင်များနှင့် လူငယ်အဖွဲ့ဝင်များမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ၄င်းတို့ဒေသတွင် ဖြစ် ပွားလျက်ရှိသော မျက်စိနှင့်ပက် သက်သော ရောဂါများအပါအဝင် အခြားအထွေထွေရောဂါများအတွက် ဆေးဝါးကုသမှု ခံယူရန်လိုအပ်နေကြောင်း လာရောက်အကူအညီ တောင်းခံခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)မှလည်း အလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်နှင့် အထက်ပါဒေသသို့ သွားရောက်ကူညီရန် ဆုံးဖြတ်၍ ၁၂.၂.၂ဝ၁၃ (ပြည်ထောင်စုနေ့)တွင် သွာေးရာက်ကာ ဝေဒနာခံစားနေရ သော လူနာများအား သွားရောက် ပေးဆပ် ကူညီမှုများပြုလုပ်ခဲ့ပြီး ည (၇းဝဝ) နာရီအချိန်ခန့်မှ သောင်ကြီး ကျေးရွာမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ည (၁၁းဝဝ) နာရီအချိန်တွင် ပြန်ရောက်ရှိ လာခဲ့တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် အများပြည်သူတို့ လှူဒါန်းထား သော အလှူငွေတို့ဖြင့် အများပြည်သူ တို့အား ဆေးဝါးကုသပေးရာတွင် ရန်ကုန်မြို့ရှိ ရပ်ကွက်ဒေသ အသီးသီးတွင် နေထိုင်ကြသော ကျန်းမာရေးချို့တဲ့သူများအတွက်သာမက ယခုဆိုလျှင် (၆၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ ၁၂.၂.၂ဝ၁၃ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ ပြင်ပနေရာဒေသ အသီးသီးသို့ ဗြဟ္မစိုရ် ခြေလှမ်းတို့ဖြင့် ရွေ့လျား (အခမဲ့) ဆေးကုသမှုဟူသော မြင့်မြတ်လှသည့် “ဂီလာနပုဂ္ဂိုလ်တို့အား ပြုစု စောင့်ရှောက်ခြင်းသည် ငါဘုရားအား စောင့်ရှောက်ခြင်း မည်ပေ၏” ဟူသော မြတ်စွာဘုရားရှင်၏ ဆုံးမ သြဝါဒများကို လိုက်နာကျင့်သုံးလျှက် ရှိပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts