မှတ်စုမှတ်တမ်း သတင်းဆောင်းပါး

သမိုင်းလရာသီ ဖေဖေါ်ဝါရီ – Zawaree

သမိုင်းလရာသီ ဖေဖေါ်ဝါရီ

ဇာဝါရီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃

မြန်မာနိုင်ငံမှာ ပေါ်ပင်အနုပညာသမားများ နဲ့ ဘနဖူးသိုက်တူး စီးပွားရေးသမားများကြောင့် ဖေဖေါ်ဝါရီလ (၁၄) ရက် ချစ်သူများနေ့က သမိုင်းဝင်နေ့များကို ဖုံးလွှမ်းစပြုလာတာကို တွေ့နေရတယ်။ ယနေ့ လူငယ်လူရွယ်များအနေနဲ့ ဖေဖေါ်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့ နဲ့ ဖေဖေါ်ဝါရီလ (၁၃) ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ကလေးများနေ့) များကို မသိသလို မျက်ကွယ်ပြုနေကြပြီး တိုင်းခြားကဝင်လာတဲ့ (import) ချစ်သူများနေ့ကို ရေးကြီးခွင်ကျယ် လုပ်နေကြတာကို ဝမ်းနည်းစွာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမဟုတ်တဲ့ နေ့တနေ့က သမိုင်းဝင်နေ့များကို မှေးမှိန်အောင် လုပ်လာတာ မဖြစ်သင့်တဲ့အရာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအဖွဲ့အစည်းများ နဲ့ နိုင်ငံတော်အစိုးရတို့အနေနဲ့ သမိုင်းပညာရှင်များ၊ စာရေးဆရာများ၊ အနုပညာရှင်များနဲ့အတူ ဂုဏ်ပြုထိုက်သူ၊ ဂုဏ်ပြုသင့်တဲ့ သမိုင်းဝင်နေ့များကို တခမ်းတနား ဂုဏ်ပြုဖော်ထုတ် တင်ပြလုပ်ဆောင်သွားကြဖို့ တာဝန်ရှိပါတယ် (စကားချပ်)။

မြန်မာနိုင်ငံအတွင်းမှာ ဒီရက်လအတွင်း သမိုင်းဝင် ရက်ထူးရက်မြတ်များကို ဂုဏ်ပြုလုပ်ဆောင်နေကြချိန် တိုက်တိုက်ဆိုင်ဆိုင်ပဲ မိမိ ခိုလှုံနေရာ မွေးစားတိုင်းပြည် အမေရိကန်ပြည်ထောင်စုမှာလည်း ဖေဖေါ်ဝါရီလအတွင်း ဂုဏ်ပြုကျင်းပကြတဲ့ သမိုင်းဝင်နေ့ရက်များကို  အကြောင်းစုံတိုက်ဆိုင်လို့ ဒီဆောင်းပါးရေးပြီး တင်ပြလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဖေဖေါ်ဝါရီလ တတိယပတ် တနင်္လာနေ့ (ဒီနှစ် ၂၀၁၃ မှာ ဖေဖေါ်ဝါရီလ ၁၈ ရက်) မှာ ကျရောက်တဲ့ နိုင်ငံတော်သမ္မတများနေ့ကို နိုင်ငံနဲ့အဝှမ်း ဂုဏ်ပြုကျင်းပကြဖို့ စီစဉ်လုပ်ဆောင်နေကြပါတယ်။ အစောကာလပိုင်းမှာ သမ္မတများနေ့ (Presidents’ Day) လို့ မခေါ်ဝေါ်ဘဲ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့မှာ မွေးဖွါးတဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးဖခင်ကြီး ပထမဦးဆုံး သမ္မတကြီး ဗိုလ်ချုပ်ကြီး ဂျော့ခ်ျ ဝါရှင်တန် (General George Washington) ကို ဂုဏ်ပြုကျင်းပတဲ့ ဂျော့ခ်ျ ဝါရှင်တန် မွေးနေ့ရက် ဖြစ်တယ်။နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့  (၁၆) ယောက်မြောက် သမ္မတဖြစ်လာတဲ့ အယ်လ်ဘဟန် လင်ကွန်း (Abraham Lincoln) ကလည်း ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ မွေးဖွါးခဲ့သူဖြစ်တော့ သူ့မွေးနေ့ကိုလည်း ဂုဏ်ပြုသင့်တယ်လို့ အဆိုပြုခဲ့မှုတွေကြောင့် သမ္မတတွေရဲ့  မွေးနေ့တွေကို တစ်ရက်စီခွဲခြား မလုပ်ကြဘဲ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အားလုံးသော သမ္မတများကို ဂုဏ်ပြုသင့်တယ်လို့ ပြင်ဆင်ပြဋ္ဌာန်းပြီး နှစ်စဉ် ဖေဖေါ်ဝါရီလရဲ့  တတိယပတ် တနင်္လာနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး သမ္မတများအားလုံးကို ဂုဏ်ပြုတဲ့နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြခြင်းဖြစ်တယ် (တချို့ ပြည်နယ်များမှာတော့ သူတို့ပြည်နယ်ဒေသမှာ မွေးဖွားခဲ့တဲ့ သမ္မတများကို သီးသန့်ဂုဏ်ပြုတဲ့ သမ္မတမွေးနေ့ပွဲများ ရှိကြပါတယ်)။

သမ္မတများနေ့နဲ့အတူ ဖေဖေါ်ဝါရီလရဲ့  ထူးခြားချက်ကတော့ ဒီလကို ရွေးချယ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့  အာဖရိကန်-အမေရိကန် (လူမည်း) မျိုးနွယ်များကို ဂုဏ်ပြုတဲ့ သမိုင်းလလို့ သတ်မှတ်ခဲ့ခြင်းဖြစ်တယ်။ ဘာကြောင့် ဒီလကို ရွေးချယ်ပြီးတော့  အာဖရိကန်-အမေရိကန် (လူမည်း) သမိုင်းလ (African-American/Black History) လို့ သတ်မှတ်ရသလဲလို့ မေးစရာရှိလာတယ်။

ဒီနေရာမှာ ကြားဖြတ်ပြောစရာရှိတာကတော့ အများစု မှတ်မိကြပါလိမ့်မယ် – လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကာလ ဇန်နဝါရီလ (၂၁) ရက်နေ့မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့  ပထမဦးဆုံး လူမည်းသမ္မတဖြစ်တဲ့ ဘာရက် အိုဘားမား (Barack Obama) ရဲ့  ဒုတိယ သမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲနေ့ဟာ လူ့အခွင်အရေးနဲ့ အသားအရောင် ခွဲခြားဆက်ဆံမှုကို အကြမ်းမဖက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ ငြိမ်းချမ်းရေးသမားကြီး၊ လူမည်းများရဲ့  လွတ်လပ်ရေးဖခင်ကြီးလို့ မှတ်ကျောက်တင်ခံရသူ ဒေါက်တာ မာတင်လူသားကင် ဂျူနီယာ (Dr. Martin Luther King Jr.) ရဲ့  မွေးနေ့ဖြစ်တယ် (ဒေါက်တာကင်းအကြောင်း ဂုဏ်ပြုထိုက်သူ လူသားတဦး အမည်နဲ့ မိုးမခစာစဉ်မှာ ရေးသားခဲ့တယ်)။ အများစုမှာ သမ္မတ အိုဘားမားရဲ့  ဒုတိယအကြိမ် သမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲကို အာရုံစိုက်နေကြတာနဲ့ ဒေါက်တာကင်း မွေးနေ့ကို အမှတ်မရ ဖြစ်ခဲ့ကြပါလိမ့်မယ်။

ဖေဖေါ်ဝါရီဖွား နိုင်ငံတော် လွတ်လပ်ရေးဖခင်ကြီး သမ္မတကြီး ဂျော့ခ်ျ ဝါရှင်တန် နဲ့ အယ်လ်ဘဟန် လင်ကွန်းတို့ မွေးနေ့များကြောင့် ဖေဖေါ်ဝါရီလအတွင်းမှာ သမ္မတများမွေးနေ့ကို သတ်မှတ်ကျင်းပသလို၊ လူမည်းအာဇာနည် ဒေါက်တာကင်း မွေးနေ့ကျရောက်တဲ့ ဇန်နဝါရီလကို အာဖရိကန်-အမေရိကန် (လူမည်း) များ သမိုင်းလလို့ ဘာကြောင့် မသတ်မှတ်ဘဲ ဖေဖေါ်ဝါရီလကို ရွေးချယ်သတ်မှတ်ထားခဲ့သလဲဆိုတော့ ဒီရက်ဖြစ်တည်ခဲ့တာ ဒေါက်တာကင်း မမွေးခင်၊ ၁၉၂၆ ခုနှစ်ကဖြစ်ပြီး လူမည်းသမိုင်းပညာရှင် ဒေါက်တာ ကာတာ ဝုဒ်ဆန် (Dr. Carter Woodson) နဲ့ နီဂရို ဘဝ နဲ့ သမိုင်းလေ့လာရေးအဖွဲ့ (Association for the Study of Negro Life and History) တို့က ဖေဖေါ်ဝါရီလ ဒုတိယပတ်ကို အာဖရိကန်-အမေရိကန် သမိုင်းရက်သတ္တပတ်အဖြစ် သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

သူတို့ ဒီရက်ကာလကို ဘာကြောင့် ရွေးချယ်သတ်မှတ်ကြသလဲဆိုတော့ အမေရိကတိုက် နယ်မြေသစ်ကို ဥရောပတိုက်မှ လူဖြူများ စတင်အခြေချလာချိန် ၁၅၀၀ ခုနှစ်ကတည်းက သူတို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ လူမည်းကျေးကျွန်များကို နှစ်ပေါင်းများစွာ မျိုးရိုးစဉ်ဆက် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်အုပ်ချုပ်ကာ၊ လူသားချင်း ခွဲခြားဆက်ဆံမှုများကို လုပ်ဆောင်ခဲ့ကြတယ်။ ဒီလို ကျေးကျွန်ပြုဘဝမှ လွတ်မြောက်အောင် လူမည်းကျေးကျွန်တချို့  စတင်ပုန်ကန်တော်လှန်ကြပြီး ခေတ်အဆက်ဆက် တော်လှန်ပုန်ကန်ခြားနားသူများစွာ ပေါ်ထွန်းခဲ့တယ်။

အဲဒီလို ကျေးကျွန်စနစ် ဖျက်သိမ်းရေးကို တော်လှန်ပုန်ကန်ခဲ့တဲ့ လူမည်းအာဇာနည် သူရဲကောင်း ခေါင်းဆောင်များအနက် ထင်ရှာသူ တဦးကတော့ ကျေးကျွန်မိသားစုမှ မွေးဖွားလာသူခဲ့သူဖြစ်ပြီး အရွယ်ရောက်ချိန်မှာ ထွက်ပြေးလွတ်မြောက်ပြီး မိမိအစွမ်းအစနဲ့ ပညာရှာဖွေပြီး သတင်းစာဆရာ၊ တရားဟောဆရာ၊ အတွေးအခေါ်ပညာရှင်ဖြစ်လာသူ၊ အမေရိကန် တောင်-မြောက် ပြည်တွင်းစစ်ကာလအတွင်း တောင်ပိုင်းဒေသ လူမည်းကို ပြည်ထောင်စု (Union Army) စစ်တပ်ထဲ ဝင်ရောက်တာဝန် ထမ်းဆောင်ခွင့်ပေးပြီး စစ်ပြီးတဲ့အခါ ကျေးကျွန်အဖြစ်မှ လွတ်မြောက်ဖို့ သမ္မတလင်ကွန်းကို တိုက်တွန်းအကြံပြုခဲ့သူ၊ နောက်ပိုင်း သမ္မတကြီးလင်ကွန်းရဲ့  ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဖြစ်လာခဲ့သူ ဖရက်ဒရစ်ခ် ဒေါက်ဂလပ်စ် (Frederick Douglass, ဖေဖေါ်ဝါရီလ ၁၈၁၈) မွေးနေ့ နဲ့ ငယ်စဉ်တကည်းက လူမဆန်တဲ့ ကျေးကျွန်စနစ်ကို စက်ဆုပ်ရွံရှာခဲ့သူ အကျိုးဆောင်ရှေ့ နေ၊ သမ္မတဖြစ်လာခဲ့ပြီးနောက် ကျေးကျွန်စနစ် ဆက်လက်ရှင်သန်နေတဲ့ တောင်ပိုင်းဒေသများ ကျေးကျွန်စနစ် ဖျက်သိမ်းရေးကို စစ်ရေး၊ နိုင်ငံရေးနဲ့ ဖြေရှင်းပြီး သမ္မတအာဏာနဲ့ ကျေးကျွန်များ လွတ်မြောက်ရေး (Emancipation Proclamation) ကို ရဲရဲဝံ့ဝံ့ ဥပဒေပြဌာန်းခဲ့သူ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ဖွား သမ္မတကြီး အယ်လ်ဘဟန် လင်ကွန်း (၁၈၆၁-၁၈၆၅) တို့ကို ရည်စူးဂုဏ်ပြုပြီး အာဖရိကန်-အမေရိကန် (လူမည်း) များ သမိုင်းလအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်တယ်။

၁၉၆၉ ခုနှစ်မှာ ကန့်ပြည်နယ် တက္ကသိုလ် (Kent State University) လူမည်းကျောင်းသားများ ညီညွှတ်ရေးအဖွဲ့ ခေါင်းဆောင်များက ရက်သတ္တပတ်တစ်ပတ်အစား ဖေဖေါ်ဝါရီလ တစ်လလုံးကို အာဖရိကန်-အမေရိကန် (လူမည်း) သမိုင်းလအဖြစ် ဂုဏ်ပြုကျင်းပရန် အဆိုပြပြီးနောက် အဲဒီ ကန့်ပြည်နယ်တက္ကသိုလ်မှာပဲ ၁၉၇၀ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် ဖေဖေါ်ဝါရီလတစ်လလုံးကို အာဖရိကန်-အမေရိကန် (လူမည်း) များ သမိုင်းလအဖြစ် ကျင်းပခဲ့တယ်။ ဖယ်ဒရယ်အစိုးရကလည်း ၁၉၇၆ ခုနှစ်မှာ လူမည်းခေါင်းဆောင်များရဲ့  တောင်းဆိုချက်ကို လိုက်လျောခဲ့ပြီး၊ နိုင်ငံသမိုင်းမှာ အကျည်းတန်ခဲ့တဲ့ ကျေကျွန်းစနစ်၊ အာဖရိကန်-အမေရိကန် (လူမည်း) တို့ရဲ့  လူ့အခွင့်အရေး၊ တန်းတူရည်တူ အခွင့်အရေးရရှိရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံရေးစနစ် ဖျက်သိမ်းရေးစတဲ့ သမိုင်းဝင် လှုပ်ရှားမှုများနဲ့အတူ ယဉ်ကျေးမှု၊ အနုပညာ၊ လူနေမှုဘဝ၊ တိုးတက်အောင်မြင်မှုများကို မှတ်တမ်းတင် ဂုဏ်ပြုလုပ်ဆောင်သွားဖို့ကို တရားဝင် အတည်ပြု ပြဋ္ဌာန်းခဲ့တယ်။ အခုဆိုရင် အစိုးရရုံးဌာနများနဲ့ ကျောင်းများမှာ နံရံကပ်ပိုစတာများ၊ မှတ်တမ်းဓါတ်ပုံများ ခင်ကျင်းပြသခြင်း၊ မှတ်တမ်းရုပ်ရှင်များ၊ ဟောပြောပွဲများနဲ့ Black History Month အဖြစ် ဂုဏ်ပြုကျင်းပကြတာကို တွေ့မြင်နိုင်တယ်။

ဒီလို နှစ်ပေါင်းရာကျော် လူမည်းမျိုးနွယ်၊ မျိုးဆက်အဆက်ဆက်တို့ နည်းမျိုးစုံနဲ့ ကျေးကျွန်စနစ် ဖျက်သိမ်းရေး၊ လူမျိုး (အသားအရောင်) ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ တန်းတူရည်တူ အခွင့်အရေးများ ရရှိရေး၊ မဲပေးခွင့်၊ တူညီတဲ့ ရာထူးအခွင့်အရေးများ ရရှိရေးစတဲ့ လူသားတစ်ဦး ရသင့်ရထိုက် အခွင့်အရေးများကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြပြီး နောက်ဆုံးတော့  ဒေါက်တာ မာတင်လူသားကင်ရဲ့  ထင်ရှားတဲ့ မိန့်ခွန်း “ကျနော့် (မှာ) အိပ်မက်တစ်ခု မက် (ရှိ) တယ် – I have a dream”

I have a dream that one day on the red hills of Georgia, the sons of former slaves and the sons of former slave owners will be able to sit down together at the table of brotherhood.

တစ်နေ့ကျရင် ဂျော်ဂျီယာ တောင်တန်းနီများပေါ်က ကျေးကျွန်ဟောင်းများရဲ့  သားသမီးတွေနဲ့ ကျေးကျွန်ပိုင်ရှင်ဟောင်းများရဲ့  သားသမီးတွေ ညီအကိုရင်ပမာ အတူယှဉ်တွဲနေထိုင်သွားကြမယ်လို့ ကျနော် အိပ်မက်မက်ပြီး မြင်ယောင်နေမိတယ်။

သူ့ရဲ့ မျှော်လင့်ချက် အိပ်မက်အတိုင်း ရက်စက်ကြမ်းကြုတ်လှတဲ့ ကျေးကျွန်စနစ် နဲ့ လူမျိုး (အသားအရောင်) ခွဲခြားဆက်ဆံမှု စနစ်ဆိုးကြီးလည်း (၁၉၇၀ နောက်ပိုင်းမှာ) တရားဝင်ပျက်သုဉ်း ပျောက်ကွယ်သွားခဲ့ပြီး လူမည်းမျိုးနွယ်များနဲ့ တခြား အသားအရောင် မတူကွဲပြားသူများအနေနဲ့ လူဖြူများနဲ့ တန်းတူရည်တူ ပညာသင်ကြားခွင့်၊ မဲပေးခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်များ ရရှိခဲ့သလို၊ အားကစားပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ခွင့်၊ အနုပညာ (ရုပ်ရှင်) ဖြေဖျော်မှုများမှာလည်း အဓိက ဇာတ်လိုက် မင်းသားမင်းသမီးအခန်းမှ ပါဝင်ခွင့်၊ လွတ်လပ်စွာ သီဆိုဖျော်ဖြေခွင့်စတဲ့ အခြေခံအခွင့်အရေးများလည်း ရရှိခဲ့ပြီး အခုဆိုရင် ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာတတ် (ရှင်) များ၊ အားကစားသမားများ၊ အနုပညာရှင်များကို နေရာဒေသ၊ ဌာနအသီးသီးမှာ တွေ့မြင်နိုင်တယ်။

အကျဉ်းချုပ်အားဖြင့် အာဖရိကန်-အမေရိကန် လူမည်းမျိုးနွယ်ထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံရေးအာဏာ အမြင့်ဆုံးရာထူးများကို ဦးစွာပထမ (ရွေးချယ်ခံ) ရရှိခဲ့ကြသူများအနက် ထင်ရှားကြသူများမှာ နိုင်ငံတော်တရားသူကြီးချုပ် ဖြစ်လာသူ Thurgood Marshall, အောက်လွှတ်တော်အမတ်  Shirley Chisholm နဲ့ အထက်လွှတ်တော်အမတ် Carol Mosely Braun, စစ်ဦးစီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီး Colin Powell, နိုင်ငံခြားရေးဝန်ကြီး Condoleezza Rice, နဲ့ နောက်ဆုံးတော့ အမေရိကန်ပြည်ထောင်စုရဲ့  (၄၅) ယောက်မြောက် သမ္မတ ဖြစ်လာသူ ဘာရက် အိုဘားမား တို့ ဖြစ်ကြတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလအတွင်းမှာ ကျင်းပတဲ့ သမိုင်းဝင်နေ့များကို လူကိုယ်တိုင် ပါဝင်မဆင်နွှဲနိုင်ပေမယ့် အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုကျင်းပတဲ့ ဖေဖေါ်ဝါရီလ သမိုင်းဝင်နေ့ရက်များကို လေ့လာမှတ်သားရင် ဒီ ဆောင်းပါးလေးနဲ့  အာဖရိကန်-အမေရိကန် (လူမည်း) သမိုင်းနဲ့ အမေရိကန်သမ္မတများနေ့အကြောင်းကို မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။ မိတ်ဆွေများလည်း စိတ်ဝင်စား မှတ်သားဖွယ်ရာ သမိုင်းဝင်နေ့များအကြောင်းကို အချိန်ပေး လေ့လာကြဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

မှတ်ချက် ။ ။ လူမည်းများကို လူမည်း (black)၊ အာဖရို-အမေရိကန် (Afro-American)၊ အာဖရိကန်-အမေရိကန် (African-America) လို့ ခေါ်ဆိုခြင်းက လျော်ကန်သင့်မြတ်ပြီး၊ အစောပိုင်း အသားအရောင် ခွဲခြား၊ ကျေးကျွန်ကာလအတွင်း နာမ်နှိမ်ခေါ်ဆိုခဲ့တဲ့ နီဂရို (Negro)၊ နစ်ဂါ (Nigger) လို့ ခေါ်ဆိုခြင်း ရှောင်ကျဉ်းပါ။ ယခုအချိန်မှာ နီဂရို၊ နစ်ဂါလို့ ခေါ်ဆိုခြင်းကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူနိုင်သည်။

ဖတ်မှတ်လေ့လာသင့်တဲ့ စာအုပ်များ

       Joseph J. Ellis’s His Excellency: George Washington

       Doris Kearns Goodwin’s Team of Rivals: The Political Genius of Abraham Lincoln (Movie Lincoln)

       Carter G. Woodson’s The Negro in Our History and other writings

       Frederick Douglass’s Narrative of the Life of Frederick Douglas

       Brook T. Washington’s Up From Slavery

       Martin Luther King Jr.’ စာအုပ်များ

       Malcolm X’s The Autobiography of Malcolm X

       Toni Morrison’s Beloved

       Richard Wright’s Black Boy and Native Son

       Ralph Ellson’s Invisible Man

       Harriet Beecher Stowe’s Uncle Tom’s Cabin


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts