ရသဆောင်းပါးစုံ

ချစ်သော မေမေ ချစ်မေမေ

ဇေယျသုခ အရှင်နန္ဒဝံသ
ဇန်န၀ါရီ ၂၆၊ ၂၀၁၃
ဥသြ …ဥသြ…ဥသြ….

အရုဏ်ဦးရဲ့ အလင်းရောင် နဲ့ အတူ ပေါ်ထွက်လာလေ့ရှိတဲ့ ဒီ အသံလေးကို လူတိုင်းလိုလို ကြားဖူးနေကြမယ် ထင်ပါရဲ့နော်… နွေကြို တေးကို ဆိုလေ သလား ဆောင်းလွမ်းတွေးကို ဆိုညည်း သလား မတွေးတတ်ပေမဲ့ ငှက်ကလေးရဲ့ ဒီတေးသံကတော့ အလွမ်းဓါတ်ခံ ရင့်သန်သူရဲ့ နှလုံးသားကို ညို့ယူသွားသလိုလို ခံစားလိုက်ရပါတယ်..။

ဥသြ ဥသြ ဥသြ လို့ အခါခါ တွံသံပေးတတ်ပါတဲ့ ငှက်ကလေးရဲ့ ဒီတေးသံဟာ ခေတ္တ ခဏ မှာတော့ နားဝင်ပီယံ ဖြစ်သလို ခံစားလိုက်ရပါရဲ့ ။ ဒါပေမဲ့လည်းလေ.. ကြိမ်ဖန်များစွာ ကြားလာရတဲ့ အခါမှာတော့ အမေ ပျောက်လို့ အမေ ရှာပုံတော်ဖွင့်နေတဲ့ ကလေးတစ်ယောက်ရဲ့ ငိုသံလိုလို ခံစားရပြန်ပါတော့တယ်…။

အော် ဥသြ ငှက်လေးရယ် .. အမေ နဲ့ ဝေးပြီး တကိုယ်တည်း အထီးကျန်နေလို့ ဒီ အကျည်းတန် တေးကို ဟစ်ကြွေးနေတာ ဆိုရင်လဲ ဒို့ကို တလှည့်ပေးပါအုံးလို့ တောင်းဆိုပါရစေနော်… ဘာလို့ လဲ ဆိုတော့ ငါလဲ မင်းလိုပဲ အမေ ဝေးရာ ရောက်နေပြီး အမေကို တမ်းတ သတိရနေလို့ပေါ့ ဥသြလေးရယ် ..။

ဒီအတွေးလေးတွေ ဝင်လာချိန်မှာတော့ ဥသြငှက်လေးရဲ့ အသံ ကို လေးနက်စွာ အဓိပ္ပါယ်ဖေါ်တွေးထားတဲ့ ရှေးကဖတ်ခဲ့ဘူးတာလေးက ခေါင်းထဲမှာ အလည်ရောက်လာပါတော့တယ်။ ကျီးကန်းတစ်သားပေါက်တဲ့အခါ ဥသြတစ်ကောင် ပါဝင်ပါသတဲ့။ ဥကနေ အကောင်ဘဝ အရောက် ပေါက်ဖွားလာတဲ့အခါ ကျီးကန်းပေါက်စလေးတွေကတော့ သူတို့အမေကို အမေမှန်း သိပါသတဲ့..။ ဥသြလေးကတော့ ကျီး ကန်းနဲ့အသွင် သဏ္ဌာန်ချင်းတူပေမဲ့ အကောင်အရွယ်အစား ကွာခြားတာရယ်.. ဟစ်ကျွေးအော်ပြန် အသံကွားခြားတာရယ်ကြောင့် ကျီးမကြီးကို သူ့မိခင် မထင်နိုင်ပါဘူး တဲ့..။

ကျီးကန်းလေးတွေ အမိရင်ခွင်ထဲ ခိုလှုံနေချိန်မှာတော့ ဥသြငှက်လေးကတော့ အမေပျောက်လို့ လိုက်ရှာနေလေသတဲ့ လေ။ အဲ ဒီ ဥသြ ငှက်ကလေးရဲ့ မေရော အမေရော ဆိုတဲ့ မိခင်မေးတဲ့ စကားသံကို လူသားတို့ နားမှာတော့ ဥသြ ဥသြလို့ … ကြားကြတယ်လို့ မှတ်သားရဘူးပါတယ်။

ဘာပဲ ပြောပြော ဥသြငှက်ကလေးရဲ့ ဒီတေးသံဟာ သူ့ရင်ကို ခွဲပီးမှ ရင်ကွဲထွက်သလား ထင်မိပါရဲ့ နော် အနုပညာရှင်တွေက အမေ သီချင်းတွေကို ရင်ဘတ်နဲ့ ရင်းပြီး ဆိုသွားကြပါသတဲ့ … ဒီဥသြ ငှက်ကလေးရဲ့ အမေပျောက်တေး ဆိုဟန်ကိုသာ စင်တင်ခွင့် ရခဲ့ရင်… သူ့ရင်ကွဲသံလေးကိုများ အကယ်ဒမီ ပေးကြမလား လို့ တွေးမိပါရဲ့နော် ..။

စာရေးသူကတော့ ဥသြငှက်လေးရဲ့ အသံသာသာ တွန်ကျူးသံကို ကြားရလေတိုင်း အမေကို တမ်းတ သတိရစိတ်လဲ ပိုဖြစ်မိသလိုလိုပါပဲ

အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ ဥသြငှက်ကလေးသည်ပင် အမေကိုတမ်းတ အမေကို သတိရလို့ အမေပျောက်တေးကို အစဉ်အဆက် ဟစ်ကြွေးနေပါသေးရင် ကိုယ်လိုလူသား တစ်ယောက်အနေနဲ့ အမေ့ရုပ်သွင် နဲ့ တုနှိုင်းမမှီတဲ့ အမေ့ဂုဏ်ရည်ကို သတိရသင့်ပါကလားလို့လဲ တဆက်ထဲ တွေးမိလိုက်ပါရဲ့ ပေါ့…

အို စာရှူသူ… အမေ ရဲ့ အသက်နဲ့ ရင်းပြီးး လူလောကအတွင်း ချဉ်းနင်းရောက်လာခဲ့ကြရတဲ့ ဒို့တစ်တွေဟာ အမေနဲ့ဝေးရာ ပြေးခွာနေနေကြရသော်မှ အမေ့မေတ္တာ ငွေလမင်းနဲ့ မကင်းနိုင်တာကို စဉ်းစားကြည့်သင့်ကြတယ်နော်… အနေဝေး ပေမဲ့ သားသမီးတို့ နဲ့ ဝေးဝေး မနေတတ်ကြတဲ့ အမေ့ရုပ်လွှာ မှာ အမေ့မေတ္တာကို ရှာကြည့်တတ်ရင် အဝေးကပင် မြင်နိုင်တာပဲ မဟုတ်လား ..။

စာရေးသူကတော့ ဆောင်းလေအေးထက် ဆ ..ရာပြန်တက်အောင် အေးလှပါတဲ့ အမေ့မေတ္တာကို… ဆီးနှင်းမြူတိမ် သူရိန် မီးခိုး ညစ်မျိုးမထင် ထက်ကောင်းကင်မှာ သာချင်တိုင်းသာနေတဲ့ လစန္ဒာရဲ့ အလင်းရောင်နဲ့ နှိုင်းယှဉ်ပြီး အမေဂုဏ်ရည်တွေကို ပို တွေးတတ်နေပြီလေ

အမေရေ..ဥသြလေးရဲ့ တွန်သံကို ဗဟိုလ်ပြုလို့ အတွေးထုမှ စိုးမိုလာတဲ့ အမေနဲ့ အမေ့ကျေးဖူး ..ဘယ်လိုပင် ဘယ်အရာတွေနဲ့ နှိုင်းယှဉ်ရေးနေဦးတော့ ကုန်နိုင်မယ် မထင်ဘူးအမေ ..ဒါကြောင့် အတွေးလေးကို ဒီမှာ ရပ်ပြီး ပြာသိုလ်လပြည့် အမေနေ့မှာ အဝေး က အမေ ၊ အတွေးထဲ က အမေ ၊ သွေးထဲက အမေ ၊အမေ လို အမေ ၊ အမေ နဲ့တူသော အမေ … အားလုံးသော မေမေတွေ ကျန်းမာ ပါစေ ချမ်းသာပါစေလို့ ဆန္ဒချွေဆုတောင်းလိုက်ပါတော့တယ် အမေ…။

အမေ့ မေတ္တာ..၊ပန်းရွှေကြာနှင့် ၊ပမာ နှိုင်းဆို ၊မပြောလိုဘူး ၊ထိုပန်း နေမှာ ၊ နွမ်းတတ်လို့…
အမေ့မေတ္တာ ၊စမ်းရေပြာ နှင့် ၊ ပမာနှိုင်းဆို ၊မပြောလိုဘူး ၊ ထိုစမ်း နွေမှာ ခမ်းတတ်လို့..
အမေ မေတ္တာ ၊စန်းစန္ဒာနှင့် ၊ပမာနှိုင်းဆို ၊ မပြောလိုဘူး…၊ထိုစန်း တိမ်လွှာ ဖုံးတတ်လို့…
နှိုင်း တု မမြင် ၊… မြတ်မိခင်ကို ၊ကျွန်လျှင်မြတ်နိုး ၊လက်စုံမိုး၍ ၊ ရှိခိုးကန်တော့လိုက်ပါသည် အမေ….

ပြာသိုလ်လပြည့် အမေနေ့ အမှတ်တရ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts