ကဗျာ

ဂန္ဓဝင်ဟောင်းကို မှော်သွင်းခြင်း

ကျော်ဟုန်း
ဇန်န၀ါရီ ၂၆၊ ၂၀၁၃
ဘဝပြဋ္ဌာန်းချက်က
သုံညဒီဂရီအောက်မှာတဲ့လား
ရည်မှန်းချက်ရဲ့ ကွန့် မြူးရာက
အပေါင်း တရာ အထက်မှာတဲ့လား
ကဲ့ရဲ့စော မေးငေါ့ကြသူများ သိဖို့ 
ခါချဉ်ကောင်ရဲ့ခါး
သေးငယ် ကျစ်လှီလှပေမယ့်
တောင်ကြီးတော့ မဖြိုနိုင်
တောင်သားကိုတော့ ခွင်း
သူ စွမ်းကမျှ ထွင်းဖောက်နိုင်တယ်၊

သူငယ်ချင်း မင်းဟာ ဇ ရှိတဲ့သူ၊
သူငယ်ချင်း မင်းဟာ ဇွဲပဲထပ်ဖြည့်
သူငယ်ချင်း မင်းဟာ ဇောင်းထက်ဓါးတလက်၊

ခုတော့ကွာ
အတိတ်ကို စမြုံ့ ပြန်
အသစ်တွေ ထပ်မချဲ့ 
သမိုင်းမကွေးချင်လဲ အိပ်နေသူ၊

ပင်ကိုယ် ယုန်လိုအစွမ်းရှိလဲ
ပုံပြင်ထဲက ယုန် (တန့် နေသူက)
နှေးပေမယ့် သူစွမ်းသလောက်
ဆက်ပြေးဆဲ လိပ်ကို ခနဲ့ 
ရွှေထီးဆောင်းအတိတ် ရွှေရည်စိမ်ဘဝနဲ့ 
အစစ်က အတုလိုဖြစ်နေကြ၊

ပုံပြင်ထဲက ယုန်နဲ့ လိပ်ပြိုင်ပွဲ
လိပ်နိုင်သွားတာ ဘာ့ကြောင့်
သင်ခန်းစာယူတတ်ကြ၊

ဘယ်လောက်စွမ်း စွမ်း
သုံညနဲ့ မြှောက်မိရင်
တန့် နေသူရဲ့အစွမ်း
ရွှေရောင်လက်နေ့ များ မပိုင်နိုင်၊

အတိတ်တွေစွမ်းခဲ့သမျှ
မဏ္ဍာပ်တိုင်ထိပ် ချိတ်ဖို့ ကြံနေ
အိပ်နေတဲ့ ယုန်ကို
လိပ်ကလဲ ရယ်နေမယ်
ခါချဉ်ကလဲ ရယ်မှာပဲ၊

မှတ်ထား
လောကပြိုင်ပွဲဆိုတာ
လောကထက်ကျယ်တယ်
လောကသားထက် မငယ်ဘူး
ကိုယ်သိ ကိုယ်ရှိထားသမျှလေးနဲ့ 
ကိုယ့်ထက်နိမ့်သူနဲ့ ပြိုင် ယှဉ်
ဘဝင်လေဟပ်နေရင်
အရှင်လတ်လတ် သေခြင်းပဲ၊

တော်လှန်ရေးဆိုတာ
ကိုယ့်ထက်အဆသာသူကို ယှဉ်ရဲခြင်း
ရှင်ရင်းနဲ့  ရှင်ခြင်းတွေအတွက်
တန့် မနေနဲ့  ဆက်လုပ်
မသေသရွေ့  ဆက်လုပ်၊

လောကဘဝရဲ့ အရာရာတွေမှာ
တာဝန်သိသူဆိုတာ
ဘယ်သူမှ ခိုင်းစရာ မလိုဘူး
သမိုင်းပေးတာဝန်ဆိုတာ
ဘယ်သူမှ မခိုင်းဘူး
ကိုယ့်အသိနဲ့ ကိုယ်လုပ်
ပုံပြင်ထဲက ယုန် မဖြစ်စေနဲ့ 
သံပတ်ရုပ် မဖြစ်စေနဲ့ 
စက္ကူကျား မဖြစ်စေနဲ့ ။       ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts