ရသဆောင်းပါးစုံ

မိုးပေါ်ထောင်မပစ်ဖူး

ပြေ (ဆေး – ၂)
ဇန်န၀ါရီ ၂၆၊ ၂၀၁၃
 (၁)

ဒီရက်ပိုင်းညူးရီးယားကစလိုက်တဲ့ ဗျစ်ရည်စုတ်တဲ့ အကျင့်က ၂ပတ်လောက်အသားကျနေတယ်။ဗျစ်ရည်မမြုံတာ ၅လာရှိပြီမို့ ပိုခံတွင်း လိုက်နေသလားမပြောတတ်။ ဒီလိုနဲ့တနေ့တော့ ကိုယ်ရယ် ၀တ်္ထုတိုရေးတဲ့ကိုဆန်းလင်းရယ် အုတ်သဲကျောက်ကုန်သည်လေး တယောက်ရယ် ဧရာရွှေတောင်မှာ  လေဖော်နေမိကြတယ်လေ။ ဒီလိုနဲ့ အကယ်ဒီပေးပွဲအကြောင်း ရောက်သွားတယ်။အကယ်ဒမီရတဲ့သူကို ကိုလူချောတသိုက်ကအစိမ်းရောင်ဝတ်စုံတွေနဲ့ ဦးထုပ်တွေနဲ့ တရားခံဖမ်းလာသလိုခေါ်လာ၊ကင်မရာမင်းတွေက ထန်းညက်ခဲ ပုရွက် ဆိတ်တွေ အုံခဲပြီး သယ်သွားသလို ပြုံလိုက်နေပုံကိုပြောပြနေမိတယ်။ ဇာဂနာကပြောသွားပါသေးတယ် မူစယ်လာတုန်းကလေ။ ဒီနှစ် အကယ်ဒမီပွဲကို အော်စကာပွဲလိုလုပ်ထားတယ်တဲ့။ အော်စကာပွဲမှာ ကင်မရာမင်းတွေက အခုလို ပြုံမ်လိုက်ကြပါဘူးနော်။

နောက်ကိုယ်က မြန်မာ့အသံမြက်ခင်းပြင်မှာ လုပ်တဲ့ အကယ်ဒမီပွဲကိုတက်ဖူးတဲ့အကြောင်းပြောပြနေမိတယ်။ နောက် တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှု ကဇာတ်ရုံကိုရောက်သွားတယ်။ ဒါနဲ့ မှတ်မှတ်ရရ ရုပ်ရှင်စိန်ရတုပွဲအကြောင်းပြောပြနေမိတယ်။ ဒီပွဲလုပ်တဲ့အချိန်မှာ ကိုယ်က ပိုင်သ၊ဒီနေ၊အောင်ဝေးတို့နဲ့ပေါင်းပြီး ပန်းဆိုးတန်းဟော်လီးဝုဒ်အကြောင်း ပြောပြနေမိတယ်။ အဲဒီတုန်းက လုပ်ချင်တာတွေ လျှောက်လုပ်နေတဲ့ အပျော်ဆုံးကာလတွေလို့ဆိုရင်မမှားဘူး ။ ဇာတ်ညွှန်လေးရေးလိုက်၊ ဇာတ်လမ်းလေးရေးလိုက် ပိုင်သနဲ့ တွဲ ရိုက်လိုက်နဲ့ပေါ့။အောင်ဝေးလည်းပါတယ်။ အဲဒီစိန်ရတုပွဲတော်နေ့က ကိုယ်ရယ် ဆရာမောင်သာရရယ်(ဒီတုန်းက ဆရာမောင်သာရကကိုယ်တို့တွေနဲ့ တအုပ်ကြီးလျှောက်လိုက်နေတာ၊အရက်ဆိုင်ရောပဲ ဆရာကတော့ အရက်မသောက်ပါဘူး အမြည်းစားသူကြီးပေါ့)ဇာတ်ညွှန်းရေးဆရာရှေ့နေကြီးမြမြင့်မိုရ်ရယ်၊အောင်ဝေးရယ်၊ပိုင်သရယ်၊နောက်ကဗျာဆရာတွေပါသေးတယ်။

မိုင်ဒါကွင်းကရုပ်ရှင်ပွဲတော်ကနေ မြို့မကျောင်းလမ်းမှာရှိတဲ့ ယဉ်ကျေးမှု ကဇာတ်ရုံဆီချီတက်ကြတယ်။ ပွဲကစောနေသေးလို့ ရိုးရာမပျက် ကိုယ်တို့တတွေ ပွဲဈေးတန်းက အရက်ဆိုင်လေးမှာဝင်ထိုင်လိုက်ကြတယ်။ သိတဲ့အတိုင်းပဲလေ။ ဗျစ်ကြမ်းဝင်တော့ အားလုံးပေါက်ပေါက်မြောက်မြောက်ဖြစ်နေကြပြီ။ ဆရာမောင်သာရကတော့ ဇာတ်ရုံနောက်ဘက်ကနေ ၀င်ပြီင်္း ခဏနေတော့ ကိုယ်တို့ ၀ိုင်းထဲကနေထလစ်ပြီး ဆိုက်ကားနဲ့ ပြန်ချသွားတယ်။ ဆရာက ကန်တော်လေးလမ်း၉၀မှာနေတာ။မြမြင့်မိုရ်လည်း လစ်သွားတယ်။ ကိုယ်တို့တွေက မှန်ပြီး ဇာတ်ရုံနောက်ဘက်က၀င်တော့ ကိုပိုးဖြူကဆီးနှုတ်ဆက်တယ်။ဇာတ်ရုံ နောက်မှာ သရုပ်ဆောင်မယ့်လူတွေက ကိုယ့်အခန်းလေးတွေနဲ့ကိုယ်နေကြရတယ်။ ဒီထဲမှာ ကိုသန်းဖေလေးကတခန်းပေါ့ ။သူက ပြဇာတ်မကခင် ဆွဲနေတယ်။ မနက်ပိုင်းဆိုရင်ကိုယ်တို့ရဲ့ဖော်စတာဂိုဏ်းဝင်ပဲ။ ပန်းဆိုးတန်းဂုံးတံတားမဆောက်ခင်က လဘက်ရည်ဆိုင်ရဲ့ ပလက်ဖောင်းလေးမှာထိုင်ရင်း ဖော်စတာဗျစ်ရည်စုတ်ကြတာပေါ့။

အခုညကမယ့် ပြဇာတ်မှာ ကိုသန်းဖေလေးက ရွာသားတယောက်ပေါ့။ ကိုယ်တို့လည်း ကိုသန်းဖေလေးကြီးသရုပ်ဆောင်တာကို အားပေးဖို့ တီးဝိုင်းဆရာတွေ နေရာမှာ သွားထိုင်လိုက်ကြတယ်လေ။ ပွဲကကနေပါပြီ ။ကိုသန်းဖေလေးက သူ့အခန်းမရောက်သေးလို့သာ ဆွဲနေတာ။ ကိုယ်တို့လည်း အားလုံးပျော်ပျော်မြူးမြူးနဲ့စောင်ေ့နေလိုက်ကြတာပေါ့။ကိုသန်းဖေလေးက သူ့အခန်းလည်းရောက်ရော တဖက်ကရွာသားတွေနဲ့အတူပါလာတယ်။သူက ဟိုဘက်ကရွာသားတွေကို မင်းတို့သိမယ်ဆိုပြီး ပြန်သွားတယ်။ နောက်တခန်းကျတော့ ကိုသန်းဖေလေးကလက်ထဲ သေနတ်ကြီင်္းကိုင်ပြီး နောက်ကရွာသားတအုပ်နဲ့ ၀င်လာတယ်။ သူက ဒီသေနတ်ကို ရွာက ကာကွယ်ရေးတယောက်ဆီကနေငှားလာတာ။ဟိုဘက်ကရွာသားတွေလည်း လန့်သွားတာပေါ့ စကားတွေများရင်းကနေ ကိုသန်းဖေလေးက ဟေ့ကောင်တွေ မင်းတို့ကောင်တွေ ငါ့ကို ဘာမှတ်နေလဲကွ ဒီသေနတ်က ပစ်ရင် မိုးပေါ်ထောင်မပစ်ဖူးကွ မင်းတို့ ဖင်တည့်တည့်ကိုမှန်အောင်ပစ်မှာကွလို့အော်ထည့်လိုက်တယ်။ပရိသတ်က အုံးကနဲ ပွဲကျသွားတယ်။တဝေါဝေါပဲ ။ ဒီအချိန်မှာ နောက်မှ သိလိုက်ရတာက ပွဲလာကြည့်တဲ့အထဲမှာ ဗိုလ်ခင်ညွန့်ရှိနေတယ်လို့ ဆိုတယ်။ ဗိုလ်ခင်ညွန့်ကတောက်ခေါက်ပြီး ထထွက်သွားတယ်လို့လည်းပြောတယ်။ အဲဒီညပဲ ကိုသန်း ဖေ လေးလည်း ဇာတ်ရုံကနေပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ပန်းဆိုးတန်းလမ်းရောက်မလာတော့ဘူး။မော်စကိုရောက်သွားရှာတယ်။

(၂)
ကိုယ်တို့လည်း စိတ်တွေညစ် သောက်ထားတာလေးတွေလည်းပျောက်ကုန်ပြီ။ ဇာတ်ရုံအပြင်ဘက်ထွက်တော့လည်း ပွဲဈေးတန်းလေးမှာ ဆိုင်တွေက ပိတ်နေပြီ။ ပိုင်သက ဆိုက်ကားနဲ့ ၃၄လမ်းကိုပြန်သွားတယ်။ အောင်ဝေးက မြောက်ဒဂုံမှာနေတယ်။

ကိုယ်က စမ်းချောင်းပြန်ရင်ရပေမယ့် ဒီအချိန်ကြီးမပြန်ချင်တော့တာမို့ အောင်ဝေးနဲ့ အတူ မိုးအလင်းဆိုင်မှာ အရက်ဆက်သောက်ဖို့ ထွက်လာခဲ့ကြတယ်။ မြို့မကျောင်းလမ်းကတိတ်ဆိတ်ငြိမ်သက်နေတယ်။ ခွေးတကောင်တောင် လမ်းပေါ်မှာ မရှိဖူး။ ဆေးတက်္ကသိုလ်(၁)လမ်းမတော်ဆောင်ရှေ့ကဖြတ် ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်ခဲ့ကြတယ်။ ရန်ကုန်ဆေးရုံကြီး အုတ်နီနီတွေက ညသန်းခေါင်ကျော်မှာ ခြောက်ခြားစရာဖြစ်နေတယ်။ ဗိုလ်ချုပ်ဈေးကြီးကလည်း အေးအေးသက်သက်ကုတ်လို့။ ဆူးလေလမ်းမဘက်ကနေ ဘူတာကြီးဘက် လှည့်လိုက် တယ်။ ကားတစီးတလေတော့ ဖြတ်သွားတယ်။အဲဒီတုန်းက ထရိတ်ဒါးဟော်တယ်နေရာမှာ ပလေဒီယံ(ပပ၀င်း)ရုပ်ရှင်ရုံ ရှိနေသေးတယ်။ဆူးလေလမ်းအတိုင်းဂုံးကျော်တံတားကြီးကိုဖြတ်ပြီး ရန်ကုန်ဘူတာကြီးရှေ့လျှောက်လာကြတယ်။ အေးစိမ့်စိမ့်။ ဒီအချိန်မှာ မိုးအလင်းအရက်ရတဲ့နေရာကတော့ ဘူတာကြီးရှေ့က ထမင်းဆိုင်စားသောက်ဆိုင်လေးတွေပါပဲ။ကိုယ်တို့နှစ်ယောက်သား မီးမှိန်မှိန်ဆိုင် လေးမှာ ထိုင်လိုက်ရင်း မနက်ခင်း မန်္တလေးအဆန်အမြန်ရထားထွက်ချိန်ထိ ထွေးညိုဂျမ်းဂဲလ်လေးကို ရင်ပူပူခါးသက်သက် မြိုချ။အမြည်း ကလည်း မနေ့ညကရောင်းမကုန်လို့ကျန်တဲ့ ကြက်ကြော် ငါးကြော် မာကျစ်ကျစ်အေးစက်စက်ကိုဆွဲကိုက်ပေါ့လေ။ လွမ်းစရာကြီးပါ။ အခုကိုသန်းဖေလေးလည်းမရှိတော့ဘူး။ ပိုင်သလည်း မရှိတော့ဖူး။

ဆရာကြီးမောင်သာရလည်း အမေရိကန်မှာ။ အောင်ဝေးလည်း အမေရိကန်မှာ ရောက်နေကြတယ်။ မြမြင့်မိုရ်ကြီးကတော့ ခုထိ မြင့်ဦးဦင်္းမြင့်နဲ့ရုပ်ရှင်လောကဗွီဒီယိုလောကမှာ ကျင်လည်နေတုန်း။ မြင့်ဦးဦးမြင့်တောင် ဇာတ်ညွှန်းအကယ်ဒမီရသွားခဲ့ပြီ။ ကိုယ်ကတော့ အခုရှမ်းပြာ်မြောက်ပိုင်းတရုတ်နယ်စပ်မြို့လေးမှာရောက်နေတယ်။ သြော်မေ့တော့မလို့ ဗိုလ်ခင်ညွန့်ကြီးတောင် နေအိမ်အကျယ်ချုပ် ဆိုင်းငံ့ ပြစ်ဒဏ် ၄၅နှစ်ကနေ အခုလွတ်လာပြီ။ ဇာဂနာလည်းလွတ်လာပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လွတ်လပ်လပ်ပြောဆိုနေပြီ။ ကိုယ်လည်း ရန်ကုန်ကိုပြန်ချင်နေပြီလေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts