ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

နာရေးကူညီမှုအသင်း ကုသိုလ်မှတ်စု

နာရေးကူညီမှုအသင်း – ရန်ကုန်
ဇန်န၀ါရီ ၂၂၊ ၂၀၁၃
● ဆောင်းဟေမာန်မှ ရှာမှရှား
၁၇.၁.၂ဝ၁၃ ရက်နေ့တွင် နတ်၊ လူ သာဓုခေါ်စေသော အလှူဒါနတစ်ခုအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင်ကိုယ်ကျ လက်ခံခဲ့သည်။ ယင်းအလှူသည် လက်ရှိ နေထိုင်နေလျှက်ရှိသော ကျပ် (၃၅ဝ) သိန်းခန့် တန်ဖိုးရှိသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အပြီး လှူဒါန်းရန် ယခုသက်ရှိထင်ရှား ရှိနေစဉ်၌ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အလှူရှင်ဖြစ်သူ ဦးလှကျော် အသက် (၈ဝ) နှစ်သည် ကွယ်လွန်သူ ဒေါ်မိမိကြီး အားရည်စူး၍ တိုက် (၁)၊ အခန်း (၂) ဆောင်းဟေမာန်အိမ်ရာ၊ မြောက်ဒဂုံမြို့နယ်ရှိ ဆောင်းဟေမာန်တိုက်ခန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့သည်။ ဦးလှကျော်သည် သား၊သမီး မိသားစုမရှိဘဲ တစ်ဦး တည်း နေထိုင်သူဖြစ်ပြီး ၄င်းတိုက်ခန်းအား မိမိမရှိတော့သည့် နောက်ပိုင်း၌ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အများပြည်သူတို့အတွက် အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန် အပြီးအပိုင် ယတိပြတ် လှူဒါန်း ခဲ့ခြင်းဖြစ်သည်။

ဦးလှကျော်သည် ထေရဝါဒ ဗုဒ္ဓဘာသာပီပီ ပထမဦးစွာ သံဃာတော်များကို မိမိ၏တိုက်ခန်းအလှူ လှူဒါန်းမည်ဟု စီစဉ်ပြီးမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းရခြင်းကို တိုက်ခန်းအလှူရှင် ဦးလှကျော်မှ “နဂိုကတည်းက ဗုဒ္ဓဘာသာပီပီ ဒါနကိုပြုချင်တယ်၊ ပြုချင်ပေမယ့် ဘယ်ဟာအကောင်းဆုံး ဖြစ်မလဲလို့ ကျွန်တော့်စဉ်းစားကြည့်တော့ ဘာသာရေးအရ သံဃာတော်တွေကို လှူချင်ပေမယ့် လှူနေတဲ့ သူတွေအများကြီးရှိတယ် လူသားတွေအတွက်ကတော့ အလှူမခံရတဲ့ ပြဿနာရှိတယ်။ ဒါကြောင့် ကျွန်တော်က ပြည်သူတွေ အကျိုးရှိအောင်ဆိုပြီးတော့ လှူလိုက်တာပါ။ ဒီလိုနာရေးကို လှူတဲ့သူတွေ နည်း နေတယ်။ ကျွန်တော့ရည်ရွယ်ချက်က နာရေးကူညီမှုအသင်း(ရန်ကုန်)ကို အားလုံးပုံအပ်ပြီး လှူဒါန်းခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“လူ့အလို နတ်မလိုက်နိုင်” ဟု ပညာရှင်များ ဆိုရိုးစကားရှိသည်။ လူတို့၏ လိုအပ်သော တောင်းဆု များကို အလွယ်တကူ ဖန်ဆင်းပေးနိုင်သော နတ်တစ်ပါးပင် အလိုမလိုက်နိုင်ဟုဆိုလျှင် လူတို့၏ လိုချင် တပ်မက်စိတ်သည် မည်မျှပင်များပြားကြောင်း သိရှိနိုင်ရန် ပညာရှင်တို့၏ ထိုစကားပုံသည် ထင်သာလှ သည်။ ယခုတွင်မှု အလှူရှင် ဦးလှကျော်သည် မိမိပိုင်ဆိုင်မှု အတုဖြစ်သော ဆောင်းဟေမာန်တိုက်ခန်းကို လိုချင်တပ်မက်မှုမရှိ ကိုယ့်နောက်မပါမည့် ထိုတိုက်ခန်းအား လှူဒါန်းခြင်းသည် မိမိသေဆုံးသွားသည့်အခါ မိမိနောက်ပါမည့် ဒါန၊ သီလ၊ ဘာဝနာ ဟူသော ပိုင်ဆိုင်မှုစစ်စစ်ကို ဆုပ်ကိုင်ရင်း နတ်၊ လူ သာဓု ခေါ်စေမည့် မွန်မြတ်သော အလှူဒါနတစ်ခုကို ပြုအပ်ပါတော့သည်။

{သံဖြင့်လုပ်သော အနှောင်အဖွဲ့၊ သစ်ဖြင့်လုပ်သော အနှောင်အဖွဲ့၊ မြက်, လျှော်တို့ဖြင့်လုပ်သော အနှောင်အဖွဲ့မျိုးကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့မဆိုကုန်။

ပတ္တမြားနားတောင်း စသော ရတနာတို့၌လည်းကောင်း၊ သားမယားတို့၌လည်းကောင်း လွန်စွာ တပ်မက်နှစ်သက်သော ငဲ့ကွက်မှုတဏှာ အနှောင်အဖွဲ့မျိုးကိုသာလျှင် ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိ သူတို့က ဆိုကုန်၏။

လျော့ရဲဟန်ရှိသော်လည်း လွတ်နိုင်ခဲသော၊ ယုတ်နိမ့်ရာ အပယ်ငရဲသို့ ဆွဲခေါ်တတ်သော ဤ အနှောင်အဖွဲ့ကို ပညာရှိသူတို့သည် ရုန်းဖြတ်၍ ကာမဂုဏ်ချမ်းသာကိုစွန့်ကာ တောသို့ဝင်ကြကုန်၏။}

(ဓမ္မပဒ)

…………………..

● ထပ်တူထပ်မျှ
၁၆.၁.၂ဝ၁၃ (ဗုဒ္ဓဟူးနေ့) မွန်းလွဲ (၁၂း၃ဝ) နာရီအချိန်တွင် ပြည်လမ်း၊ ကမာရွတ်မြို့နယ်နေ (တစ်ချိန်က) နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် စိုးသူ၏ မိခင်ဖြစ်သူ ဒေါ်ခင်သူဇာ အသက် (၇၂) နှစ်သည် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သီတဂူဆရာတော် လှူဒါန်းထားသည့် Cool Box ဖြင့် ကွယ်လွန်သူ ဒေါ်ခင်သူဇာ၏ ရုပ်အ လောင်းအား နေအိမ်တွင် (၅) ရက်ကြာထားရှိနိုင်ရန် ကူညီဖေးမ ပံ့ပိုး ပေးခဲ့သည်။ ကိုစိုးသူ၏ မိခင် ဒေါ်ခင်သူဇာ၏ ဈာပနအခမ်းအနား ကျင်းပမည့်နေ့ရက်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် မလေးရှားနိုင်ငံသို့ လူမှုရေးဟောပြောပွဲ ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည့်အတွက် ၁၈.၁.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ညီငယ်ဖြစ်သူ စိုးသူ၏ နေအိမ်သို့ သွားရောက်ကာ ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်သူဇာအား ဂါရဝပြုပြီး နှစ်ပေါင်းများစွာ ကွဲကွာခဲ့ကြသော အနုပညာ ညီအစ်ကိုနှစ်ဦးတို့သည် ပွေ့ဖက်နှုတ်ဆက်၍ နှစ်သိမ့် အားပေး စကားဆိုကြသည်။

 

“ချစ်ကြိုးလေးနှစ်မျှင်” ရုပ်ရှင်ဇာတ်ကားဖြင့် ကျော်သူ၊ “မိုက်ကြွေး မိုက်ပြစ်” ရုပ်ရှင်ဇာတ်ကားဖြင့် စိုးသူ တို့သည် အနုပညာလောကထဲသို့ ရောက်ရှိခဲ့ကြပြီးနောက် “ဒိုး” ရုပ်ရှင်ဇာတ်ကားကြီးတွင် တကယ့် ညီရင်းအစ်ကိုအဖြစ် အတူတကွ သရုပ်ဆောင်ရာတွင်လည်း ပရိသတ်၏ အားပေးမှု တစ်ခဲနက် အောင်မြင် မှုရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်သည်။ ထို့ကြောင့် ကိုစိုးသူအတွက် မိခင် ဒေါ်ခင်သူဇာ ကွယ်လွန်ခြင်းသည် အနန္ဒမြင့်မိုရ် ရွှေတောင်ကြီးပြိုသကဲ့သို့ ဦးကျော်သူသည်လည်း ကိုစိုးသူနှင့် ထပ်တူ ထပ်မျှ ခံစားရတော့သည်။ မိခင်ကြီး ဒေါ်ခင်သူဇာ၏ နာရေးလမ်းကြောင်းအား ဦးကျော်သူ ကိုယ်တိုင်ကိုယ် ကျ နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ကူညီဆောင်ရွက်လိုသော်လည်း ပြည်ပခရီးစဉ် ထွက်ခွာရန် စီစဉ်ထားသည့် အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသား/သူများအား စနစ်တကျ ကူညီပံ့ပိုးပေးကြရန် စီစဉ် ညွန်ကြားပေးခဲ့သည်။

ယင်းနောက် ၂ဝ.၁.၂ဝ၁၃ ရက်နေ့ နံနက် (၈းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဝယ်ယူတင်သွင်းထားသည့် တစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးသည့် အထူးနိဗ္ဗာန်ယာဉ် “နိဗ္ဗာန်-၁ဝ၇” ယာဉ်ကြီးနှင့်အတူ ရှေ့ပြေးမော်တော်ယာဉ်ဖြင့် အသင်းသား/သူများတို့သည် ပြည်လမ်းရှိ ကိုစိုးသူ၏ မိခင်ကြီး ကွယ်လွန်သူ ဒေါ်ခင်သူဇာ အသက် (၇၂) နှစ် ရုပ်အလောင်းအား ကူညီဖေးမ တင်ဆောင်ခဲ့ကြ ပြီး နေအိမ်မှ နံနက် (၉းဝဝ) နာရီအချိန် တွင် ရေဝေးသုဿန် ခန်းမဆောင်သို့ထွက်ခွာခဲ့သည်။ ထို့နောက် ရေဝေးသုဿန် ခန်းမဆောင်တွင် ဈာပနအခမ်းအနားအား ကျင်းပခဲ့ပြီး ဂူသွင်းသင်္ဂြိုလ်နိုင်ရန်အတွက် နိဗ္ဗာန်ယာဉ်ကြီးဖြင့် ဆက်လက်သယ်ဆောင်ကာ ဂူသွင်းမြုပ်နှံသည့်နေရာသို့ နာရေးကိစ္စပြီးဆုံးသည်အထိ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့်အတူ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကူညီဖေးမ ပေးဆပ်ခဲ့သည်။

မိခင်ကြီး ဒေါ်ခင်သူဇာ အသက် (၇၂) နှစ်၏ ကွယ်လွန်ခြင်းအတွက် သရုပ်ဆောင် ကိုစိုးသူ၏ မိသားစုနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည်လည်း ထပ်တူထပ်မျှ၊ နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ အသင်းသား/သူများတို့သည်လည်း ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲမိပါကြောင်း မှတ်တမ်းတင်လိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts