ကဗျာ ကမာပုလဲ

မနေ့က ငါးများ

ကမာပုလဲ
ဇန်န၀ါရီ ၈၊ ၂၀၁၃
မနေ့ကငါးတွေဟာ ဒီနေ့ငါးတွေ မဟုတ်တော့ဘူး
အသက်ကြီးသွားတာလား
ကွန်ချက် မိခဲ့တာလား
ငါးမျှားချိတ်ကို အစာမှတ်ခဲ့လေသလား
မနေ့က ငါးတွေဟာ …။

မနေ့က ငါးတွေဟာ ဒီနေ့ငါးတွေ မဟုတ်တော့ဘူး
အကြေးခွံတွေထဲမှာ ရွံ့နွံအပြည့်
ပါးဟက်အတွင်းမှာ နှုံးတင်မြေနုတွေအပြည့်
ရေထဲမှာလို သူတို့ အသက်ရှုမ၀တော့ဘူး
မနေ့က ငါးတွေဟာ …။

မနေ့ကငါးတွေဟာ ဘ၀အတွက် သင်းကွဲခဲ့ကြတယ်
မနေ့က ငါးတွေဟာ အချစ်အတွက် ရေကူးကျွမ်းကျင်ခဲ့ကြတယ်
မနေ့က ငါးတွေဟာ ဒီပင်လယ် ဘယ်မခန်းလို့ထင်ခဲ့ကြတယ်
မနေ့က ငါးတွေဟာ …။

မနေ့က ငါးတွေကိုယ်ပေါ်မှာ နေ့အပူတံလှပ်တွေက တဖျတ်ဖျတ်
ဖေါက်ချလိုက်တဲ့ ရေတွေဟာ သူတို့ အသွေးအသားတွေ
သူတို့ အနာဂတ်တွေ
သူတို့ အနာဂတ်တွေ
မနေ့က ငါးတွေဟာ ရေခန်းချောင်းထဲမှာ
မနေ့က ငါးတွေဟာ ရှင်သန်လိုမှုအတွက်
မနေ့က ငါးတွေ ကူးခတ်နေဆဲ
သြော် ရေမရှိတဲ့ ချောင်းထဲ
အကျဉ်းကျနေတဲ့ ငါးတွေအကြောင်းကို ပြောပါတယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts