မောင်ရင်ငတေ ဖြစ်ရပ်များ၊ အမှတ်တရများ

ရောက်တတ်ရာရာအတိုအစများ

မောင်ရင်ငတေ
ဇန်န၀ါရီ ၈၊ ၂၀၁၂
● ပါရီနှစ်ကူးည (ဒုတိယပိုင်း) 
  
Le pont Neuf ၁၆၀၇

ပထမပိုင်းကို ဖတ်ပြီးအားပေးခဲ့တဲ့ ခေတ်ပေါ်ကဗျာဆရာ ဆရာအေးရဲ့အားပေးမှုနဲ့အတူ နှစ်ကူးည ဒုတိယပိုင်းကို ဆက်လက်ရေးသား လိုက်ရပါတယ်၊ ပထမပိုင်းမှာ ရောက်နေတဲ့ Le quai Voltaire ဗော်တဲလ်ရ်လမ်းရှိရာ စဲန်းမြစ်ကမ်းနဖူးမှာ ထိုင်နေရင်း ပါလာတဲ့ပိုလန်ပြည်မှာပြုလုပ်သည်ဆိုတဲ့ ဗော်ဒကာရေပုလင်းလေး ထုတ်သောက်ရင်း စဲန်းမြစ်ရေတိုးတာကို မြည်းရင်း စိတ်အတွေးတွေက တောင်ရောက် မြောက်ရောက်နဲ့ပါ၊ Le pont Neuf (The new bridge) ပွန့်နဖ်တံတားသစ်ကြီးရဲ့ ညရှုခင်းအလှကလည်း ဘာကိုလွမ်းရမှန်းမသိပါဘူး၊ တခါကရောက်ခဲ့ဖူးတဲ့ ပခုက္ကူတဘက်ကမ်း ဧရာဝတီမြစ်ကမ်းနဘေးလက်ပံချေပေါ်ဇက်ဆိပ်အနီးက အကြော်တဲလေးမှာသောက်ခဲ့ဖူးတဲ့ တော အရက်ဖြူဖြူကိုလည်း သတိရမိနေသလိုဘဲ၊ ပိုလန်ပြည်မှာပြုလုပ်သည့် ဗော်ဒကာဆိုတာကလည်း တကယ်တော့ တောအရက်ဖြူပါဘဲ၊ ဘာလို့များ တောအရက်ချင်းအတူတူ ငါတို့ဆီကတောအရက် ဒီမှဘာလို့မရောင်းတာလည်း တွေးမိပါတယ်၊ အကယ်၍များ ရောင်းများရောင်းရင်တော့ ဒီပိုလန် အရက်ဖြူကို ဘယ်ဝယ်သောက်ပါ့မလဲနော်၊ ကိုယ့်ပြည်တွင်းဖြစ်ကို မျိုးချစ်စိတ်ဓါတ်အပြည့်အဝနဲ့ ကိုယ်အားပေးမှာပေါ့နော်၊  အခုတော့ ပြည်ပအားကိုးဘဲ လုပ်နေရတော့တာပေါ့၊ လက်ပန်ချေပေါ် ဇက်ဆိပ်နေရာမှာတော့ မြစ်ကူးတံတားကြီးတစင်းဆောက်ပြီးနေပြီတဲ့၊ ၁၆၀၇ ခုမှာ ဆောက်ပြီးခဲ့တဲ့ ပွန့်နဖ်တံတားနဲ့ ၂၀၁၂ မှာဆောက်ပြီးခဲ့တဲ့ လက်ပံချေပေါ်တံတား ဘယ်တံ တားက ပို၍လွမ်းစရာ ကောင်းမလဲလို့လည်း စဉ်းစားမိပါရဲ့၊


လက်ပံချေပေါ်ဇက်ဆိပ် (ဓါတ်ပုံ အင်တာနက်)

စဲန်းမြစ်ကမ်းနဘေးထိုင်ငေးရင်း အတွေးပင်လယ်ထဲနစ်မျောသွားရာက အတွေးဖြတ်ပြီး လမ်းမပေါ် ပြန်ရောက်တော့ လူအတော်စည်ကား လို့နေပါပြီ၊ နာရီကလည်း ညရှစ်နာရီခွဲကျော်ပြီလေ၊ ပါရီမြို့ရဲ့ နယူးရီးယားညမှာ အစည်ကားဆုံးနေရာနှစ်နေရာကတော့ အများသိကြတဲ့အ တိုင်း အီဖယ်ရယ် ရှောင်ဇေလီဇေလမ်းမကြီးရယ်ပါ၊ ကေးဗော်တဲလ်ရ်လမ်းကနေ အီဖယ်ကိုသွားတဲ့လမ်းကြောင်းကို စဉ်းစားလိုက်တော့ ပုံမှန်သွားနေကြ မြေအောက်မေထရိုကိုမစီးချင်လို့ ဘတ်စ်ကားလမ်းကိုဘဲ ရွေးမိတယ်၊ ဘတ်စ်ကားစီးရတာက အချိန်ပိုပြီးပေးရတာဖြစ်ပေမဲ့ အသက်ရှုချောင်သလိုခံစားရပြီး အပြင်မြင်ကွင်းကို ဟိုငေးဒီငေးသွားလို့ရတယ်လေ၊ ဘတ်စ်ကားလိုင်းနံပတ် ၆၉ ကပါရီမြို့လယ်နဲ့ Le Champ-de-Mars အီဖယ်မြက်ခင်းပြင်ကျယ်ရှိရာကို ဆက်သွယ်ပေးထားတာပါ၊ ဒီဘတ်စ်ကား လမ်းကြောင်းကကို ပါရီရဲ့အကြောင်း စာတပုဒ်အဖြစ်နဲ့ရေးဖွဲ့လို့ရနိုင်တာပါဘဲ၊ ဒီလိုင်းဟာ ပါရီမြို့ရဲ့ အရှေ့နဲ့အနောက်ကို ထောင့်ဖြတ်သွားတဲ့လိုင်းပါ၊ ပါရီမြို့ရဲ့အချက်အချာကျတဲ့နေရာ တော်တော်များများကိုဖြတ်သန်းသွားပါတယ်၊ ပါရီမြို့အရှေ့မြောက်ဘက်အရပ် နာမည်ကျော်များ၏ အိပ်စက်လဲလျှောင်းရာ ၁၈၀၄ ခုနှစ်ကတည်းကစတင်ခဲ့တဲ့ တနှစ်ကိုလာရောက်လည်ပတ်သူများ ဧည့်သည်နှစ်သန်းရှိတယ်ဆိုတဲ့ Le cimetière du Père-Lachaise သချိုင်းတည်ရှိရာကနေ အနောက်တောင်ဘက် အီဖယ်မြက်ခင်းပြင်ရှိရာထိ ရောက်တာပါ၊ ဒီအကြောင်းကို နောက်များမှ စာတပုဒ်ရေးပါ အုံးမယ်၊

La tour Eiffel

မောင်ရင်ငတေ အီဖယ်မျှော်စင်အောက်အနားကို ရောက်တဲ့အခါမှာတော့ လူစည်ကားစပြုပါပြီ၊ ထောင်ပေါင်းများစွာသော ပါရီမြို့သားများနဲ့ ပါရီရောက်ခရီးသွားသူများဟာ ဒီနေရာကိုဒီလိုညမျိုး တွေမှာ မရောက်ရောက်အောင်လာကြစမြဲပါ၊ မောင်ရင်ငတေတို့လည်း ရောက်ခါစနှစ် များကတော့ အမြဲလိုလိုရောက်ဖြစ်ခဲ့ပါတယ်၊ များပြားလှတဲ့လူအုပ်ကြီးတွေကြားမှာ ညှပ်သပ်ပြီးသွားခဲ့ကြတာပေါ့၊ သန်းကောင် ယံချိန်တိတိ မှာ နှစ်သစ်ကြိုအော်ကြဖို့ကိုစောင့်ရင်း ပါလာတဲ့ပုလင်းမျိုးစုံကို ဖောက်ရင်း သောက်ရင်းနဲ့ မိုးလင်းတိုင်ခဲ့ရတာပါ၊ ခုများတော့ရိုးသွား သလိုဖြစ်တာရယ် အဲဒီလောက်အပြင်မှာ အချိန်ကုန်မခံတော့တာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး၊ ခုလိုသွားဖြစ်ခဲ့ရင်လည်း ညလုံးပေါက် မနေချင်မနေနိုင်တော့ပါဘူး၊ နှစ်ကူးချိန် ဇီးရိုးနာရီအရောက်မှာတော့ ဟက်ပီးနယူးရီးယား အော်သူ အော်ကြ ပြင်သစ်ရောက်နေတော့ ပြင် သစ်လို မအော်မဖြစ် ဘွန်းနန်နေး Bonne année အော်သူ အော်ကြ ပါလာတဲ့ရှန်ပိန်ပုလင်းကို ဖောင်းကနဲမည်အောင်ဖောက် သောက်သူ သောက်ကြတော့တာပါ၊ ပြဿနာတော့ ဖြစ်တာတွေ့ရနည်းပါတယ်၊ ဒါပေမဲ့ ပါရီမြို့ရဲ့နာမည်ကျော် pick-pocket လူမျိုးစုများရဲ့ လျှပ်တပြက်ရုတ် တရက် အလစ်သုတ်မှုများကိုခံခဲ့လိုက်ရတဲ့ ကိုရွှေဗမာများလည်း အတော်များများရှိခဲ့ဖူးပါတယ်၊ လက်ကိုင်တယ်လီဖုန်းတို့ ကင်မရာတို့တို့ကို ရုတ်တရက်ဝင်လုပြီး ထွက်ပြေးသွားကြတာမျိုးပါ၊ ပြည်သူရဲများလည်းရှိနေပေမဲ့ ဘာမှမတတ်နိုင်ပါဘူး၊ ရှောင်ဇေလီဇေ လမ်းမကြီးမှာတော့ ညနေခင်းကတည်းက ကားတွေကိုသွားခွင့်မပြုတော့တာကြောင့် လမ်းလျှောက် သူများသာရှိပါတော့တယ်၊ နှစ်ကူး ချိန်ပြီးတော့တာနဲ့ ရှန်ပိန်သောက်သူများ နှစ်ကူးအနမ်းပေးသူများ တဖွဲဖွဲပြန်သွားကြပေမဲ့ နှစ်ကူးမှာရူးသွပ်ကြသူများ တချို့တွေက တော့ အမူးများစွာနဲ့ ပွဲကြမ်းဖို့ကို စောင့်နေကြပါတော့တယ်၊ တနှစ်တုန်းဆီကတော့ မူးသူရူးသူတွေဟာ ရှောင်ဇေလီဇေလမ်းမကြီး အလယ်ခေါင်တည့်တည့်မှော ပုလင်းပေါက်ပွဲခွဲပွဲကြီးကို ပျော်ပျော်ကြီးကျင်းပကြတာကို တွေ့ခဲ့ရဖူး ပါတယ်၊ သက်ဆိုင်ရာလုံခြုံရေး သမားတွေက လည်း ရပ်ကြည့်ရုံကြည့်နေကြပြီး အတင်းအကျပ် တားမြစ်တာကို မတွေ့ရပါဘူး၊ မူးသူရူးသူပေါက်သူခွဲသူများကတော့ အထွေထွေမကျေနပ်ချက်များ အစား ပုလင်းများကို အားရအောင်ပေါက်ခွဲကြပြီး ခြေကုန်လက်ပန်းကျသွားကြပြီး လူစုကွဲသွားကြပါ တော့တယ်၊


les Champs Elysées

ရှောင်ဇေလီဇေလမ်းမကြီးမှာတော့ Led မီးလုံးလေးပေါင်း တသန်းကျော်အသုံးပြု ထွန်းညှိထားတဲ့ ခရစ်စမတ် နယူးရီးယား မီးထွန်းပွဲတော်နဲ့အတူ Le Marché de Noël des Champs-Elysées ခရစ်စမတ် နှစ်သစ်ကူး ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလလယ်ကနေ ဇန်နဝါရီလလယ်လောက် အထိ နှစ်စဉ်လိုလို ကျင့်ပပြုလုပ်လေ့ရှိပါတယ်၊ L’hiver ဆောင်းရာသီအတွင်း အဓိကပြုလုပ်ကြတဲ့ ပွဲကြီးတွေပေါ့၊ ဒီဈေးရောင်းပွဲတော်ကို ရောက်သွားတဲ့အခါမှာ မောင်ရင်ငတေတို့ မွေးရပ်ဌာနေက ဘုရားပွဲဈေးကိုသတိရမိပါတယ်၊ အရပ်ဒေသပေါင်းစုံက ဒေသထွက်ရိုးရာပစ္စည်းပေါင်းစုံ ရိုးရာအစား အစာပေါင်းစုံကို လာရောက်ရောင်းချကြတာပါ၊ မောင်ရင်ငတေကလည်း ထုံးစံအတိုင်းစဉ်းစားမိရ ပြန်တာပေါ့ဗျာ၊ ရိုးရာချက်အရက်ဖြူကို အိုးကြီးတလုံးထဲထည့် သစ်သားယောင်းမကြီးတချောင်းနဲ့ သေချာမွှေပြီး တခွက်ကို လျှော့လျှော့ပေါ့ပေါ့ဈေးနဲ့ ၂ ယူရိုလောက်နဲ့ရောင်းရင်တောင် တော်တော် စီးပွားဖြစ်နိုင်ချေရှိပါတယ်၊ မက်သနောလ်တွေ ဘာတွေတော့ မသုံးကြနဲ့ပေါ့ဗျာ၊ အမြည်းကတော့ ကြက်သွန်နီ ငရုပ်သီးစိမ်းပါးပါးလှီး မန်ကျည်းရည်အချဉ်ကောင်းကောင်းနဲ့ ထီလာမြေက ဘူးသီး ပေါက်ချောင်းကြော်ပေါ့နော်၊ အခုကတော့ စိတ်ကူးရုံကူးတာပါ၊ တနေ့နေ့မှာတော့ဖြစ်လာမည်ပေါ့ ခင်ဗျာ၊ အဲဒီလိုစိတ်ကူးတလှေကြီးနဲ့ စိတ်ကူးယဉ်သမားမောင်ရင်ငတေအတွက်ကတော့ လက်တွေ့ အကောင်အထည်ဖြစ်အောင် ဖော်နိုင်စွမ်းတော့မရှိပါဘူး၊ အကယ်၍ရောင်းချမည့်သူရှိရင်သာ ကိုယ့် ဒေသထွက်ပစ္စည်းလေးကို အမှတ်တရအနေနဲ့ အားပေးချင်တာပါ၊ အကြော်ဆိုင်မှာ အကူလိုအပ် ရင်တော့ ခေါ်နိုင်ပါတယ်ဗျာ၊ မောင်ရင်ငတေလည်း ဘူးသီးလေးဘာလေးတော့ မတောက်တခေါက် ကြော်တတ်ကြောင်းပါ၊

 
Le Marché de Noël des Champs-Elysées

ကိုယ့်စိတ်ကူးတွေထဲရှိတာကို အကောင်အထည်ဖော်လို့ မရနိုင်သေးတော့လည်း ရှိတာလေးနဲ့ဘဲ အာသာပြေဝအောင်စားဝအောင်သောက်ရတော့တာပေါ့နော်၊ လူဆိုတာမစားမသောက်လို့မှမရတာ မဟုတ်လား၊ အဲဒီလိုမျိုးပွဲတော်ရဲ့ဈေးတန်းထဲမှာ ရိုးရာဓလေ့ထုံးစံအတိုင်းချက်ထားတဲ့ ရနံ့မွှေးမွှေး ပူပူနွေးနွေး တခွက်သုံးယူရိုပေးသောက်ရတဲ့ ဝိုင်တခွက် Le vin chaud (Hot wine) ကိုသာ စိတ် အစာပြေအောင်သောက်လိုက်ရပါတော့တယ်၊ ချမ်းချမ်းအေးအေးရာသီမှာ အနီရောင်ဝိုင်ပူပူနွေးနွေး သောက်လိုက်ရတဲ့ အရသာကတော့ လွန်စွာမှကောင်း လှပါတကားပေါ့ဗျာ၊


Le vin chaud au marché de Noël 

Joyeux Noël et Bonne Année 2013
မောင်ရင်ငတေ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts