ဓာတ်ပုံသတင်း သတင်းဆောင်းပါး ကျော်ဟုန်း

ဆီယက်တဲလ်က (၅)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်

ဆီယက်တဲလ်က (၅)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်

ကျော်ဟုန်း (မိုးမခ)၊ ဇန်န၀ါရီ ၉၊ ၂၀၁၃ ။

ကရင်အမျိုးသားများရဲ့ ရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော်ပြသကြတဲ့ ကရင်နှစ်သစ်ကူး ပွဲတော်ကို ဆီယက်တဲလ်ရှိ ကရင်မိသားစုများ စုပေါင်းကျင်းပလာခဲ့တာ အခုဆိုရင် (၅)ကြိမ်မြောက် ရှိခဲ့ပါပြီ။ ယခုနှစ်မှာတော့ 12010 South,  East 240th  Street, Kent, WA 98031-5043 မှာတည်ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝန်းမှာရှိတဲ့  မိုးလုံလေလုံ ခန်းမဆောင်မှာ  ဂျန်နဝါရီ ၅၊ ၂၀၁၃၊ စနေနေ့ က ကျင်းပပြုလုပ်ခဲ့တာပါ။

ဒီကရင်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို The Karen Community of Seattle မှ  ကြီးမှူးပြုလုပ်ခဲ့တာဖြစ်ပြီး  ကရင် – စာပေနှင့် ယဉ်ကျေးမှုအသင်း(ဆီယက်တဲလ်)၊ Northwest Community of Burma နဲ့ ဝါရှင်တန်ပြည်နယ်ရောက် ကရင်မိသားစုများက အတူပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။


အခမ်းအနားကို နေ့ လည်(၂)နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် နော်ကီးကီးက ဆောင်ရွက် ပေးပါတယ်။   ပထမဦးဆုံး ကရင်အမျိုးသားအလံတော်ကို  အလေးပြုကာ   စတင်ဖွင့်လှစ်ပြီး  စောဆိုင်မွန်ခင်က အဖွင့် အမှာစကားပြောကြားပေးပါတယ်။ ထို့ နောက်မှာ ကရင်အမျိုးသားနဲ့ ရိုးရာသီချင်းများကို ကရင်လူငယ်များက အလှည့်ကြသီဆို ဖြေဖျော်ကြပါတယ်။


အမေရိကား၊ ဝါရှင်တန်ပြည်နယ်ကို ရွှေ့ ပြောင်းရောက်ရှိလာတဲ့ ကရင်လူမျိုးများကို ကရင်အဖွဲ့ အစည်းမှ ဖက်စုံ ကူညီပေးလျှက်ရှိကြောင်းကို နော်ခိ မှ ကြေညာပြောကြားခဲ့ပြီး ဆရာစတီး၊ စောထူးထူး၊ နော်လေးဒံ။ နော်ဂေထူးတို့ အား ဂုဏ်ပြုလက်ဆောင်များကို ဆရာမဒေါ်မက်ကီက အမှတ်တရပေးအပ်ခဲ့ပါတယ်။


ကရင်ဒုံးယိမ်းဖြစ်မြောက်ရေးအတွက်ဦးဆောင်ခဲ့ကြတဲ့ ဦးမောင်မောင်၊ ဒေါ်စိန်မြ၊ နော်မြရတနာဝင်း၊ စောကလား၊ နော်ကေသီတို့ကိုလဲ ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ပါတယ်။အသက်အကြီးဆုံးဖြစ်တဲ့ဖထီးစောအောင်ခင်ကလဲ ကရင်အမျိုးသားများသမိုင်း ပြောဆိုပြီး ကရင်နှစ်သစ်ကူးနဲ့ ဆိုင်တဲ့ရိုးရာသီချင်းပါ အားမာန်အပြည့်နဲသီဆိုခဲ့တာကို ပရိသတ်များက လက်ခုပ်လိုက်တီးကြတဲ့ ပျော်ရွှင်စရာမြင်ကွင်းများလဲ တွေ့ ခဲ့ရပါသေးတယ်။

ဒီနောက်မှာ ကရင်ဒုံးယိမ်းအကများနဲ့  ကြွရောက်လာတဲ့ ပိရိသတ်များကို ဖြေဖျော်ကြပါတယ်။ ဒီနှစ်မှာတော့ နော်ကေသီခေါင်းဆောင်တဲ့ ကရင်ဒုံးယိမ်းအဖွဲ့ မှာ (ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း)မှ ကရင်၊ကယား၊ဗမာလူငယ်များက ပါဝင်ကပြကြပြီး နော်မြရတနာဝင်း ဦးဆောင်တဲ့ ဒုံးယိမ်းအဖွဲ့ မှာတော့ ခရစ်ယာန်ကရင်လူငယ်များကပါဝင် ကပြခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်ဒုံးတီးခတ်မှုကို ဦးမောင်မောင်၊ စောကလား၊ စောဖိုးကာ၊ စောဘွာဒါးတို့ က တီးခတ် ပေးကြတာဖြစ်ပါတယ်။

ဒုံးယိမ်း(၂)ဖွဲ့ တင်ဆက်ကပြပြီးနောက်မှာ ပိရိသတ်များကို ခေါက်ဆွဲကြော်၊ မုံ့ ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ ဖွာလူဒါ၊ ကိတ်မုံ့ ၊ သစ်သီးဝလံများ၊ အချိုရည်များနဲ့  စုံလင်ပြည့်စုံစွာ ကျွေးမွေးဧည့်ခံပါတယ်။  တဆက်တည်းမှာပဲ  ကရင် လူငယ်များက ခေတ်ပေါ်ကရင်သီချင်းများ တီးခတ်သီဆို ဧည့်ဝတ်ပြုကြပါတယ်။

ဆီယက်တဲလ်ကရင်နှစ်သစ်ကူးပွဲ အထိမ်းအမှတ်ပါ တီရှပ်များကို တထည် (၁၃)ဒေါ်လာနှုန်းနဲ့  ကရင်လူငယ်များက ရံပုံငွေအဖြစ် ရောင်းချပေးနေတာလဲ တွေ့ ခဲ့ရပါသေးတယ်။ ဒီကရင်နှစ်ကူးပွဲကို ကနေဒါမှ ကရင်မိသားစုများလဲ လာရောက်ဆင်နွှဲကြသလို ကနေဒါမှာ ပြုလုပ်မယ့် ကရင်နှစ်သစ်ကူးပွဲကိုလဲ ဆီယက်တဲလ်ကရင်ဒုံးအဖွဲ့ မှ သွားရောက် အားဖြည့်ကူညီဆင်နွှဲမယ်လို့ လဲ သိရပါတယ်။


ဒီနှစ် ကရင်နှစ်သစ်ကူးပွဲဟာ ယခင်နှစ်များထက် ပိုမိုစည်ကားပါတယ်။  ကရင်မိသားစုများအပြင် ကယား၊ ဗမာနဲ့ မြို့ ခံ အမေရိကန်များလဲ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြတာမြင်ရပြီး လူပေါင်း (၃၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts