ဓာတ်ပုံသတင်း
အမာရီလိုမြို့ ဇေယျသုခ ကျောင်းတိုက် ( ၆ ) နှစ်မြောက်
အမာရီလိုမြို့ ဇေယျသုခ ကျောင်းတိုက် ( ၆ ) နှစ်မြောက်
မိုးမခအထောက်တော် (အမရီလို)၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၂
အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းတည် ခြောက် ( ၆ ) နှစ်မြောက် အခမ်းအနား နှင့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်များအား တာဝန်အပ်နှင်း ကတိသစ္စာခံယူပွဲ အခမ်းအနားကို ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်တော် အတွင်း၌ ဒီဇင်ဘာလ (25) ရက် ခရစ်မတ်စ်နေ့ တွင် ဆင်ယင်ကျင်းပခဲ့ကြောင်း သိတင်းရရှိသည်။
 ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတည် ခြောက် ( ၆ ) နှစ်မြောက် အခမ်းအနားကို နမောတသ သုံးကြိမ် သံပြိုင်ရွတ်ဆို စတင်ဖွင့်လှစ်ခဲ့ပြီး ဇေယျသုခ ကျောင်းထိုင်ဆရာတော်လည်းဖြစ် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဌ တစ်ပါးလည်းဖြစ်သည့် ဘဒ္ဒန္တနန္ဒ၀ံသမှ အဖွင့်အမှာစကား မိန့် ကြားရာ”ဇေယျဆိုတာ အောင်မြင်ခြင်း၊ သုခဆိုတာ ချမ်းသာခြင်း၊ ဓမ္မဆိုတာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ကိုယ့်ကျင့်တရားတရားတည်းဟူသော တရားဓမ္မ၊ ရိပ်သာဆိုတာ ကိုယ်စီကိုယ်ငှ နွမ်းနယ် ပင်ပန်းမှုတွေကို ကျန်းမာခြင်း ချမ်းသာခြင်းနဲ့ ပြည့်စုံစွာ သာသနာတော်တည်းဟူသော ဘုရားရိပ် တရားရိပ် သံဃာရိပ်မှာ လာပြီးတော့ ခိုဝင်နားယူနေတဲ့အခါ အေးချမ်းသာယာခြင်းကို ကိုယ်စားပြုပြီး ဒီကျောင်းတိုက်ရဲ့ နာမည်ကို မည်တွင်ခေါ်ဝေါ်ရခြင်းဖြစ်ပါတယ်” ဟု စတင် မိန့် ကြားတော် မူသည်။
အသင်း၏ အမှုဆောင်များ နှင့် အသင်းဝင်များအားလုံးကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အမျိုးဘာသာ သာသနာအကျိုး ဆတိုးတပိုး သယ်ပိုးထမ်းရွက် နိုင်ရန်နဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ် မောင်မယ်များကို အမျိုးဘာသာ သာသနာအမွေအနှစ်များ လက်ဆင့်ကမ်းအမွေပေးကြဖို့ ကိုလည်း ဆရာတော်က ယခုလို ဆက်လက် မိန့် ကြားတော်မူသည်။
“အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးထမ်းရွက်တဲ့နေရာမှာ ဂုဏ်ပြုပူဇော်သင့် ပူဇော်ထိုက်သူကို ဂုဏ်ပြုပူဇော်နိုင်ရေးဆိုတဲ့ အတွေးစိတ်ကူးတွေကို နှလုံးသွင်းမှတ်ကြရပါ့မယ်။ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တဲ့နေရာမှာလည်း မူဝါဒ ချမှတ်ရေးဆွဲထားတဲ့ လမ်းစဉ်အတိုင်း လက်တွေ့ ကျကျ လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားအကောင်အထည် ဖော်ကြရမှာဖြစ်ပါတယ်။ အမျိုးသာသာသနာ ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းအမွေပေးတဲ့နေရာမှာ ဘုန်းဘုန်းတို့ ရဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ် မောင်မယ်များကို ချီးမြှင့် လေးစားဖို့  တနည်းအားဖြင့် အနာဂတ်မှာ တောက်ပလာနိုင်မယ့် အသင်းဂုဏ်ဆောင် မြန်မာ့ဂုဏ်ဆောင် လူငယ်မောင်မယ်များပေါ်ထွန်းလာဖို့ အတွက် ဘုန်းဘုန်းတို့ ဘယ်လို ကြိုးစား အားထုတ်သွားကြမလဲ ဆိုတဲ့ မူဝါဒ လမ်းစဉ်များကိုလည်း သေသေချာချာ ချမှတ်ကာ ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်” ဟု မိန့် ကြားတော်မူသည်။
ကျောင်းစတင်တည်ထောင် ဖြစ်ပေါ်လာရပုံဖြစ်စဉ်အကျဉ်းနဲ့ ပတ်သက်၍ အသင်း၏ ဥက္ကဌတစ်ဦးဖြစ်သူ ဦးညီညီလွင်က မိုးမခသို့ ယခုလို ပြောဆိုသည်။
“ကျနော်တို့ အမာရီလိုမြို့ က အလှူ့ ရှင် အလှူ့ မတွေက ဒီမြို့ မှာ မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်အောင် မတည်ကြမယ်ဆိုပြီးတော့ မတည်အလှူငွေတွေ တဖြည်းဖြည်း ထည့်ဝင်လှူဒါန်းရာကနေ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ( ၂၅) ရက် ခရစ်မတ်စ်နေ့ မှာ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်ကို ငှားရမ်း ၀ယ်ယူကြရာကနေ စတင်တည်ထောင်ခဲ့ကြတာပါ။ ဒီကျောင်းတိုက်ဖြစ်တည်လာခဲ့တဲ့အတွက် အလှူရှင်အားလုံးကိုရော ဒီကျောင်းတိုက်အတွက် ဆွမ်း၊ ဆေး၊ ကွမ်း၊ သင်္ကန်း ပစ္စည်းလေးပါး ဒါယကာခံယူထားကြတဲ့ သူများအားလုံးကိုပါ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ကျနော့် မိတ်ဆွေ ကဗျာဆရာ နေဇော်နိုင်ရဲ့  စကားကို ငှားယူပြောရမယ်ဆိုရင်တော့ “ကျေးဇူးတင်ထိုက်သူတွေများလွန်းလို့ ညအိပ်ရင်တောင် ကျနော့်ခြေထောက်ကို ဘယ်နားထားအိပ်ရမှန်းတောင် မသိပါဘူး” ဟု ဦးညီညီလွင်က ရှင်းလင်းပြောကြားသည်။
အမာရီလိုမြို့ ၌ ဒီဇင်ဘာလ ( ၂၅ ) ရက်နေ့ က ဆီနှင်းမိုးများ ထူထပ်စွာ ရွာသန်းချခဲ့သော်လည်းမြို့ သူမြို့ သားများ နှင့် အသင်းသူ အသင်းသားများ တစ်ရာ ( ၁၀၀) ကျော်ခန့် က အမျိုးဘာသာ သာသနာအတွက် အားကြိုးမာန်တက် ပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။ အဆိုပါ အခမ်းအနားကို နေ့ လည် တစ် ( ၁ ) နာရီအချိန်မှစတင်ပြီး ညနေ လေး ( ၄) နာရီ အချိန်တွင် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းပြီးဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts