အတွေးအမြင်

တခွန်းချန်သာဓု (Ashin Kaung (Saffron Monk)

တခွန်းချန်သာဓု

အရှင်ကောင်း (ရွှေဝါရောင်)။ ဒီဇင်ဘာ ၂၇၊ ၂၀၁၂

တခုသောမင်းဘဝ၊ ရထားစွန်းနှင့် မုဆိုးမတစ်ဦး၏အိမ်ကို တိုက်မိရာ၊ အိမ်သစ်ယာသစ်ဖြင့် အစားပေးခဲ့ သော်ငြား စိတ်ကိုထိခိုက်စေ၊ သူတပါးသိုက်အုံကို ပျက်စီးစေသည့်ကံကြောင့် ငရဲကြီးစွာ လားရရှာသတဲ့။ ထိုသံဝေဂနှင့် တေမိမင်းအလောင်းလျာ မင်းပြုဖို့ရန် ထိတ်လန့်ကာ စကားမဆို၊ ဆွံ့အလိုနေခဲ့သည်တဲ့။

            သို့ဆိုလျှင် သူတပါးတို့၏ အိမ်များကိုဖျက်၊ ရွာများကိုဖယ်၊ ယာများကိုသိမ်း၊ တောင်များကိုဖြိုကာထင်တိုင်းမူကြသော မင်းများအဖို့မူ …။

            ခုတလော သည်အကြောင်းလေးကို မကြာခဏ တွေးနေမိသည်။ မင်းမပြုလိုလောက်အောင်ပင် ထိတ်လန့်သွားရှာသော အလောင်းတော်မြတ်၏အဖြစ်နှင့် မင်းပြုရန်၊ အာဏာမြဲရန် ထင်တိုင်းကြဲသူတို့၏ အဖြစ်ကို နှိုင်းယှဉ်နေမိသည်ကိုက မှားများနေရော့သလားလေ။

            ထိုအခါ … “မှန်စွာအပြီး၊ နောက်ပိုးစီးလျှက်၊ မြေကြီးမျိုရှောင်း၊ မိကျောင်းသစ်ကျား၊ ဖမ်းစားဘီလူး၊ ရေကူးလှေမှောက်၊ စိတ်နောက်သွေးအန်၊ စက်ပြန် မိုးကြိုး၊ ပြစ်ရှစ်မျိုးနှင့်” … စသည့် “မဃဒေဝ” က အပြစ်မဲ့သည့် သူတော်ကောင်းတွေကို ပြစ်မှားလျှင်ကျရောက်တတ်သည့် အပြစ်ရှစ်ပါး၊ ဒဏ်ဆယ်ပါး အပိုဒ်လေးကို တီးတိုးဆိုမိပြန်သည်။

            အမိမြေ လက်ပံတောင်းတောင်ဆီက ပေါက်ကွဲသံကြီးကို ကြားလိုက်မိပြန်သည်။ မီဒီယာကနေ ကမ္ဘာအနှံ့လွင့်စင်လာသော ရဟန်းရှင်မွန်တို့၏ ညည်းတွားသံများ၊ ဒကာပြည်သူတို့၏ တက်ခေါက်သံများ၊ မီးလောင်ကျွမ်းထားသော အရေပြားများ … ။

            လက်ရဲဇက်ရဲရှိလိုက်ကြပါဘိ၊ ကိုယ့်ပြည်သူ၊ ကိုယ့်ရှင်လူအပေါင်းကို ရန်သူထင်မှုက အရှိန်မပြေ သေးပြီထင့်။ ဘောက်မဲ့ကြောင့် “လက်လွန်ကျွန်ဖြစ်” ပြုကြပါလိမ့်။ တကယ်ဆို သည်အရေးတွေက တနေ့ တုံ့လှည့် ပြန်လာတတ်တာကလား။ ခုအိမ်နီးချင်း ထိုင်းနိုင်ငံမှာဆို ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဇ္ဇာရှီဝ  ရင်ဆိုင်နေရပြီ။

            အချို့ ဘာသာ၊ သာသနာကြည်ညိုသူတွေက “အပြစ်ရှစ်ပါး၊ ဒဏ်ဆယ်ပါး ဆိုသည့် ဥပါဒ်တို့သည် ဘာကြောင့်ယခုထိ ထိုသူတို့အပေါ် မကျနိုင်ရသေးတာလဲ” ကျိတ်ခဲမရ ဆိုလာကြသည်။ ကိုယ်မပြောနိုင်။ ပြောနိုင်တာ တခုတော့ရှိသည်။ “ဝိပါက” ဆိုတာ ရင့်ကျက်လာ၊ ရင့်မှည့်လာမှ ပေးတတ်သောအကျိုးသဘောကို ခေါ်ကြောင်း၊ သည်သဘောကိုမသိသောလူမိုက်တွေဟာ အကျိုးမပေးဘူးထင်ပြီး မကောင်းမှုတွေကို ချိုမြိန်စွာ ပြုတတ်ကြကြောင်း …။

            မေးလာသူတွေ ဘဝင်ကျ၊ မကျ မသိရပေမယ့် ကိုယ်ကတော့ ဘဝင်ကျအောင် မြင်ဖူးလှခဲ့ပြီ။

            ဆိုခဲ့ပြီးအပြစ်ဒဏ်တို့ တပြိုင်နက်တည်းမကျရောက်သည့်တိုင် ကမ္ဘာ့အလည် ယဉ်ကျေးသူတို့ နယ်ပယ်တွင် “မပြုအပ်သည်ကို ပြုရဲသူများ” အဖြစ် ကမ္ဗည်းမည်းကို ကိုယ်တိုင်ထိုးမိကြပေပြီမဟုတ်လား။ တွေးမိတိုင်းထိတ်ဖွယ်ပင်။

            နောက်ပြီး ခံရရှာသော ရဟန်းသံဃာတော်တို့သည်လည်း ဘာကိုယ်ကျိုးဘက်မှုမျှမပါ၊ ကျေးလက်နေတို့ဘဝ အနေယွင်းမှု၊ အမိမြေမြတ်နိုးခုံမင်မှုသက်သက်မျှနှင့် တနွယ်ငင်၍ တစင်ပါခြင်းသာ။

            ခြောက်ကျိပ်သော ရဟန်းတို့ကို သာသနာပြုစေတော်မူစဉ်က အဖမြတ်စွာ၏ “လောကာနု ကမ္ပါယ” လောကကို အစဉ်စောင့်ရှောက်ကြ ဆိုသည့် စကားတော်ကို နာခံခြင်းမျှသာ။

            မီးလောင်ဒဏ်တွေနှင့် သံဃာငယ်လေးတွေ၏ဘဝတွေကို မြင်ရတော့ ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင်ဖီ ဆန်ခဲ့သော ဆရာတော်ဦးဝိစာရကိုပင် ကံကောင်းလေစွဟု ဂုဏ်သိက္ခာမြင့်စွာ ရင်ဆိုင်ခွင့်ရခဲ့ပေစွဟု တွေးလိုက်မိသည်။

            “အေး … ဓမ္မိကမင်း … တရားရှိတဲ့မင်းများလက်ထက်မှာဆို သာသနာကို အသက်ပေးပြီး ကြည်ညိုတာပဲ၊ မင်းတုန်းမင်းကြီးဆို … ဗန်းမော်ဆရာတော်တို့၊ သင်္ဂဇာဆရာတော်တို့ စသည် ထေရ်ကြီးတွေနဲ့ တရင်းတနှီး ဆည်းကပ်တာပဲ”

            ဆိုသည့် လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး၏ စကားတော်ကို ပြန်ကြားယောင်မိပြန်သည်။ ဒါကလည်း မထေရ် ကြုံရသော ခေတ်ညံ့ကို မြည်တွန်တော်မူခြင်းပင်။ ခုခေတ်ထေရ်ကြီးများကဖြင့် နွေခေါင်ခေါင်တွင်ပင် နှာစေးနေကြယောင်ပင်။ အင်း … ခုအကြိမ်မှ မဟုတ်ပါဘူးလေ …။

            ဘာပဲဖြစ်ဖြစ်လေ၊ တော်ပေသေးသည်ဟုဆိုရပေမည်။ ရှေ့သို့လှမ်းအံ့ထင်ရသော နိုင်ငံကို နောက်သို့ ပြန်လှည့်မသွားစေရန် အားလုံးက ဝိုင်းကြ၊ ဝန်းကြပြီ။ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေပြီ။ ထိုအဖွဲ့ခေါင်းဆောင်က “လူတိုင်းတော့ သဘောကျဖြစ်ချင်မှဖြစ်မယ်၊ အမှန်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ဆောင်ရွက်မည်” တဲ့။

            ထို ကတိကဝတ်ကိုယုံကြည်သူ သံဃာထုနှင့် ပြည်သူကလည်း ဆန္ဒပြမှုကို ဆိုင်းငံ့ကြပြီ။ ဆေးရုံတွေမှာ ဒဏ်ရာရသူတွေကို ကုသပေးနေပြီ။ ဒါတင်မက သံဃာတော်များ၏တောင်းဆိုမှုအရ အစိုးရက ဝန်ချတောင်းပန်ခဲ့ပြီ။

            စစ်အစိုးရအဆက်ဆက် တိပိဋကဆရာတော်၊ အဘိဝံသဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မာစရိယ ငယ်၊ လတ်၊ ကြီး စသည် မဖမ်းဆီး၊ မနှိပ်စက်ဖူးသည့် သံဃာအမျိုးအစားမရှိခဲ့။ အကြိမ်ကြိမ် ပြစ်မှားခဲ့သော်ငြား၊ တကြိမ်မျှ ဝန်မချ၊ မတောင်းပန်ဖူးခဲ့။ သင်္ကန်းဝတ် ဒုဿီလများဟုပင် ဝါဒဖြန့်လိုက်သေး။

            ခု တကြိမ်တွင်မူ … ။

            မည်သို့ဆိုစေ … “အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူကကျွန်တော်” ဆိုသလိုတော့ မဖြစ်စေချင်။ ကန်တော့ဝန်ချသည်ဆိုရာဝယ် ပြစ်မှားသူကိုထားကာ ကိုယ်စားပြု၍ အပြစ်ကျေအံ့ရိုး မထင်သောကြောင့်ပင်။

            နောက်ပြီး အကြီးလေးဆုံး ပြစ်မှုကြီးကို ပြုမိမှားသော အဇာတသတ်မင်း၏ဝန်ချခန်းတွင် ဘုရားရှင်က

            “မင်းကြီး အကြင်သူသည် မိမိပြုမိသောအပြစ်ကို အပြစ်မှန်းသိ၏၊ ပညာရှိသူတော်ကောင်း တို့ထံ၌ ဝန်ခံ၏။ နောင် ဘယ်သောအခါမှ မပြုတော့ပါဟု စောင့်စည်း၏။ ဤအကျင့်သည် ထိုသူအတွက် ကြီးပွားတိုးတက်ကြောင်းပင်” ဟု မိန့်တော်မူခဲ့ပေသည်။

            သို့ဆိုလျှင် …                            သည်အရေးတွင် ပြုမိမှားကို

                                                            အစိုးရက ဝန်ခံခဲ့ပြီ၊

                                                            ကန်တော့ခဲ့ပြီ၊

                                                            နောင်အခါ ဘယ်တော့မှ မပြုတော့ပါဟု …

            သည်အဓိကကျသည့် စောင့်စည်းမှုတော့ ပါတန်ကောင်းပါရဲ့ ….။

အရှင်ကောင်း (ရွှေဝါရောင်)

20-12-2012

1း20 A.M  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တခွန်းချန်သာဓု (Ashin Kaung (Saffron Monk)
  1. စစ်ဝတ်လဲလူ့ ဗာလတို့ ….အပြစ်ကိုအပြစ်ရယ်လို့ မသိသေးတာလား ….သိရက်နဲ့  မိုက်လက်စမကုန်အောင် ဆက်မိုက်နေတာလား…အကုသိုလ်အကျိုးမပေးသေးလို့ အကုသိုလ်အလုပ်တွေအပေါ်ချိုမြိန်နေတုန်းဘဲလား ..

Comments are closed.