မိုးမခကို ပေးတဲ့စာ

ဟင်္သာတမြို့နယ်က ပြည်သူတွေရဲ့ အသံများ

ဟင်္သာတမြို့နယ်က ပြည်သူတွေရဲ့ အသံများ

ဟင်္သာက ပေးစာများ၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၂


လာဘ်စားသူ ဈေးခေါင်းကို ရာထူးပြန်ခန့်တဲ့ ဌေးဝင်းဈေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဌေးဝင်းဈေးရှိ ဈေးခေါင်း ဦးမြင့်ဦးသည် ဈေးသူဈေးသားများ၏ ဈေးအခွန်ငွေများ၊ အတိုးဖြင့်ချေးယူထားသော ငွေများစွာကို ရှင်းလင်းခြင်းမရှိပဲ အလွဲသုံးစားပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေပြီး စည်ပင်မှ အမှုဖွင့် အရေးယူထားသော်လည်း စည်ပင်ဗိုလ်ကြီးကို မည်သို့ လာပ်ထိုးလိုက်သည်မသိ၊ ယနေ့တွင်ပင် ဈေးခေါင်း အဖြစ် ပြန်လည်ချထားပေးကြောင်း သတင်းရရှိပါသည်။ ထို့ကြောင့် ဈေးသူဈေးသားများက အလွန်မကျေမနပ်ဖြစ်လျှက် ရှိကြပြီး ထိုသို့ အကျင့်ပျက်လာပ်စား၊ ငွေအလွဲသုံးစားပြုလုပ်သူအား ပြန်လည်မခန့်ထားသင့်ကြောင်း ဈေးသူဈေးသားများက တညီတညွတ်တည်း ပြောဆိုနေကြာကြောင်း သတင်းရရှိပါသည်။

ဆိုင်ကယ်စီးနင်းသူများကို မြွေအန္တရာယ် အာမခံကြေးကောက်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရာမှာ သူတစ်ပါးထိခိုက်နစ်နာတဲ့ အာမခံကြေးပေးသွင်းရတဲ့အခါ မြွေအန္တရာယ် အာမခံကြေး ကျပ် (၅၀၀) ကိုပါ တပါတည်း ပေးသွင်းနေရကြောင်း သတင်းရရှိပါတယ်။ ဆိုင်ကယ်စီနင်းသူတွေကို ဘာလို့ မြွေအန္တရာယ် အာမခံကြေးကောက်သလဲ ဆိုတာ နားမလည်နိုင်ကြောင်းပါ။

ဟင်္သာတ ဌေးဝင်းဈေးခေါင်း မှ ဈေးအတွင်း ဖြစ်ပေါ်ခဲ့သော လာပ်စားခြင်း အကြောင်းအရင်း

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဌေးဝင်းဈေးကြီး အတွင်းတွင် ဈေးခေါင်း ဦးမြင့်ဦး တာဝန်ထမ်းဆောင်ခဲ့စဉ် ဟင်္သာတမြို့၏ ဆည်မြောင်းတာတမံပေါ်တွင် ဈေးဆိုင်ခန်းများ နှင့် အခြားအဆောက်အဦးများ ဆောက်လုပ်ရောင်းချခဲ့ပါသည်။

ဟင်္သာတစည်ပင်မှ ဈေးအရာရှိ ဦးဝင်းအောင်သူ၊ စက်ဘီးလေလံဆွဲယူထားသော ဟင်္သာတစည်ပင်မှ ဒေါ်တင်မြ၀င်း၊ ဆည်မြောင်းတာတမံ တာဝန်ရှိသူတို့ နှင့် ဈေးခေါင်းဦးမြင့်ဦးက ပူးပေါင်း၍ ဆိုင်ခန်းတစ်ခန်းလျှင် ငွေ ဆယ်သိန်း ဖြင့် ရောင်းချကာ နိုင်ငံတော်သို့ မသွင်းပဲ ခွဲဝေယူခဲ့ကြကြောင်း သိရပါသည်။

ကြီးကြီးမားမား ဆောက်လုပ်ခဲ့သော ဆိုင်ခန်းများမှာ (၁)ဒေါ်ညွန့်တင် ငါးဒိုင်၊ (၂)စက်ဘီး၊ဆိုင်ကယ် အပ်ရာဌာန၊ (၃)ဦးသိန်းဌေး အထည်ဆိုင် မှာ အကြီးမားဆုံး အဆောက်အဦးများဖြစ်ကြောင်း တွေ့ရှိရပါသည်။

ရေခဲခွဲစက်များ၏ အသံကြောင့်လည်း `စက်တွေရဲ့အသံကြောင့် ကျွန်မတို့ ဈေးရောင်းရတာ အဆင်မပြေပါဘူး၊ ကျွန်မတို့ တစ်သက်လုံး ဒါမျိုးစက်သံတွေ မကြားဖူးဘူး၊ ရေနံဆီနဲ့မောင်းတဲ့ စက်တွေဆိုတော့ မီးဘေးလည်း အလွန်စိုးရိမ်ရတာပေါ့၊ ကျွန်မတို့မှာ ရှိသမျှငွေလေးနဲ့ ရင်းပြီး ရောင်းရတာ၊ ကျွန်မတို့ဘက်လည်း နဲနဲလောက် ပြန်ကြည့်စေလိုပါတယ်´ ဟု ဈေးရောင်းချသူတစ်ဦးက ရင်ဖွင့်ပါတယ်။ 

ယခုအခါ ဈေးသူဈေးသားများ၏ ဆိုင်အမည်လွဲပြောင်းခငွေ၊ ရုံးငွေ သိန်း(၇၀)ခန့်အား ဈေးခေါင်း ဦးမြင့်ဦးက လိမ်လည်၍ ထွက်ပြေးတိမ်းရှောင်နေရာမှ ပြန်လည်ရောက်ရှိလာသည် ဟု လည်း သိရပါတယ်။ သူပြန်လည်ရောက်ရှိလာချိန်မှာ မြို့နယ်စည်ပင်မှ အရေးမယူတဲ့အပြင် သူ့ကိုပဲ ဈေးခေါင်းအဖြစ် ပြန်လည် ခန့်ထားမည် ဟု ကြားသိနေရသောကြောင့် ဈေးသူဈေးသားများ မှာ မကျေမနပ်ဖြစ်လျှက် ရှိကြပြီး သက်ဆိုင်ရာမှ သေချာစိစစ်ပေးစေလိုကြောင်း သတင်းရရှိပါသည်။

အင်္ဂပူမြို့နယ်က အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲများ မတရား

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ မှာ မြို့ပေါ်(၃)ရပ်ကွက်စလုံး အုပ်ချုပ်ရေးမှုး ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ သတင်းရရှိပါသည်။  မသိနားမလည်တဲ့ ပြည်သူတွေ အပေါ် မတရားလုပ်မှုတွေ ပါဝင်နေတယ်လို့ ကြားသိရပါတယ်။ လက်ရှိအာဏာပိုင်တွေရဲ့ ရွေးချယ်ထားတဲ့သူများကိုပဲ မဲပေးရွေးချယ်စေခဲ့တယ်လို့ ဆိုပါတယ်။

 မြို့ပေါ်သြဇာရှိသူ ခရိုနီခေတ်ပျက်သဌေးများ ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ လက်ကိုင်တုတ်လက်ပါးစေများ မှ မိမိတို့ သြဇာခံမည့်သူများကို ရွေးချယ်တင်မြောက်ရန် ဆောင်ရွက်ခဲ့တယ်လို့ ကြားသိရပါတယ်။

ဟင်္သာတပြည်သူ့ဆေးရုံ မှာ ဆေးရုံခါ

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က ဟင်္သာတပြည်သူ့ဆေးရုံမှာ ဆေးရုံခါနေတယ် လို့ သတင်းရရှိပါတယ်။ `ဆေးရုံခါတယ် တဲ့´။ ဆေးရုံမှာ အရှင်းမပျောက်သေးပဲ သက်သာအောင် နေနေရဦးမယ့် လူနာတွေကို ဆေးရုံကနေ ဆင်းခိုင်းနေတယ်လို့ သိရပါတယ်။

မနေ့က အိပ်ဆေးသောက် သေကြောင်းကြံတဲ့ မိန်းကလေးကိုတောင် ဆင်းခိုင်းလိုက်တယ် လို့ ကြားရပါတယ်။ နောက် ပြဿနာဖြစ်နိုင်တယ်လို့ ယူဆတဲ့ လူနာတွေကိုလဲ ဆင်းခိုင်းတယ် လို့ သတင်းရရှိပါတယ်။ အဘယ်သို့သော အကြောင်းကြောင့်ပါလိမ့် … … ဆိုတာမသိပါဘူးလို့  လူနာရှင်တွေက သိချင်နေကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts